News

POST TYPE

EDITORIAL

ရခိုင်ပဋိပက္ခအတွက် ဒီပလိုမေစီ
ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရခိုင်ပြည်နယ်မှ မွတ်ဆလင်များ အကြမ်းဖက်ခံရမှု ဓာတ်ပုံများဟုဆိုကာ အခြားနိုင်ငံများမှ ရုပ်ပုံများအား ကမ္ဘာ့အလျင်မြန်ဆုံး လူမှုကွန်ရက်ဖြစ်သည့် တွတ်တာ (Twitter) အား အသုံးပြုဖြန့်ဝေခဲ့သည့် တူရကီနိုင်ငံ ဒုတိယဝန်ကြီးချုပ်၏လုပ်ရပ်အား ဖော်ထုတ်လိုက်နိုင်ခြင်းသည် အမှန်စင်စစ်အားဖြင့် မြန်မာတို့၏ ကြီးမားသော အောင်မြင်မှုတစ်ခုဖြစ်သည်။

လွန်ခဲ့သောနှစ်အနည်းငယ်ကလည်း နိုင်ဂျီးရီးယားနိုင်ငံ၌ ဖြစ်ပွားခဲ့သော မီးလောင်မှု ရုပ်ပုံများအား မောင်တောမှ မွတ်ဆလင်ကျေးရွာများ မီးရှို့ခံရသည့် ရုပ်ပုံများအဖြစ်လည်းကောင်း၊ တရုတ်နိုင်ငံ မြေငလျင်ဘေးကြောင့် သေဆုံးရသူများ၏ အတုံးအရုံး ရုပ်အလောင်းများအား မောင်တောဒေသမှ မွတ်ဆလင်များ၏ ရုပ်အလောင်းများအဖြစ်လည်းကောင်း၊ ရန်ကုန် မင်္ဂလာတောင်ညွှန့်မြို့နယ် မေတ္တာမွန်ရပ်ကွက် ကုန်လှောင်ရုံများ မီးလောင်မှု ရုပ်ပုံများအား မောင်တောဒေသမှ ရုပ်ပုံများအဖြစ်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထွက်ခွာလာသော စက်လှေစီးလုံးပြည့် ဒုက္ခသည်များအား မြန်မာနိုင်ငံမှ ထွက်ခွာလာသူများအဖြစ်လည်းကောင်း စသဖြင့် အမျိုးမျိုး ပုံဖော်ကာ ကမ္ဘာသို့တင်ပြဖို့ ကြိုးပမ်းခဲ့ကြသော်လည်း နောက်ဆုံး၌ အမှန်တရားမှာ ဘူးပေါ်သလို ပေါ်ခဲ့ရသည်။ နည်းပညာ တိုးတက်နေသောခေတ်၌ ဖေ့စ်ဘွတ်ခ်၊ တွတ်တာကဲ့သို့ လျင်မြန်စွာ ဖြန့်ဝေပေးနိုင်သော ဆိုရှယ်မီဒီယာများ ထွန်းကားနေသကဲ့သို့ တစ်ဖက်၌လည်း လုပ်ကြံဓာတ်ပုံများအား မည်သည့်နေရာ၌ မည်သည့်အချိန်က မည်သည့်ကင်မရာ အမျိုးအစားဖြင့် ရိုက်ကူးခဲ့သည်ကို ဆန်းစစ်ဖော်ထုတ်နိုင်သည့် နည်းပညာများလည်း အပြည့်အစုံ ရှိနေပြီဖြစ်သည်။

