News

POST TYPE

EDITORIAL

ကျွန်စာမဟုတ်တော့တဲ့ အင်္ဂလိပ်စာ (Daily, Vol-5/No-123)
02-Sep-2017 tagged as

လွန်ခဲ့တဲ့ ၁၀ နှစ်ခန့် (၂၀ဝ၅-၂၀ဝ၆)က The Voice အနေနဲ့ မြန်မာပြည်မှာ ခေတ်သစ် အသုံးလုံးလို့ခေါ်တဲ့ အင်္ဂလိပ်စာ၊ အင်တာနက်နဲ့ အီးမေးလ် ကျွမ်းကျင်သူများ များပြားရန် အင်မတန် လိုအပ်တယ်လို့ ဆောင်းပါး အမျိုးမျိုးနဲ့ ဖော်ပြတိုက်တွန်းခဲ့ဖူးတာကို The Voice အမြဲမပြတ် ဖတ်ရှုခဲ့ကြတဲ့ စာဖတ်ပရိသတ်တွေ မှတ်မိကြမယ်လို့ ထင်ပါတယ်။

အထူးသဖြင့် လူငယ်တွေအနေနဲ့ အဲဒီအသုံးလုံးကို ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျင်တတ်မြောက်ထားမှု မရှိခဲ့လျှင် နောက်ထပ် အဆင့်မြင့်တဲ့ ပညာရပ်တွေ လေ့လာရာမှာလည်းကောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းကသူတွေနဲ့ ပူးပေါင်းပြီး အလုပ်လုပ်တဲ့နေရာမှာလည်းကောင်း အများကြီး နောက်ကောက်ကျနိုင်တဲ့အတွက်ကြောင့် အလေးအနက်ထား တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

ယခု လွတ်လပ်ပွင့်လင်းလာတဲ့ခေတ်မှာ အင်္ဂလိပ်စာ တတ်မြောက်ကျွမ်းကျင်တဲ့လူငယ်တွေ များပြားလာတာကို တွေ့ရသလို အင်တာနက်နဲ့ အီးမေးလ် မသုံးတတ်တဲ့ လူငယ်ဆိုတာ မရှိသလောက် ဖြစ်လာတော့ အဲဒီကိစ္စကို ထွေထွေထူးထူး တိုက်တွန်းနေစရာ မလိုတော့ဘူးလို့ပဲ ထင်မြင်မိပါတယ်။ တချို့ဆိုရင် အင်္ဂလိပ်စာနဲ့ အင်္ဂလိပ် ဘာသာစကား သာမကဘဲ နိုင်ငံခြား ဘာသာစကားတွေ ဖြစ်တဲ့ ပြင်သစ်၊ ဂျာမန်၊ အီတလီ၊ တရုတ်၊ ကိုရီးယား၊ ဂျပန် စတဲ့ဘာသာတွေကိုပါ တစိုက်မတ်မတ် လေ့လာနေကြပြီဖြစ်ပါတယ်။

တခြားနိုင်ငံတွေမှာလည်း အဲဒီလိုပါပဲ။ အခြေခံပညာ အထက်တန်းကတည်းက နိုင်ငံခြားဘာသာစကားကို မဖြစ်မနေ လေ့လာဆည်းပူးခွင့်ရအောင် ပညာရေးစနစ်တွေကို ပြုပြင်ထားကြပြီပဲ ဖြစ်ပါတယ်။ အင်္ဂလိပ်စာဆိုတာ အခြေခံအားဖြင့် မဖြစ်မနေ တတ်မြောက်ထားရမယ့် နိုင်ငံတကာသုံး ဘာသာစကားအဖြစ် အားလုံးက လက်ခံလာကြလို့ပဲ ဖြစ်ပါတယ်။

ကမ္ဘာမှာ ဗြိတိသျှ ကိုလိုနီလက်အောက် ရောက်ခဲ့တဲ့နိုင်ငံတွေ အင်္ဂလိပ် ဘာသာစကားကို ဘယ်လို သဘောထားခဲ့ကြသလဲဆိုတာ တိတိပပ မသိရပေမယ့် မြန်မာနိုင်ငံမှာတော့ အင်္ဂလိပ်စကားကို ကျွန်စာ၊ ကျွန်ဘာသာစကားအဖြစ် သတ်မှတ်ခဲ့ကြတဲ့ ကာလတွေရှိခဲ့ဖူးတာ အားလုံး အသိပါပဲ။ မျိုးချစ်ပုဂ္ဂိုလ်တချို့ရဲ့ အမြင်ကျဉ်းမြောင်းမှုကြောင့် အင်္ဂလိပ်ဘာသာစကား ပြောတတ်သူဆိုလျှင်ပင် ကျွန်စော်နံတယ်လို့ အပြောခံခဲ့ကြရသူတွေ ရှိပါတယ်။

