News

POST TYPE

EDITORIAL

အားနာတာ ကောင်းသလား၊ ဘယ်လို အားမနာရင် ကောင်းမလဲ (Daily, Vol-5/No-129)
09-Sep-2017 tagged as

ကျွန်တော်တို့ မြန်မာလူမှုပတ်ဝန်းကျင်မှာ အားနာတယ်ဆိုတဲ့ အသုံးအနှုန်း နေရာတော်တော်များများမှာ သုံးနေကြတယ်။ အားနာတယ်ဆိုတာ တစ်စုံတစ်ရာ ကိစ္စရပ်တစ်ခုခု လုပ်ဖို့၊ ပြောဖို့အတွက် တစ်ဖက်သား စိတ်အနှောင့်အယှက် ဖြစ်သွားမှာ၊ အခက်အခဲဖြစ်သွားမှာ ဒါမှမဟုတ် ကိုယ့်ကို အထင်လွဲသွားမှာစိုးတဲ့အတွက် မလုပ်၊ မပြောတော့ဘဲ ဒီအတိုင်း ထားလိုက်တာမျိုးလို့ ပြောရမယ်။

အကောင်းဘက်က ကြည့်ရင်တော့ အားနာတယ်ဆိုတာ ကိုယ့်လိုဘထက် တစ်ဖက်သားအကျိုးကို ပိုကြည့်တဲ့ သဘောမျိုး ဖြစ်တဲ့အတွက် စိတ်ကောင်း၊ နှလုံးကောင်း ရှိတယ်လို့ ဆိုရမယ်။ အားနာလို့ မပြော၊ မဆို၊ မလုပ်လိုက်တဲ့အတွက် လူမှုဆက်ဆံရေး အဖုအထစ် မဖြစ်တော့တဲ့ ဥပမာတွေလည်း အများကြီး ရှိတာကိုး။

ဒါပေမဲ့ တချို့ကိစ္စတွေမှာကျ တစ်ဖက်သားကို အားနာလို့ ထိန်းလိုက်ရင် ကိုယ့်ဘက်မှာ နစ်နာသွားတာမျိုးတွေလည်း ရှိတယ်။ ပြောရရင် မြန်မာလူမှု ပတ်ဝန်းကျင်မှာ အများစုက အားနာတဲ့စိတ်ကြောင့် ပြောသင့်၊ ပြောထိုက်၊ လုပ်သင့်၊ လုပ်ထိုက်တာတွေ တုံ့ဆိုင်း၊ နှုတ်ပိတ်သွားတဲ့အတွက် မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ မွေးမြူပေးလိုက်သလို ဖြစ်သွားတာကို တော်တော်များများ သတိမပြုမိကြဘူး။

နောက်တစ်ခုက လတ်တလော ဖြေရှင်းရမယ့် ပြဿနာ အသေးလေး တစ်ခုကို အားနာမှုနဲ့ ရှောင်လွှဲလိုက်တဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ အပ်နဲ့ ထွင်းရမယ့်ပြဿနာ ပုဆိန်နဲ့ ထွင်း ဆိုသလို ပြဿနာ သိပ်ကြီးသွားမှ မနိုင့်ထစ်အဲ ဖြေရှင်းရတာမျိုး ဖြစ်သွားတတ်တာလည်း ရှိတယ်။

အားနာတယ်ဆိုတာ တကယ်တမ်း မထောက်မညှာ ဆန်းစစ်သုံးသပ်ကြည့်ရင် ရေတိုမှာတော့ ဟုတ်သလိုလို ရှိပေမယ့် ရေရှည်မှာတော့ အဆင်မပြေတာတွေ များတဲ့အတွက် ပြင်သင့်ပြီလို့ ပြောရမယ်။

သေချာ ပြန်သုံးသပ်ကြည့်လိုက်ရင် ကျွန်တော်တို့တစ်တွေ ကိုယ်ရသင့်၊ ရထိုက်တဲ့ အခွင့်အရေး၊ ခံစားခွင့်ကို စောဒကတက်၊ တောင်းဆိုရမယ့် အရေးကိစ္စတွေမှာပါ အားနာပြီး တုဏှိဘာဝေ လုပ်ခဲ့တဲ့အတွက် ဆုံးရှုံး၊ နစ်နာမှုတွေ ဘယ်လောက်များခဲ့ပြီလဲ။ သေချာ စဉ်းစားကြည့်သင့်တယ်။

တစ်ဖက်မှာလည်း အားမနာတာနဲ့ တစ်ဖက်သားကို မလေးမစား လုပ်တာ၊ ရိုင်းပျစော်ကားတာ မတူဘူးဆိုတာ သတိပြုမိဖို့ လိုမယ်။ အားနာမနေဘဲ လုပ်သင့်တာ လုပ်၊ ပြောသင့်တာ ပြောဆိုပေမယ့် လူမှုဆက်ဆံရေး ပျက်ပြားသွားစေနိုင်လောက်အောင် အားမနာ၊ လျှာမကျိုး ဖြစ်မသွားအောင်တော့ သတိထားရမှာပေါ့။

