News

POST TYPE

EDITORIAL

ပရော်ဖက်ရှင်နယ် ပီသကြလျှင် (Daily, Vol-5/No-125)
04-Sep-2017 tagged as

သတင်းမီဒီယာအချို့နှင့် လူပုဂ္ဂိုလ်အချို့အပေါ် တပ်မတော်က တရားစွဲဆိုထားသော အမှုများကို ကျေအေးရုပ်သိမ်းပေးလိုက်ကြောင်း တပ်မတော်၏ ထုတ်ပြန်ကြေညာချက်သည် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ရှေးရှုသည့်လုပ်ရပ်အဖြစ် အသိအမှတ်ပြု ကြိုဆိုအပ်ပေသည်။

ယင်းကြေညာချက်တွင် တပ်မတော်နှင့် သတင်းမီဒီယာများသည် ရည်ရွယ်ချက် တူညီစွာဖြင့် နိုင်ငံနှင့် ပြည်သူအကျိုးကို အတူတကွ သယ်ပိုးထမ်းဆောင်မှုအား အသိအမှတ်ပြုပြီး နိုင်ငံတော်နှင့် ပြည်သူများ၏ အမျိုးသား အကျိုးစီးပွားကို ဆက်လက်၍အတူ လက်တွဲ ဆောင်ရွက်နိုင်ရန်အလို့ငှာ ယခင်က ဖြစ်ပျက်ခဲ့မှုများအား သင်ပုန်းချေ၍ အမှုများကို ကျေအေးရုပ်သိမ်းပေးခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

မပြေလည်မှု၊ အထင်အမြင် လွဲမှားမှုများရှိပါက မျက်နှာချင်းဆိုင် တွေ့ဆုံဖြေရှင်းခြင်း၊ ကြားခံအဖွဲ့အစည်း အကူအညီဖြင့် ဆွေးနွေးညှိနှိုင်းခြင်းကဲ့သို့သော နည်းလမ်းများအစား တရားစွဲဆိုခြင်း နည်းလမ်းကို အသုံးပြုခြင်းသည် နှစ်ဖက်အကြား နားလည်မှု ပိုလွဲသွားစေနိုင်သည့်အပြင် အခန့်မသင့်ပါက ရန်လို အမုန်းပွားသည်အထိ ဖြစ်သွားတတ်ပေသည်။ 

ပါဝါအမာပေါ်တွင် အားပြုထားသည့်အပြင် အတိတ်သမိုင်းကြောင်းတစ်လျှောက် မည်သည့်အခါတွင်မျှ အလျှော့ပေး ကျေအေးသည့်ထုံးစံမရှိခဲ့ဖူးသော တပ်မတော်က ယခုကဲ့သို့ တစ်ဖက်သတ် ရုပ်သိမ်းကြောင်း ကြေညာချက်မှာ အထူးအံ့အားသင့်စရာလည်း ဖြစ်သွားခဲ့သည်။ 

ရခိုင်ပြည်နယ်တွင် ကြုံတွေ့နေရသော အခြေအနေများနှင့်ပတ်သက်၍ ပြည်တွင်းမီဒီယာများ၏ ရပ်တည်ချက်ကို အသိအမှတ်ပြုသည့်အနေနှင့် သို့မဟုတ် ပြည်တွင်း မီဒီယာများ၏ ထောက်ခံရပ်တည်မှုကို ခိုင်မာစွာ ရရှိရန် အလို့ငှာ တပ်မတော်က သတင်းမီဒီယာများနှင့် ဆက်ဆံရေး ပြန်လည် ကောင်းမွန်စေရန် ဆောင်ရွက်ချက် တစ်ရပ်အဖြစ် သုံးသပ်မှုများလည်း ရှိသည်။

မည်သို့ပင်ဖြစ်စေ တပ်မတော်၏ အဆိုပါ ကြေညာချက်သည် နိုင်ငံတစ်ခုအတွက် အထူးသဖြင့် ဒီမိုကရေစီနိုင်ငံ တစ်ခုအဖြစ် အကောင်အထည်ဖော်နေသော နိုင်ငံတစ်ခုအတွက် မရှိမဖြစ် အင်စတီကျူးရှင်းများ ဖြစ်ကြသည့် တပ်မတော်နှင့် သတင်းမီဒီယာများအကြား ယခင်ကရှိနေခဲ့သော အကျိတ်အခဲများ အတိုင်းအတာတစ်ခုအထိ ကျေလည်သွားစေခဲ့သည်။ 

သက်ဆိုင်ရာ နယ်ပယ်အလိုက် နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုး တာဝန်ထမ်းဆောင်နေကြသော အင်စတီကျူးရှင်း နှစ်ခုအကြား ကျေလည်မှု၊ နားလည်မှုရှိသည့်အဆင့်မှ အမျိုးသား အကျိုးစီးပွားကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်သည့်အဆင့်အထိ ရောက်ရှိရန်မှာ အနာဂတ် ဒီမိုကရေစီနိုင်ငံတစ်ခုနှင့် လိုက်လျောညီထွေဖြစ်သော နှစ်ဖက်စလုံး၏ ပရော်ဖက်ရှင်နယ် ပီသမှုတို့အပေါ်တွင် မူတည်သည်။

ဆိုလိုသည်မှာ တပ်တော်သည် ဒီမိုကရေစီ စံနှုန်းများနှင့် ယဉ်ပါးနားလည်ပြီး ပရော်ဖက်ရှင်နယ် ပီသသော တပ်မတော်ဖြစ်ပြီး သတင်းမီဒီယာသည် ကျင့်ဝတ်စံနှုန်းများကို လေးစားလိုက်နာကာ စတုတ္ထမဏ္ဍိုင်နေရာနှင့် ထိုက်တန်သော ပရော်ဖက်ရှင်နယ် သတင်းမီဒီယာများ ဖြစ်နေပါလျှင် မည်သည့်အရေးကိစ္စမဆို ပူးပေါင်း ဆောင်ရွက်ရေး စိုးရိမ်ပူပန်ဖွယ်ရာ မရှိဟု ဖော်ပြလိုရင်းဖြစ်သည်။

အယ်ဒီတာ (၄-၉-၂၀၁၇)

  • TAGS