News

POST TYPE

EDITORIAL

ပြည့်အင်အားကို သုံးပါ
31-Aug-2017 tagged as

ကွန်မြူနစ်နိုင်ငံများ၊ ဆိုရှယ်လစ်နိုင်ငံများနှင့် အာဏာရှင်နိုင်ငံများတွင် အာဏာရှင် အစိုးရများက ပြည်သူလူထုကို ဆောင်ပုဒ်များဖြင့် လှုံ့ဆော်ကာ ၎င်းတို့ကိုယ်တိုင်လည်း ဆောင်ပုဒ်များဖြင့် ချည်နှောင်ထားလေ့ ရှိတတ်သည်။

ဆောင်ပုဒ် အများစုမှာလည်း အာဏာရှင် အစိုးရ၏ တရားဝင်ဖြစ်မှုကို ချဲ့ကားစေသည်များ၊ လူထုအင်အားကို အခြေပြုခြင်းများ၊ နောက်ကျော မလုံသော ခံစားချက်ကို ကိုယ်စားပြုသည့် ရန်သူတစ်ယောက် အမြဲရှာ၊ လက်ညှိုးထိုးမှုများ၊ အာဏာရှင် အဖွဲ့အစည်း ကိုယ်တိုင်နှင့် ပြည်သူလူထုကို စည်းရုံးစည်းနှောင်စေမည့် စကားလုံးများဖြင့် ဖွဲ့တည်ထားလေ့ ရှိတတ်သည်။

သို့သော် အချို့ဆောင်ပုဒ်များမှာမူ အာဏာရှင်တို့က ၎င်းတို့ သီးသန့်အဓိပ္ပာယ်ဖြင့် ဖော်ထုတ်ခဲ့ခြင်းဖြစ်သော်လည်း လက်တွေ့ကျပြီး သက်ဆိုင်ရာ နိုင်ငံ၏ ပကတိ အခြေအနေနှင့် ဆီလျော်ကိုက်ညီနေသည်များလည်း ရှိတတ်သည်။

ဥပမာ “စည်းကမ်းရှိမှ တိုးတက်မည်” ဆိုသော ဆောင်ပုဒ်သည် အာဏာရှင် အစိုးရအောက်တွင်မူ စည်းကမ်းမဲ့သော ပြည်သူများအဖြစ် ရှုမြင်လိုသည့်သဘော ပါဝင်နေသော်လည်း ကမ္ဘာပေါ်တွင် စည်းကမ်းမရှိဘဲ တိုးတက်သောနိုင်ငံ မရှိခဲ့ခြင်းက အကောင်းဆုံးသက်သေဖြစ်သည်။

ထို့အတူ “ပြည့်အင်အားသည် ပြည်တွင်းမှာသာ ရှိသည်”ဆိုသော ဆောင်ပုဒ်မှာလည်း “ပြည်ပအားကိုး ပုဆိန်ရိုး၊ အဆိုးမြင် ဝါဒီများအား ဆန့်ကျင်ကြ”၊ “ကိုလိုနီ လက်သစ်ဝါဒ အလိုမရှိ” ဆိုသော အာဏာရှင် အစိုးရ၏ နိုင်ငံခြား ကြောက်ရောဂါ ဆောင်ပုဒ်များနှင့် ဆက်စပ်ကာ ပြည်သူလူထုက အကောင်းမြင်ခဲ့ခြင်း မရှိခဲ့ပေ။

စင်စစ်အားဖြင့် ယနေ့ မြန်မာနိုင်ငံ၏ နယ်ပယ်အသီးသီးတွင် ရင်ဆိုင်နေရသော အခက်အခဲ၊ ပြဿနာ၊ စိန်ခေါ်မှုများကို တိုင်းရင်းသား ပြည်သူလူထုဟူသော အင်အားဖြင့်သာ လက်တွေ့ ရင်ဆိုင်ဖြေရှင်း ရမည်ဆိုခြင်းမှာ ထင်ရှားလှသည်။

ထို့အတူ ပြဿနာ အရပ်ရပ်ကို စဉ်းစား၊ ချဉ်းကပ်၊ သုံးသပ်၊ အဖြေထုတ်၊ ဖြေရှင်းရာတွင် ပြည်တွင်း အခြေအနေများကို သမိုင်းကြောင်းနှင့်တကွ၊ သဘော သဘာဝနှင့်တကွ ထဲထဲဝင်ဝင် သိရှိထားသော ပြည့်အင်အားနှင့်တူသည့် မြန်မာပညာရှင်၊ ပညာတတ်များ၏ အခန်းကဏ္ဍက များစွာ အရေးကြီးလှပေသည်။

အထူးသဖြင့် ဒီမိုကရေစီ နိုင်ငံတော် ထူထောင်ရာတွင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး တစ်နည်းအားဖြင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတကာ ကျွမ်းကျင်သူ ဆိုသူများသည် သီအိုရီအရသာ နိုင်နင်းပိုင်နိုင်သော်လည်း မြန်မာနိုင်ငံသားတို့၏ လူမျိုး၊ ဘာသာ၊ စရိုက်၊ အခြေခံ စိတ်နေသဘာဝ၊ ယဉ်ကျေးမှု၊ ဓလေ့၊ စရိုက်၊ သမိုင်းနောက်ခံတို့ကိုမူ မြန်မာနိုင်ငံသား ပညာရှင်များကဲ့သို့ နားလည်ခြင်း မရှိနိုင်ပေ။

မြန်မာနိုင်ငံအတွင်းရှိ အချို့ ပြဿနာများမှာ လွယ်မယောင်နှင့် ခက်၊ တိမ်မယောင်နှင့်နက်ပြီး နိုင်ငံတကာ သီအိုရီများ၊ စံနှုန်းများဖြင့် တန်းညှိ၊ ခွင်ချ ကြည့်၍မရဘဲ မိမိတို့ကိုယ်ပိုင် နည်းနာများဖြင့် ပေါင်းစပ်ညှိနှိုင်းပြီး ကိုယ်ပိုင် စံနှုန်းတစ်ခုဖြင့် ဖြေရှင်းမှသာ ပြေလည်နိုင်မည့် ကိစ္စရပ်များ ရှိနေပေသည်။

လက်ရှိ မြန်မာ့နိုင်ငံရေး ပုစ္ဆာများ၊ ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက် ပြုပြင်ရေး လုပ်ငန်းများတွင် နိုင်ငံတကာမှ နိုင်ငံခြားသား ပညာရှင်များရော ပြည်တွင်း၊ ပြည်ပရှိ နယ်ပယ်အသီသီးအလိုက် အထူးပြု ကျွမ်းကျင်သူ မြန်မာ ပညာရှင်များကိုပါ ပေါင်းစပ် တွဲဖက် အဖြေထုတ် အလုပ်လုပ်ခြင်းဖြင့် ပြည့်အင်အားကို ကောင်းစွာ အသုံးချနိုင်စေကြောင်း တိုက်တွန်း အကြံပြုအပ်ပေသည်။

အယ်ဒီတာ (၃၁-၈-၂၀၁၇)

(လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေနှင့် ကိုက်ညီနေသောကြောင့် ၄ - ၅ -၂ဝ၁၆ နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြခဲ့ပြီးသော အယ်ဒီတာ့အာဘော်ကို ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်)

  • TAGS