သေချာသည်မှာ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ၌ ဖြစ်ပွားနေသော အခြေအနေများအား တစ်ဆိတ်ကို တစ်အိတ်လုပ်ကာ ပုံကြီးချဲ့ ဖြန့်ဝေခြင်း၊ မဟုတ်မမှန် လုပ်ကြံ ဖြန့်ဝေခြင်းများ၌ ယခု တူရကီ ဒုတိယဝန်ကြီးချုပ်သည် ပထမဆုံး ကျူးလွန်သော ပုဂ္ဂိုလ်မဟုတ် ဆိုခြင်းပင်ဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် ဖြန့်ဝေမှုကြောင့်သာ ဖြစ်ရပ်အချို့အား ခြေရာခံဖော်ထုတ်မိခြင်း ဖြစ်သော်လည်း ကမ္ဘာ့မွတ်ဆလင်နိုင်ငံအများစု၌ အသုံးပြု နေသော အာရဗီအပါအဝင် အခြားသော ဘာသာရပ်ပေါင်း များစွာဖြင့် ဖြန့်ဝေမှုများလည်း ရှိနိုင်သဖြင့် အားလုံးကို ခြေရာခံဖော်ထုတ်ရန်မှာမူ မလွယ်ကူနိုင်ပေ။

ယခု ၂၀၁၇ ခုနှစ်၌ ရခိုင်ဒေသ၌ ဖြစ်ပွားသော အကြမ်းဖက်မှုအထိ ဆိုးဝါးလာသော ပဋိပက္ခမှာ မြန်မာတို့အတွက် ဝမ်းနည်းကြေကွဲဖွယ် ကောင်းလှသော်လည်း ကံကောင်းသော အားသာချက်တစ်ခုမှာ ပြည်ပ အဖွဲ့အစည်းများ၏ ခြေထိုးမှု၊ လုပ်ကြံသတင်းဖြန့်ဝေမှု၊ တွစ်တာကဲ့သို့ အလျင်မြန်ဆုံး လူမှုကွန်ရက်များဖြင့် ကမ္ဘာအား ဖြန့်ချိနေမှုများအား ယခင်ကထက် ထဲထဲဝင်ဝင် ပိုမိုသိမြင်လာကြခြင်းဖြစ်သည်။ မဟုတ်မမှန် သတင်းများအား ဖြန့်ချိနေသည့် နိုင်ငံခြားသား အချို့အား အင်္ဂလိပ်ဘာသာဖြင့်ပင် လိုက်လံတုံ့ပြန်ရှင်းပြနိုင်သည့်အဆင့်အထိ မြန်မာများ တိုးတက်လုပ်ဆောင်လာနိုင်ကြခြင်းမှာ ခေတ်အမီဆုံး ဒီပလိုမေစီ နည်းနာကျင့်သုံးနိုင်မှု ဥပမာတစ်ခုဖြစ်သည်။ လက်ဆယ်ချောင်း မပြည့်သော နိုင်ငံခြားသား အချို့မှ ရခိုင်အရေးအား မွတ်ဆလင်နိုင်ငံ ၅၇ နိုင်ငံ ပါဝင်ဖွဲ့စည်းထားသော အိုအိုင်စီနိုင်ငံများ၊ အမေရိကန်နှင့် အီးယူနိုင်ငံများ သိရှိအောင် လုပ်ဆောင်နေကြခြင်းဖြစ်သည်ကို ဆိုရှယ်မီဒီယာ အသုံးပြုသည့် မြန်မာများ တွင်တွင်ကျယ်ကျယ် သိရှိလာကြသည်။ စင်စစ်၌ မြန်မာနိုင်ငံ၌ ပေါ်ပေါက်နေသည့် အခြေအနေမှန်များအား မလေးရှား၊ အင်ဒိုနီးရှား စသည့် ဒေသတွင်းနိုင်ငံများပင် ဂဃနဏ မသိရှိနိုင်ခဲ့လျှင် နိုင်ဂျီးရီးယား၊ လက်ဘနွန်၊ ယေမင်၊ ပါလက်စတိုင်း စသည့် အခြားသော ဝေးကွာလှမ်းသော အရပ်ဒေသရှိ အိုအိုင်စီနိုင်ငံများ အနေနှင့် သိရှိရန် ပို၍ပင် မလွယ်ကူလှပါ။ အဆိုပါ နိုင်ငံများအနေနှင့် တွတ်တာ၊ ဖေ့စ်ဘွတ်ခ်တို့မှ တူရကီ ဒုတိယဝန်ကြီးချုပ်ကဲ့သို့ လုပ်ကြံပုံကြီးချဲ့ ဖြန့်ဝေသူများကြောင့်သာ မြန်မာနိုင်ငံအစိုးရအား စိတ်နာသည့်လေသံများဖြင့် သံယောင်လိုက် ပြစ်တင် ပြောဆိုနေကြခြင်းဖြစ်သည်။

