News

POST TYPE

EDITORIAL

ကျပ် ၁၀ဝ ဘီလီယံသုံး၍ ပဲစင်းငုံနှင့် မတ်ပဲ တန်ချိန်သုံးသိန်း ဝယ်မည်

ရန်ကုန်၊ စက်တင်ဘာ ၅

ပဲစင်းငုံနှင့် မတ်ပဲကို လက်ရှိဖြစ်ပေါ်နေသည့်ဈေးအောက် ထပ်မံ မကျဆင်းစေရန်အတွက် သတ်မှတ်ဈေးနှုန်း တစ်ခုထားရှိ၍ အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်းကာ ကျပ် ၁၀ဝ ဘီလီယံ အသုံးပြု၍ ပဲစင်းငုံနှင့် မတ်ပဲ တန်ချိန် သုံးသိန်း ဝယ်ယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းထံမှ သိရသည်။ 

“အစိုးရဆီကို ကျပ် ၅၀ ဘီလီယံကို အခု စာတင်တောင်းထားတယ်။ ကျွန်တော်တို့ကတော့ ဝယ်ဖို့ အဆင်သင့်ဖြစ်နေပြီ။ ဒီနေ့ပဲ ကျပ် ၅၀ ဘီလီယံက ပြည့်သွားပြီ။ လုပ်ငန်းရှင် ၄၀ လောက် ရှိမယ်။ အချိုးကျ ထည့်ကြတာပေါ့။ ကျွန်တော်တို့က အမြတ် မလိုပါဘူး။ ဒီလို ဝယ်တယ်ဆိုတာက ဈေးနှုန်း ထိန်းနိုင်အောင် ဝယ်တာပါ”ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းဥက္ကဋ္ဌ ဦးထွန်းလွင်က ပြောကြားသည်။

အဆိုပါ တန်ချိန် သုံးသိန်းကို အစိုးရဘက်က ကျပ်ဘီလီယံ ၅၀ နှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များဘက်က ကျပ်ဘီလီယံ ၅၀ စိုက်ထုတ်၍ စုစုပေါင်း ကျပ်ဘီလီယံ ၁၀ဝ အသုံးပြု၍ ဝယ်ယူမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်များက ထည့်ဝင်ရမည့် ကျပ်ဘီလီယံ ၅၀ ကို ပဲနှမ်းအသင်းက ဖွဲ့စည်းထားသည့် မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီနှင့် ပဲလုပ်ငန်းရှင်များက အချိုးကျ ထည့်ဝင်ခဲ့ကြခြင်းဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။

ပဲစင်းငုံတစ်တန်လျှင် ကျပ် လေးသိန်းနှုန်း၊ မတ်ပဲတစ်တန်လျှင် ကျပ် ငါးသိန်းနှုန်းဖြင့် သတ်မှတ်၍ ဝယ်ယူမည်ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံက ပဲတင်သွင်းခွင့် ကန့်သတ်လိုက်သည့် ဩဂုတ်လ အတွင်းက မတ်ပဲ တစ်တန်လျှင် ကျပ်ရှစ်သိန်းခန့်မှ ကျပ်ငါးသိန်း နှစ်သောင်းခန့်အထိ ဈေးကျသွားရာမှ ယခုအခါ ကျပ်ငါးသိန်း ကိုးသောင်းခန့်အထိ ဈေးပြန်တက်လာပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းထံမှ သိရသည်။

စက်တင်ဘာလ ၅ ရက်နေ့က ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ ကုန်သည်စက်မှု အသင်းချုပ်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ၂၀၁၇ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သော ပဲမျိုးစုံတင်ပို့မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အထူးလုပ်ငန်းအဖွဲ့၏ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ပြီး ပဲဈေးကွက်နှင့်ပတ်သက်၍ ရှေ့ဆက် ဆောင်ရွက်မည့် ကိစ္စများ ဆွေးနွေးခဲ့ကြသည်။ 

အိန္ဒိယနိုင်ငံအပြင် အခြားနိုင်ငံများကိုလည်း ပဲတင်ပို့မှု ဈေးကွက်ရရှိရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး အကျဉ်းထောင်၊ စစ်တပ်နှင့်၊ ရဲဌာနများအပြင် ဟိုတယ်များတွင်လည်း ပြည်တွင်းပဲစားသုံးမှု မြင့်တက်လာစေရန်အတွက် အသိပညာပေးမှုများနှင့် ပြပွဲများ၊ ပဲစားပွဲတော်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတိုးအောင်မြင့်က အဆိုပါ အစည်းအဝေးတွင် ပြောကြားသည်။

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် စက်တင်ဘာ ၅ ရက်မှ ၇ ရက်နေ့အထိ သုံးရက်ကြာခရီးစဉ် လာရောက်နေစဉ်အတွင်း အိန္ဒိယနိုင်ငံက ကန့်သတ်လိုက်သည့် ပဲတင်သွင်းခွင့်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခွင့်နှင့် ပဲတင်သွင်းခွင့်များ ပြန်လည်ရရှိရန် ကြိုးပမ်းသွားမည်ဟုလည်း ပဲကုန်သည်များက ပြောကြားထားသည်။

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်သည် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ရရှိစေရန် လာရောက်ခြင်းဖြစ်ပြီး ပဲကိစ္စညှိနှိုင်းရန် လာရောက်ခြင်း မဟုတ်သောကြောင့် ပဲကုန်သည်များအနေနှင့် ပဲလောကတွင်ဖြစ်နေသည့် ကိစ္စရပ်အားလုံးကို ဆွေးနွေးနိုင်မည် မဟုတ်ဘဲ အများကြီး မျှော်လင့်မထားသင့်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ပြောဆိုသည်။

J-11