News

POST TYPE

EDITORIAL

ရှားဘုရင် အုတ်ဂူသို့ သွားရောက်၍ အိန္ဒိယဝန်ကြီးချုပ် မိုဒီ ဂါရဝပြု ဆုတောင်း
08-Sep-2017 tagged as မြန်မာ အိန္ဒိယ

ရန်ကုန်၊ စက်တင်ဘာ ၇

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး အလည်အပတ်ခရီး ရောက်ရှိလာခဲ့သည့် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီသည် စက်တင်ဘာလ ၇ ရက်နေ့၌ ရွှေတိဂုံစေတီတော်ကို သွားရောက်ဖူးမြော်ခဲ့ပြီးနောက် ရွှေတိဂုံစေတီ အရှေ့ဘက်မုခ်ရှိ ရှားဘုရင်၏ အုတ်ဂူသို့ ဆက်လက်သွားရောက်ကာ ဝန်ကြီးချုပ်မိုဒီက ဂါရဝပြု ဆုတောင်းသွားခဲ့သည်။

ဝန်ကြီးချုပ် မိုဒီသည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် သုံးရက်ကြာ ခရီးစဉ်၏ နောက်ဆုံးနေ့တွင် ရွှေတိဂုံစေတီတော်ကို သွားရောက်ဖူးမြော်ခြင်းနှင့် ရှားဘုရင်၏ အုတ်ဂူကို သွားရောက်ဂါရဝပြု  ဆုတောင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ရှားဘုရင်၏ အုတ်ဂူထက်တွင် ပန်းများကို ကြဲဖြန့်ကာ ဝန်ကြီးချုပ် မိုဒီက ဆုတောင်းပေးသွားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်မိုဒီသည် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု အမွေအနှစ် အထိမ်းအမှတ်ဖြစ်သည့် ရွှေတိဂုံစေတီတော်မြတ်ကြီးကို သွားရောက်ဖူးမြော်ခွင့် ရရှိခဲ့သည့်အတွက် ၎င်းအနေနှင့် လွန်စွာ ကျေနပ်ဝမ်းသာ ဖြစ်ခဲ့ရပါကြောင်း တွစ်တာလူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖော်ပြသွားခဲ့ပြီး ယင်းနောက်တွင် အာဇာနည်ဗိမာန်နှင့် လေဟာပြင်ဈေးအနီးရှိ ကာလီဘာရီ ဟိန္ဒူဘုရားရှိခိုးကျောင်းတို့ထံသို့ ဝန်ကြီးချုပ်မိုဒီက ဆက်လက်သွားရောက်ခဲ့သေးသည်။

ရှားဘုရင်သည် ဗြိတိသျှနယ်ချဲ့တို့က အိန္ဒိယနိုင်ငံကို သိမ်းပိုက်လိုက်အပြီးတွင် ၁၈၅၇ ခုနှစ်၌ ရန်ကုန်မြို့သို့ ပါတော်မူလာခဲ့ခြင်း ဖြစ်ပြီး ၁၈၆၂ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ရှားဘုရင်က နတ်ရွာစံခဲ့ခြင်း ဖြစ်သည်။ ရှားဘုရင်သည် ကံတော်ကုန်ချိန်တွင် သက်တော် ၈၇ နှစ်အရွယ် ရှိနေခဲ့ပြီ ဖြစ်သည်။

ဝန်ကြီးချုပ် မိုဒီသည် ယင်းနောက်တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ သွားရောက်လေ့လာခဲ့ပြီး ၎င်းကို ဗိုလ်ချုပ်ပြတိုက်၏ နေရာအနှံ့သို့ လိုက်လံပြသ၍ ရှင်းပြခဲ့သော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အားလည်း ကျေးဇူးအထူးတင်ရှိပါကြောင်းလည်း ဝန်ကြီးချုပ်မိုဒီက ၎င်း၏ တွစ်တာစာမျက်နှာတွင် ရေးသားထားသည်။

ဝန်ကြီးချုပ်မိုဒီသည် လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့၌ ပုဂံယဉ်ကျေးမှုနယ်မြေသို့ သွားရောက်လည်ပတ်၍ အာနန္ဒာဘုရားကို ဝင်ရောက်ဖူးမြော်ခဲ့သေးသည်။

နရင်ဒရာမိုဒီသည် မြန်မာနိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ်အဖြစ် စက်တင်ဘာလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ သုံးရက်ကြာ လာရောက်ခဲ့ရာ စက်တင်ဘာလ ၅ ရက်နေ့ ညပိုင်းတွင် ရောက်ရှိခဲ့ခြင်း ဖြစ်ပြီး နိုင်ငံတော်သမ္မတက သမ္မတ အိမ်တော်တွင် ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ သည်။

ယင်းနောက် စက်တင်ဘာလ ၆ ရက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ ဆက်ဆံရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြပြီး နားလည်မှု စာချွန်လွှာများလည်း ချုပ်ဆိုခဲ့သည်။

စက်တင်ဘာလ ၆ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် မိုဒီက အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံသားများအတွက် ဗီဇာကင်းလွတ်ခွင့်များ ပြုလုပ်ပေးရန်၊ အိန္ဒိယ အကျဉ်းထောင်များ အတွင်းရှိ မြန်မာအကျဉ်းသားများကို လွှတ်ပေးရန်နှင့် အိန္ဒိယနိုင်ငံ အနေနှင့် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သတ်၍ မြန်မာနိုင်ငံဘက်မှ ရပ်တည်ပေးသွားမည် ဖြစ်ကြောင်း ကတိပြု ပြောကြားခဲ့သည်။

J-08