လွဲချော်နေတယ်လို့ ပြောရမလား၊ အစမ်းသပ်ခံနေရတယ်လို့ ဆိုရမလား ပြောရခက်တဲ့ မြန်မာ့ပညာရေး မူဝါဒနဲ့ အကောင်အထည် ဖော်ပုံတွေက အများနဲ့ ကွဲလွဲတဲ့ ဒါမှမဟုတ် တစ်ဖက်သားရဲ့ အယူအဆနဲ့ မတူညီတဲ့ ကိုယ့်ထင်မြင်ယူဆချက်ကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောရဲ၊ ဆိုဝံ့အောင် လေ့ကျင့်သင်ကြားပေးတဲ့ စနစ်မဟုတ်ဘူး။

အဲလို ကွဲလွဲတဲ့ အယူအဆ၊ အမြင်ရှုထောင့်ကို ထုတ်ပြောတဲ့အခါမှာလည်း တစ်ဖက်က သဘောမတူပေမယ့် လက်ခံသွားအောင် ပညာသားပါပါ၊ ပါးပါးနပ်နပ်၊ စကားလုံးကြွယ်ကြွယ် ပြောတတ်တဲ့ အတတ်ပညာနဲ့လည်း မယဉ်ပါးခဲ့ကြဘူး။

ဆိုးတဲ့အချက်က ဖြတ်သန်းလာတဲ့ စနစ်ဆိုးတွေ၊ ဟုတ်နိုးကောင်းနိုး အိုင်ဒီအိုလော်ဂျီ စံနှုန်းအလွဲတွေကြောင့် အစွန်းရောက်ဆန်တဲ့ တုံ့ပြန်ရန်ထောင်မှုတွေပဲ အတွေ့ရများတယ်။ တခြားမကြည့်နဲ့ ဒီနေ့ မြန်မာအများစု ဘဝတစ်ခုလို ယုံမှတ် ပုံအပ်ပြီး အသုံးများနေတဲ့ အွန်လိုင်း လူမှုရေး ကွန်ရက်ပေါ်ကိုပဲကြည့်။ ပြဿနာ တစ်ခုခုဆိုရင် ဆန့်ကျင်၊ ထောက်ခံတဲ့ ဘက်နှစ်ဖက်ကနေ အမှန်၊ အမှားကိစ္စကိုပဲ လွန်ကဲတဲ့ စိတ်ခံစားချက်တွေနဲ့ ဆဲရေးတိုင်းထွာပြီး ငြင်းခုံ ရန်ဖြစ်နေကြတာ များတယ်။

အဲဒီပြဿနာကို ဘယ်လို နည်းလမ်းမျိုးနဲ့ ဖြေရှင်းလိုက်ရင် နှစ်ဖက်စလုံးအတွက် ရှည့်လည်းလျှောက်သာ ပျားလည်း စွဲသာဖြစ်သွားမယ်ဆိုတဲ့ ရှုထောင့်မျိုးနဲ့ ပြောဆို ဆွေးနွေးတဲ့သူ သိပ်နည်းလွန်းတယ်။ အကျိုးဆက်က ပြဿနာတွေက သာမန် အသေးအဖွဲ အခြေအနေကနေ အင်မတန် ကြီးမားတဲ့ ပြဿနာကြီးတွေအဖြစ် တစ်မုဟုတ်ချင်း ရောက်ရောက်သွားတော့တာပဲ။
တကယ်တော့ မြန်မာလူမှုအဖွဲ့အစည်းကို အရှိအတိုင်း မြင်ကြည့်လိုက်ရင် အားနာလွန်းတာရယ်၊ ကိုယ်နဲ့မတူရင် ရန်သူသဖွယ်၊ ရိုင်းရိုင်းပျပျ ဆဲဆို၊ စော်ကား ပုတ်ခတ်တာမျိုးရယ် ဝင်ရိုးစွန်းဆန်တဲ့ စရိုက်နှစ်မျိုး အတွေ့ရများနေတယ်။ 

အဲဒီအခြေအနေကို ပြင်နိုင်ဖို့ဆိုရင် မြန်မာ့ယဉ်ကျေးမှု၊ ရိုးရာဓလေ့၊ ကျင့်ဝတ်၊ စံနှုန်းတွေရယ်၊ ခေတ်သစ် လူ့အဖွဲ့အစည်းနဲ့ အံဝင်စေမယ့် လူထု ဆက်ဆံရေး အတတ်ပညာတွေရယ် ပေါင်းစပ်သင်ကြားပေးနိုင်တဲ့ ပညာရေးမျိုးနဲ့ မျိုးဆက်သစ်တွေကို ပြုစုပျိုးထောင်ပေးရမယ်။

ဒါကို ပိုရှင်းရှင်းလင်းလင်း နားလည်အောင် ပြောရရင် မတူညီတဲ့ သဘောထားအမြင်တွေ ရှိတတ်တဲ့သဘောကို လက်ခံနားလည်ပေးတတ်အောင်၊ သဘော မတူတာရှိရင်လည်း ယဉ်ယဉ်ကျေးကျေး၊ လူကြီးလူကောင်းဆန်ဆန်၊ ပညာသားပါပါ၊ လိမ်လိမ်မာမာ၊ ပါးပါးနပ်နပ် တုံ့ပြန်တတ်အောင် အခုကစပြီး လေ့ကျင့်သင်ကြားဖို့ လိုမယ်ဆိုတာ ပြောလိုရင်းပါ။

အယ်ဒီတာ(၉-၉-၂၀၁၇)

  • TAGS