နောက်ထပ် အရေးကြီးသည့် အချက်တစ်ခုမှာ နိုင်ငံခြားသတင်း မီဒီယာများမှ တင်ပြဖြန့်ချိမှုများကြောင့် ရခိုင်ပဋိပက္ခမှာ ကမ္ဘာသို့ ပိုမိုပျံ့နှံ့သွားခဲ့ရပြီးနောက်၊ မြန်မာလူမျိုးတို့၏ပုံရိပ်၊ ဗုဒ္ဓဘာသာပုံရိပ် ထိခိုက်ညှိုးနွမ်း ရခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်အား လေ့လာ သုံးသပ်ကြည့်ပါက ရခိုင်ပဋိပက္ခစတင်ခဲ့သည့် သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်မှ ယနေ့အထိတိုင် အစိုးရအနေနှင့် မီဒီယာ ဒီပလိုမေစီအား ထိရောက်စွာ အသုံးမပြုနိုင်ခြင်း အားနည်းချက်ကြောင့်ဟု ဆိုနိုင်သည်။ အဆိုပါ နိုင်ငံခြားသတင်း မီဒီယာ အများစုသည် မောင်တောဒေသ၌ နေထိုင်သော လူများစုသည် ရခိုင်တိုင်းရင်းသားများလော၊ မွတ်ဆလင်များလောပင် တိတိကျကျ သိသူများ မဟုတ်ကြပေ။ သို့သော် ရခိုင်ဒေသ မိုးမီးလောင်နေသည့် သတင်းများအား ကမ္ဘာသို့ ဆွဲဆောင် တင်ပြနိုင်ရေးမှာ အဓိက မက်လုံးဖြစ်သည်။ အခြား အလှူရှင်ဝင်ငွေဖြင့် ရပ်တည်ရသော နိုင်ငံခြားအဖွဲ့အစည်း အချို့၏ ရပ်တည်ချက်မှာလည်း ထို့နည်း၎င်းပင်။ ရန်ပုံငွေ၊ အလှူငွေ များများရရှိရေးသာ အဓိကဖြစ်ပြီး မြန်မာပြည် မျက်ဖြူဆိုက်လေ၊ ယင်းတို့အလုပ် ပိုတွင်ကျယ်လေသာ ဖြစ်သည်။ အဖွဲ့အစည်း အားလုံးကိုတော့ ဝါးလုံးရှည်ဖြင့် သိမ်းကျုံးမဆိုလိုပါ။

အမှန်စင်စစ်၌ ရခိုင်ပဋိပက္ခအား ရေးသားမည့် သတင်းထောက်များ၊ လူ့အခွင့်အရေး အခြေအနေများအား လေ့လာမည့်သူများ အနေနှင့် စစ်တွေမြို့လောက်အထိသာ သွားရောက်ကာ ရေးသားရုံဖြင့် အခြေအနေမှန် မသိနိုင်ပါ။ ဘူးသီးတောင်၊ မောင်တောအထိ သွားရောက်နိုင်ပါမှ အခြေအနေမှန်များအား အကဲခတ် သိရှိလာနိုင်မည်ဖြစ်သည်။ သို့ဖြစ်ရာ ရန်ကုန်မြို့မှသော်လည်းကောင်း၊ ပြည်ပနိုင်ငံတစ်ခုခုမှသော်လည်းကောင်း ရှုပ်ထွေးလှသော ရခိုင်ပြည်နယ် ပြဿနာများအား