News

POST TYPE

EDITORIAL

ပြည်ထောင်စုစိတ်ဓာတ် ပြသရမည့်အချိန် (Daily, Vol-5/No-119)
29-Aug-2017 tagged as ရခိုင်အရေး

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ယင်းအခြေအနေကို ကာကွယ်ထိန်းသိမ်းရန် ကြိုးစားနေမှုများအပေါ် နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် ဘာသာရေး၊ လူမျိုးရေးအသွင် ပုံဖော်ရန်ကြိုးစားနေခြင်းမှာ ပြဿနာကို မီးလောင်ရာ လေပင့်ပေးခြင်းသာ ဖြစ်သည့်အတွက် အထူး သတိထားသင့်ပေသည်။

ရခိုင်ပြည်နယ်ရှိ ဒေသခံ ပြည်သူလူထုအပေါ် အကြမ်းဖက်မှု ကျူးလွန်နေခြင်းမှာ အစွန်းရောက် မွတ်ဆလင်အချို့သာဖြစ်ပြီး ယင်းဒေသရှိ ဥပဒေနှင့်အညီ အေးချမ်းစွာ နေထိုင်သူ အစ္စလာမ် ဘာသာဝင်များနှင့် ရောနှောစဉ်းစား၊ စွပ်စွဲမှုများသည် ဘာသာရေး၊ လူမျိုးရေး ခွဲခြား၊ ဖိနှိပ်မှုအဖြစ် အလွဲပုံဖော်ခြင်းသာဖြစ်သည်။

ဆိုလိုသည်မှာ ဘာသာရေး၊ လူမျိုးရေးကို ဗန်းပြကာ ရခိုင်ပြည်နယ်ရှိ ယင်းဒေသများကို လူအင်အားဖြင့် ဝါးမျို၊ နယ်မြေချဲ့ထွင် စိုးမိုးရန်ကြိုးစားခြင်း တစ်နည်းအားဖြင့် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ထိပါးခြင်းသာဖြစ်ပြီး ဘာသာရေး၊ လူမျိုးရေး ပြဿနာ မဟုတ်ဟု ဆိုလိုသည်။

ရခိုင်ပြည်နယ်၏ သမိုင်းကြောင်း၊ ဖြတ်သန်းမှုနှင့် လက်ရှိ ရင်ဆိုင်နေရသော အခြေအနေမှန်ကို ယထာဘူတကျကျ ခြေခြေမြစ်မြစ် နားလည်ခြင်းမရှိဘဲ “လူ့အခွင့်အရေး”ခေါင်းစဉ်တပ်ကာ နိုင်ငံတကာ အဖွဲ့အစည်းအချို့၊ သတင်းမီဒီယာအချို့၏ ကျင့်ဝတ်နှင့်မညီသော တစ်ဖက်သတ် အစီရင်ခံစာများ၊ သတင်း ရေးသားချက်များကလည်း ပြဿနာကို ပိုဆိုးရွားသွားစေခဲ့သည်။

နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ပီအာခေါ် လူထုဆက်ဆံရေး နည်းဗျူဟာ ကောင်းကောင်း၊ ဘဏ္ဍာရေးရန်ပုံငွေ အင်အား တောင့်တောင့်တင်းတင်းဖြင့် လော်ဘီ လုပ်ထားနိုင်သောကြောင့် အဖိနှိပ်၊ အရက်စက်ခံ သနားစရာ လူနည်းစုအသွင် ဖန်တီးတည်ဆောက်ထားနိုင်သူများက လက်ရှိ ရခိုင်ဒေသအကြမ်းဖက်များ နောက်ကွယ်တွင် ရှိနေခြင်းသည် ပြဿနာအပေါ် ကိုင်တွယ်ဖြေရှင်းရ ခက်စေခဲ့သည်။

ထိုအခြေအနေတွင် လက်တွေ့ ဒုက္ခကြုံတွေ့နေရသည်မှာ ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာ ရခိုင်လူမျိုးများ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် အခြား ဘာသာဝင် ဒေသခံများ၊ နိုင်ငံ့ဝန်ထမ်းများသာ ဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံ တစ်ဝန်းရှိ နိုင်ငံသား အသိအမှတ်ပြု သက်သေခံ ကတ်ပြား လက်ဝယ်ကိုင်ဆောင်ထားသည့် နိုင်ငံသားမှန်သမျှ ရခိုင်ပြည်နယ် ပြဿနာအပေါ် ဘာသာရေး၊ လူမျိုးရေး ရှုထောင့်မှ ကွက်ကြည့်၍ ဆုံးဖြတ်၊ ရပ်တည်ရန် မသင့်ဘဲ နိုင်ငံတော်၏ အချုပ်အခြာ အာဏာတည်တံ့ရေး၊ အေးချမ်းတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးကို အဟန့်အတား  ပြုနေသည့် အကြမ်းဖက် လုပ်ရပ်များသာဖြစ်ကြောင်း ပြတ်သားစွာ ရှုမြင်ကာ ယင်းလုပ်ရပ်များကို ဆန့်ကျင်ရှုတ်ချခြင်းဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို ပြသကြပါမည့်အကြောင်း တိုက်တွန်းအပ်ပေသည်။

အယ်ဒီတာ (၂၈-၈-၂၀၁၇)