News

POST TYPE

EDITORIAL

Restrain ဟူသော စကား၏ အဓိပ္ပာယ် (Daily, Vol-5/No-128)
07-Sep-2017 tagged as

နိုင်ငံတကာတွင်ဖြစ်ပေါ်နေသော နယ်နိမိတ်ဆိုင်ရာ တင်းမာမှုများ၊ စစ်မက်ဖြစ်ပွားစေနိုင်သည့် ပြဿနာများ အပါအဝင် ပဋိပက္ခ အသီးသီးတို့ကို ပြေလည်အောင် ဝိုင်းဝန်းကြိုးပမ်းကြရာ၌ Restrain ဟူသည့် စကားလုံးကို သက်ဆိုင်ရာ နိုင်ငံရေး၊ လူမျိုးရေးနှင့် ဘာသာရေး ခေါင်းဆောင်များက အထူးတလည် သုံးစွဲလေ့ရှိကြပါသည်။ လတ်တလော ကမ္ဘာ့ဆူပါ ပါဝါနိုင်ငံများ၏ အမျက်ဒေါသများကို တစ်ပွေ့တစ်ပိုက်ကြီးရယူနေသည့် မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယား ပြဿနာနှင့် ကိုရီးယားကျွန်းဆွယ် တင်းမာမှုကြီးတွင်လည်း သက်ဆိုင်သူများ အနေနှင့် Restrain လုပ်ကြရန် ကမ္ဘာ့ခေါင်းဆောင်များက ဝိုင်းဝန်း တိုက်တွန်းကြသည်ကို တွေ့မြင်ရပါသည်။ 

Restrain ဟူသော ဝေါဟာရအတွက် အဘိဓာန် အဓိပ္ပာယ်ဖွင့်ချက်တွင် “Prevent (Someone or Something) from doing something; keep under control or within limits” ဟု ဆိုထားပေသည်။ လူတစ်ဦးတစ်ယောက်၊ လူစုတစ်စု သို့မဟုတ် အရာတစ်ခုအနေနှင့် တစ်စုံတစ်ခု လုပ်၍မရနိုင်အောင် ကာကွယ် ဟန့်တားပေးခြင်း၊ ထိန်းထိန်းသိမ်းသိမ်းဖြစ်အောင် ပြုမူနေထိုင်ခြင်း၊ ယင်းသို့ နေထိုင်စေခြင်းဟု ယေဘုယျ ဆိုနိုင်ပေသည်။ ပြဿနာတစ်ခု၊ ပဋိပက္ခတစ်ခုတွင်း ရောက်နေသည့် အခြေအနေအရဆိုပါက “ပြဿနာမဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်း နေကြရမည်”ဟု ဆိုလိုရင်းဖြစ်သည်။ 

သို့အတွက်ကြောင့် တရုတ်-အိန္ဒိယ နယ်စပ်ဒေသက နယ်နိမိတ်ပိုင်ဆိုင်မှု အငြင်းပွားချိန်တွင် ယင်းဒေသမှ နယ်စပ်ဒေသစောင့် တပ်ဖွဲ့ဝင်များ အချင်းချင်း အပြန်အလှန် ပစ်ခတ်ခဲ့ကြစဉ် အခြား နိုင်ငံခေါင်းဆောင်များက သက်ဆိုင်သူများကို Restrain လုပ်ကြရန် တိုက်တွန်းခဲ့ကြသလို တစ်ကမ္ဘာလုံးက ဘာပြောပြော တင်းမာမှုများ ပိုဖြစ်အောင် ဇွတ်တရွတ် လုပ်တတ်သည့် ကင်ဂျုံအန်း၏ ကွန်မြူနစ် အစိုးရကိုလည်း ကုလသမဂ္ဂ အကြီးအကဲ အပါအဝင် အခြားခေါင်းဆောင်များက Restrain လုပ်ရန် ဖျောင်းဖျခဲ့ကြခြင်းဖြစ်သည်။ ကမ္ဘာပေါ်တွင် ဖြစ်ပေါ်ခဲ့သော လူမျိုးရေးနှင့် ဘာသာရေး ပဋိပက္ခများ သာမက ယင်းနှင့်ဆက်နွှယ်သည့် စစ်မက်ကြီးများကို ကြည့်မည်ဆိုလျှင်လည်း တစ်ဖက်နှင့်တစ်ဖက် Restrain မလုပ်နိုင်ခဲ့သလို သက်ဆိုင်ရာ လူမျိုးရေးနှင့် ဘာသာရေး ခေါင်းဆောင်များက နောက်လိုက်များကို Restrain လုပ်နိုင်အောင် ဟောပြောဆုံးမနိုင်ခြင်း မရှိခဲ့ကြောင့်သာ လူ့အသက်ပေါင်း များစွာ ဆုံးရှုံးခဲ့ကြရပြီး ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်ခဲ့ကြရခြင်း ဖြစ်ပေသည်။ 