ချဉ်းကပ် ရေးသားမည်ဆိုပါက ဖြစ်ရပ်မှန်များနှင့် ပို၍တက်တက်စင် အလှမ်းဝေးသွားမည်သာ ဖြစ်သည်။ သို့ကြောင့် သတင်းမီဒီယာများအား မြေပြင် အခြေအနေများအား သွားရောက် လေ့လာနိုင်စေရန် တွင်တွင်ကျယ်ကျယ် လမ်းဖွင့်ပေးခြင်းအားဖြင့် ဖြစ်ရပ်မှန်၊ အခြေအနေမှန်များအား အစိုးရကိုယ်တိုင်၊ တပ်မတော်ကိုယ်တိုင် ဝင်ရောက် ရှင်းပြနေရန် မလိုအပ်တော့ပေ။ နိုင်ငံတကာအမြင်၌ အစိုးရနှင့် အစိုးရကိုယ်စားပြု အဖွဲ့အစည်းများ၏ သတင်းထုတ်ပြန် ရှင်းလင်းချက်များအား သဘာဝအားဖြင့် ဝါဒဖြန့်ချိရေး (Propaganda) ဟုသာ သဘောထားပြီး ယုံကြည်မှု နည်းပါးလေ့ရှိကြသောကြောင့် အစိုးရအနေနှင့် မီဒီယာ ဒီပလိုမေစီအား နားလည်စွာဖြင့် ပုဂ္ဂလိက မီဒီယာများအား လမ်းဖွင့်ကျင့် သုံးခြင်းအားဖြင့် များစွာထိရောက် အကျိုးရှိနိုင်သည်။ သေချာသည်မှာ ရခိုင်ပဋိပက္ခအား တပ်မတော် (သို့) အစိုးရ၏ ကြိုးပမ်းမှုသက်သက်ဖြင့် နိုင်ငံတကာ နားလည်ကျေနပ်အောင် ဖြေရှင်း၍ မရနိုင်ဆိုသည်ကို နားလည် သဘောပေါက်ရန်ဖြစ်သည်။၂၀၁၂ ခုနှစ် ရခိုင် ပဋိပက္ခဖြစ်စဉ်များအတွင်း ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦးစသည့် ရခိုင်ပြည်နယ် တစ်နံတစ်လျားသို့ အကြိမ်ကြိမ် လှည့်လည် သွားရောက်လေ့လာခွင့်ကြုံခဲ့သည်။ မှတ်မှတ်ရရ ဖြစ်ရပ်တစ်ခုမှာ စစ်တွေမြို့ပြင် တစ်နေရာရှိ စစ်တွေတက္ကသိုလ်အနီး ဘုမေရပ်ကွက်နှင့် မဝေးကွာလှသော ရခိုင်ကျေးရွာလေးနှင့် မွတ်ဆလင် ကျေးရွာလေးအကြောင်း ဖြစ်သည်။ ထိုရွာလေးနှစ်ရွာမှာ နှစ်ပေါင်းများစွာ တစ်ရွာနှင့်တရွာ အမှီသဟဲပြု နေထိုင်ခဲ့ရသည်။ ရခိုင်ကျေးရွာ၌ သောက်ရေတွင်းရှိသောကြောင့် မွတ်ဆလင်ရွာလေးမှ နေထိုင်သူများက ရခိုင်ကျေးရွာ၌ ရေသွားငင်လေ့ ရှိကြသည်။ မွတ်ဆလင်ကျေးရွာ၌ ဈေးရှိသောကြောင့် ရခိုင်ရွာ၌ နေထိုင်သူများက ဈေးသွားဝယ်လေ့ ရှိကြသည်။ ပဋိပက္ခများ ဖြစ်ပွားသောအခါ တစ်ဖက်နှင့်တစ်ဖက် သံသယများကြောင့် မွတ်ဆလင်ရွာလည်း ရေငတ်ရသလို၊ ရခိုင်ရွာလည်း ဈေးမဝယ်နိုင်ကာ စားစရာမရှိ အခက်ကြုံရလေတော့သည်။ စစ်တွေမြို့ ဈေးကြီးထဲ၌လည်း အလားတူပင်။ ပဋိပက္ခများကြောင့် မွတ်ဆလင်ဆိုင်ခန်းများ ပိတ်ထားသည်။ ဈေးကြီးထဲ၌ ရခိုင်ဈေးသည် အမျိုးသမီး၏နံဘေး၌ နှစ်ပေါင်း များစွာအတူရှိသော မွတ်ဆလင်ဈေးသည် အမျိုးသမီးမှာ ဆိုင်လာမထွက်နိုင်တော့။ သူတို့ကြားမှာ တစ်နည်းနည်းဖြင့် သံယောဇဉ် ငြိတွယ်မှု ရှိနေခဲ့ကြသည်။ လူမျိုးမတူ၊ ဘာသာမတူညီသော်လည်း တစ်နည်းနည်းဖြင့် အတူယှဉ်တွဲ နေထိုင်ခဲ့ကြသည်။ ပဋိပက္ခများ ဖြစ်ပြီးနောက် စစ်တွေမြို့၌ အောက်ခြေသိမ်း အလုပ်လုပ်သော မွတ်ဆလင်များ ထွက်ပြေးသွားသဖြင့် ဆိုက်ကားနင်းသူ၊ ငါးရွေးသူများပင် မရှိတော့သောကြောင့် အခက်ကြုံရသူများမှာ ရခိုင်များသာဖြစ်သည်။ ယင်းကဲ့သို့ ရခိုင်ပြည်နယ်၌ မတူညီသော လူမှုအသိုင်းအဝိုင်းနှစ်ခုအကြား နှစ်ပေါင်းများစွာ အပြန်အလှန် အမှီသဟဲပြု နေခဲ့ကြသည့် ဖြစ်ရပ်များမှာ ပြည်နယ် တစ်နံတစ်လျားတွင် အခိုင်အမာရှိခဲ့သည်။ ယနေ့ ရခိုင်ခေါင်းဆောင်အချို့ပင် ငယ်ရွယ်စဉ်က ကျောင်းနေဖက် မွတ်ဆလင်မိတ်ဆွေ ငယ်သူငယ်ချင်းများနှင့် လည်ပင်းဖက်ကာ အတူတကွ ကြီးပြင်းလာခဲ့ကြသူများ ဖြစ်သည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း မောင်တောမှ မွတ်ဆလင်အကြမ်း ဖက်သမားများကို မွတ်ဆလင် ကျေးရွာသားများ ကိုယ်တိုင် ဖမ်းဆီးပေးသည့်သတင်းမှာ မင်္ဂလာရှိလှသည်။ ဒေသခံရွာသားများ ကိုယ်တိုင် အကြမ်းဖက်မှုအား ဆန့်ကျင်ကြောင်း လက်တွေ့ပြသလိုက်သည့် လုပ်ရပ်ဖြစ်သည်။ ပြည်မမှ မွတ်ဆလင် အများစုသည်လည်း ချီးကျူးဖို့ကောင်းသည်။ အနေအထိုင် တတ်ကြသည်။ ရခိုင်ပြဿနာ ပြည်မသို့ ယနေ့အထိ ကူးစက်မလာအောင် ပြည်မရှိ မွတ်ဆလင်များ အထူး သတိထား ဆင်ခြင်နေထိုင်သည်မှာ အသိအမှတ်ပြုစရာ ဖြစ်သည်။

အမှန်စင်စစ် ရခိုင်ပဋိပက္ခမှာ သွေးရိုးသားရိုးဆိုပါက ယခုလောက်အထိ ကမ္ဘာသိ ကျယ်ပြန့်သွားစရာ မရှိ။ ခြေထိုးသူများကြောင့်သာ အပြစ်မဲ့ဒေသခံ မွတ်ဆလင်များရော၊ ရခိုင်နှင့် အခြားတိုင်းရင်းသားများပါ ကိုယ်ကျိုး နည်းနေကြရသည်။ ယုံကြည်မှု ပျက်ပြားသွားခဲ့ရသည်။ ယင်းခြေထိုး လုပ်ကြံမှုများအား ရခိုင်ခေါင်းဆောင် အချို့က