အဲဒီလို အမြင်ကျဉ်းမြောင်းတဲ့သူတချို့ရဲ့ အစွန်းရောက် မျိုးချစ်စိတ်ကြောင့်လည်း နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ မျိုးဆက်တစ်ခု၊ နှစ်ခုလောက် အင်္ဂလိပ်စကား အားနည်းခဲ့ကြရပြီး နိုင်ငံတကာ ဆွေးနွေးပွဲကြီးတွေမှာ ရဲရဲတင်းတင်း ပါဝင်ဆွေးနွေးရဲ၊ ကွန့်မန့်ပေးရဲတဲ့သူတွေ နည်းပါးသလို ဖြစ်ခဲ့ရတာပါ။ ဗြိတိသျှ ကိုလိုနီစနစ်ဆိုတာ ဘယ်လိုမှ မနှစ်မြို့စရာ ကောင်းတဲ့စနစ်တစ်ခုပါ။ ဒါပေမဲ့လည်း အင်္ဂလိပ်တွေကိုမုန်းတိုင်း အင်္ဂလိပ်စာကိုမုန်းလို့ မဖြစ်သေးရုံ သာမက အင်္ဂလိပ်စာကို ပိုင်ပိုင်နိုင်နိုင် တတ်ကျွမ်းထားမှ ကုလသမဂ္ဂလိုမျိုး၊ OIC လို မျိုးအဖွဲ့တွေ၊ နိုင်ငံခြား သံတမန်တွေနဲ့ သူတင်ကိုယ်တင် ဆွေးနွေးနိုင်မယ်ဆိုတာ ဒီဘက်ခေတ်မှာ ပိုပြီး သဘောပေါက်ကြရတော့မှာ ဖြစ်ပါတယ်။

အခုဆိုလျှင် နိုင်ငံတကာအဆင့်အထိ တက်လှမ်းနိုင်မယ့် သီချင်းဆိုပြိုင်ပွဲကြီးတွေမှာတောင် အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့သီချင်းကို ကောင်းစွာ သီဆိုတတ်ပါမှ ရှေ့ဆက်လို့ရမယ်ဆိုတာ လူငယ်တွေအားလုံး သဘောပေါက်ထားပြီး ဖြစ်ပါလိမ့်မယ်။ ထမင်းစား၊ ရေသောက်ပြောတဲ့စကားမျိုး ဥပမာ - How are you? I am fine, thank you, and you လောက်ပြောတတ်ရုံနဲ့ နိုင်ငံတကာကို ကျော်ဖြတ်ဖို့ လုံးဝ မဖြစ်နိုင်တော့ဘူး ဆိုတာကိုလည်း သိထားကြရပါမယ်။

ကမ္ဘာ့အဆင့်အထိ ပရိသတ်လိုချင်ရင် အင်္ဂလိပ်လို သီချင်းရေးတတ်ပြီး အင်္ဂလိပ်လို ဆိုတတ်ပါမှ တော်ကာကျတော့မယ်ဆိုတာ ကောင်းကောင်း နားလည်ထားတဲ့ ပြည်တွင်းက လူငယ်အဆိုတော်တချို့ အင်္ဂလိပ်လို ဆိုထားတဲ့ တေးအယ်လ်ဘမ်တွေ ထုတ်လာကြတာကို တွေ့ရတော့လည်း အင်မတန် ဝမ်းသာမိပါတယ်။

အင်္ဂလိပ်စာဟာ နိုင်ငံတကာသုံး ဘာသာစကားဖြစ်ပြီး မည်သူမည်ဝါကိုမျှ ကိုယ်စားမပြုဘဲ ကမ္ဘာသူကမ္ဘာသားအားလုံးကို ကိုယ်စားပြုနေပြီဆိုတာ သတိပြုကြရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခုတော့သတိပေးလိုပါတယ်။ တစ်ဖက်မှာ နိုင်ငံတကာသုံး ဘာသာစကားကို လူတိုင်း မဖြစ်မနေ သင်ယူထားကြရမှာဖြစ်သလို တစ်ဖက်မှာလည်း တစ်ချိန်က အင်္ဂလိပ်စာကို အရေးမပါ လုပ်ခဲ့ကြတဲ့ ပုံစံမျိုးနဲ့ မိမိရဲ့မိခင်ဘာသာစကားဖြစ်တဲ့ မြန်မာစာ၊ မြန်မာစကားကို ပေါ့ပေါ့တန်တန် မထားသင့်ကြောင်း ပြောလိုပါတယ်။

အယ်ဒီတာ (၂-၉-၂၀၁၇)

  • TAGS