သို့သော် Restrain ဟူသည် ပြဿနာ သို့မဟုတ် ပဋိပက္ခ မဖြစ်ပေါ်အောင် အောင့်အည်းထိန်းချုပ်သည့်သဘောကို ဆိုလိုပြီး ဘာဖြစ်ဖြစ် ခေါင်းငုံ့ခံမည် ဟူသော သဘောမျိုး မဟုတ်သည်ကို အထူး သတိပြုရပေမည်။ ဖြစ်ပြီးသော ပြဿနာမျိုး ထပ်မဖြစ်လာစေရန်၊ ဖြစ်နေသော ပြဿနာ ပိုမို မကြီးထွားစေရန်နှင့် ဖြစ်လာနိုင်ခြေရှိသော ပြဿနာများ မဖြစ်ရန် သက်ဆိုင်သူများက ထိန်းထိန်းသိမ်းသိမ်း နေကြရမည်သဘောကိုသာ ဆိုလိုပေသည်။ တစ်နည်းဆိုပါက အာဃာတတရား (ရန်ငြိုးများ)ထားရှိကာ လက်စားချေမှုမျိုး မလုပ်ဘဲ မိမိနှင့် သက်ဆိုင်သော တရားဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ကျင့်ဝတ် စသည့် စည်းဘောင်ထဲတွင် ထိန်းထိန်းသိမ်းသိမ်း နေထိုင်ခြင်းမျိုး ဖြစ်ပေသည်။

လက်ရှိ မြန်မာ့လူ့အဖွဲ့အစည်းတွင် ရခိုင်ကိစ္စနှင့် ပတ်သက်ဆက်စပ်၍ တောက်လောင်ခဲ့သော၊ တောက်လောင်နေသော၊ တောက်လောင်ဖွယ်ရှိသော မီးတောက်မီးလျှံများကြောင့် မြန်မာနိုင်ငံသား အတော်များများ စိတ်နှလုံး မချမ်းမြေ့နိုင် ဖြစ်နေကြရသည်မှာ အားလုံးအသိပင် ဖြစ်ပါသည်။ “အိုးပူလျှင် စလောင်းပူ”၊ “အိမ်ရှေ့ပူ အိမ်နောက်ဖေးမချမ်းသာ”စသည့် မြန်မာ့ဆိုရိုးအတိုင်းပင် အနောက်တံခါး အဖောက်ခံရရုံမက ယင်းတံခါးနားက နယ်မြေဒေသတွင် နေထိုင်သူများ အကြမ်းဖက် တိုက်ခိုက်ခံရခြင်းမှာ အခြားဒေသများပါ တိုက်ခိုက်ခံရသည့် သဘောမျိုးသို့ သက်ရောက်ခဲ့ပေသည်။ သို့သော်လည်း အနာသိလျှင် ဆေးရှိရမည်ဟူသော စကားအတိုင်း ယင်းပြဿနာအတွက် အဖြေကို သက်ဆိုင်သူများက သတိကြီးစွာ ကြိုးပမ်းရှာဖွေနေချိန်တွင် မိမိတို့က ပြဿနာ ပိုမိုမကြီးထွားစေရန် Restrain လုပ်လိုသော စိတ်သဘောထားဖြင့် ထိန်းထိန်းသိမ်းသိမ်း နေကြရမည်ဖြစ်ကြောင်း ဖော်ပြလိုရင်း ဖြစ်ပေသည်။

အယ်ဒီတာ (၇-၉-၂၀၁၇)

  • TAGS