ပြည်ပမှ လှုပ်ရှားလာသော Islamization (အစ္စလာမ္မစ် နိုင်ငံတော် ထူထောင်ရန် ရည်ရွယ်လှုပ်ရှားမှု) ဟု ခေါင်းစဉ်တပ်ကြသည်။ ရိုဟင်ဂျာ အမည်သုံးကာ ရခိုင်နယ်မြေအား သိမ်းပိုက်မည်ကို စိုးရိမ်နေကြသည်။ မည်သို့ပင်ဆိုစေ သေချာသည်မှာ အပြစ်မဲ့ ဒေသခံမွတ်ဆလင်အများစုမှာ ပညာမတတ်ကြပေ၊ ဆင်ခြင်တုံ တရားနည်းပါးလွန်းကြသည်။ ဆင်းရဲကျပ်တည်းလွန်းသဖြင့် အားကိုးထွက်ပေါက်ရှာနေကြသည်။ သူတို့အား စည်းရုံးသိမ်းသွင်းရ လွယ်ကူသည်။ မက်လုံးအမျိုးမျိုးတို့ကြောင့် သူတို့ကိုယ်သူတို့ ဘင်္ဂါလီလို့ သိထားကြသူများသည်ပင် ရိုဟင်ဂျာ ဇာတ်သွင်းလာသောအခါ မသိနားမလည်မှု များစွာတို့ကြောင့်ပင် လက်ခံလိုက်ကြသည်။ အများစုမှာ နောက်ကွယ်က အာဂျန်ဒါ အစီအစဉ်များအား ဂဃနဏ နားလည်သိရှိသူများ မဟုတ်ကြ။ အသုံးချခံများ သက်သက်သာ ဖြစ်သည်။ အစိုးရ၏ နောက်ထပ် အားနည်းချက်တစ်ခုမှာ အာဏာပိုင်များနှင့်နီးစပ်သော မွတ်ဆလင်ကျေးရွာခေါင်းဆောင် ဆယ်အိမ်မှူး ရာအိမ်မှူးများ တဖြုတ်ဖြုတ် သတ်ဖြတ်ခံနေရမှုများအား အကာအကွယ် မပေးနိုင်ခဲ့ခြင်းဖြစ်ပြီး၊ ယင်းအခြေအနေများကြောင့် ပြင်ပ အကြမ်းဖက်သမားများ အနေနှင့် အကြောက်တရား လွှမ်းမိုးနေသော ဒေသခံများအား အလွယ်တကူ စည်းရုံးထိုးဖောက်လာနိုင်ခဲ့ခြင်းဖြစ်သည်။

ထိုအချက်များအား နားလည် သဘောပေါက်ပါက ရခိုင်များ အပါအဝင် မြန်မာအများစုအနေနှင့် ကမ္ဘာ့မီဒီယာများ၊ အဖွဲ့အစည်းများအား အမုန်းဖြင့်၊ စိတ်ခံစားမှုဖြင့် တုံ့ပြန်မှု နည်းပါးလာမည်ဖြစ်ပြီး ဒီပလိုမေစီနည်းဖြင့် မည်သို့ကျော်လွှား အနိုင်ယူမည်ဆိုသည်ကို ပရော်ဖက်ရှင်နယ်ကျကျ ဆင်ခြင်စဉ်းစား တုံ့ပြန်လာနိုင်ပေမည်။ အနိမ့်ဆုံးအဆင့် တွစ်တာ၊ ဖေ့စ်ဘွတ်ခ်မှ မဟုတ်မမှန်လုပ်ကြံ သတင်းဓာတ်ပုံဖြန့်ဝေနေသူများအား ကမ္ဘာက နားလည်သော ဘာသာရပ်ဖြင့် ဖြစ်စဉ်အမှန်များအား တုံ့ပြန် ရှင်းပြလာနိုင်မည်ဖြစ်သည်။ ထိုမှတစ်ဆင့် နိုင်ငံတကာအဆင့် ဆွေးနွေးပွဲများသို့ တက်ရောက် ရှင်းပြသည့်နည်းများ၊ ဩဇာရှိ နိုင်ငံတကာ စာစောင်များတွင် ရေးသားခြင်း၊ ဖြစ်ရပ်မှန် သတင်းများအား ကမ္ဘာကသိရန် ကမ္ဘာသိ ဘာသာစကားဖြင့် စဉ်ဆက်မပြတ် ဖြန့်ဝေခြင်းစသည့် မီဒီယာ ဒီပလိုမေစီ နည်းနာများ ရွေးချယ်ကျင့်သုံး တုံ့ပြန်ရန်ဖြစ်သည်။ တစ်ဖက်မှလည်း ဒေသခံများအကြား ယုံကြည်မှု ပြန်လည် တည်ဆောက်နိုင်ဖို့ အရေးကြီးသည်။ ဒေသခံလူ့အဖွဲ့အစည်းများအကြား နားလည်မှုနှင့် ညီညွတ်မှုရှိလာပါက ပြည်ပ အမှောင့်ပယောဂများ ဝင်ရောက်ဖို့ မလွယ်ကူတော့ပေ။ ပညာမတတ်သူများအား ပညာသင်ပေးခြင်း၊ ဘဝရပ်တည်ရ ခက်ခဲသူများအား တည့်မတ်ပေးခြင်းဖြင့် ပြဿနာအား ကုစားနိုင်သည်။ လဲနေသူအား ထူပေးခြင်းဖြင့် မိမိဘက်သို့ပါအောင် စည်းရုံးဆွဲဆောင်နိုင်မည်ဖြစ်သည်။ သို့မဟုတ်ပဲ အမုန်းတရား ဒေါသ၊ အာဃာတနည်းလမ်းများ ကျင့်သုံးမိပါက အဆုံးမရှိသော ကြေကွဲစရာဖြစ်ရပ်များဖြင့်သာ နိဂုံးချုပ်ရပေလိမ့်မည်။

အချုပ်အားဖြင့်ဆိုရသော် ရခိုင်ဒေသ ငြိမ်းချမ်းရေးသည် ဒေသ၌ နေထိုင်သော ရခိုင်နှင့် မွတ်ဆလင်များ သင့်တင့်စွာ ပြန်လည်နေထိုင်နိုင်မှသာ ကမ္ဘာက ကျေနပ်လက်ခံနိုင်မည်ဖြစ်သည်။ ယင်းအခြေအနေသို့ အမြန်ဆုံး ရောက်နိုင်လေ၊ နိုင်ငံအတွက် အကျိုးရှိလေ ဖြစ်သည်။ ကမ္ဘာက မကျေနပ်သေးသရွေ့ မြန်မာနိုင်ငံ၏ကိစ္စသည် ရခိုင်အရေးနှင့်ပင် တစ်ချိန်လုံးနပန်းလုံးနေရဖွယ်ရှိပြီး၊ တန်ဖိုးရှိသော နိုင်ငံတည်ဆောက်ရေးဘက်သို့ ဦးလှည့်နိုင်ဖို့ မလွယ်ကူတော့သည့် အခြေအနေတစ်ခုသို့ ဆိုက်ရောက်သွားနိုင်သည်။ အရေးကြီးဆုံးမှာ ပူလောင်မှုဒေါသ၊ အမုန်းတရားတို့ဖြင့် အဆင်အခြင်မဲ့စွာ မတုံ့ပြန်မိစေရေးဖြစ်သည်။ ကမ္ဘာမှကြည့်ပါက ရခိုင်အရေးသည် မြန်မာနိုင်ငံအရေးဖြစ်သလို၊ နိုင်ငံ၏ပုံရိပ် ဗုဒ္ဓဘာသာ၏ပုံရိပ်လည်း ဖြစ်နေသည်။ ဗုဒ္ဓ၏ငြိမ်းချမ်းအေးမြသော မေတ္တာတရားအောက်၌ နေထိုင်ကြသည့် မြန်မာအများစုအနေနှင့် လိမ္မာပါးနပ်သော ဒီပလိုမေစီနည်းဖြင့် အမြော်အမြင်ရှိရှိ တုံ့ပြန်ဆောင်ရွက်နိုင်မှသာ လက်ရှိကြုံတွေ့နေရသော ပဋိပက္ခများ၊ အခက်အခဲများအား ကျော်လွန်လွတ်မြောက်စေနိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။

ကေတူးအေ