News

POST TYPE

EDITORIAL

နိုင်ငံ တည်ဆောက်ရေးနှင့် ခန္တီတရား
08-Aug-2017
ပညာရှင်တို့က မြန်မာ့အပြောင်းအလဲကို ၂၀၁၀ က စတင်ခဲ့ သည်ဟု သမုတ်ခဲ့ကြသည်။ သူတို့က နိုင်ငံရေးဖြေလျှော့မှုများ၊ မီဒီယာ လွတ်လပ်ခွင့်များ၊ လူ့အခွင့်အရေးများ အတိုင်းအတာ တစ်ခုအထိ ရရှိလာသည့် အချက်များကို အကဲဖြတ်ပြီး ဤသို့ သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။ အဓိကအားဖြင့် ၂၀ဝ၈ အခြေခံဥပဒေအရ အာဏာအလုံးစုံအား တစ်ဦး၊ တစ်ယောက်၊ တစ်ဖွဲ့တည်းက ချုပ်ကိုင်ထား ရာမှ အာဏာသုံးရပ်ခွဲခြားပြီး အပြန်အလှန် ထိန်းကျောင်း၍ အာဏာ ခွဲဝေ အပ်နှင်းလိုက်ခြင်းသည် အပြောင်းအလဲ၏ ထင်သာမြင်သာရှိသောအချက် ဟု ဆိုကြသည်။၂၀၁၀ အလွန် အပြောင်းအလဲကို တစ်ခွန်းတည်း အနှစ် ထုတ်ဆိုရလျှင် မူပြောင်း လူမပြောင်း ဟူ၍ပင် ဆိုနိုင်ပါလိမ့်မည်။ ဒါသည်ပင် အပြောင်းအလဲနှင့်ပတ်သက်ပြီး ပညာရှင်တို့ သဘောထားအမြင်၊ ယူဆချက်များပင် ဖြစ်ပါသည်။ သို့သော် ကျွန်တော်တို့လို သာမန်ပြည်သူ၊ ပြည်သားများကမူ ပညာရှင်များကဲ့သို့ မကောက်ယူကြဘဲ ၂၀၁၀ အလွန် အစိုးရကို စစ်အစိုးရ၏ အဆက်ဟုသာ ရှုမြင်ကြသည်။ ကျွန်တော်တို့ နားလည်ထားသည့် အပြောင်းအလဲမှာ မူသာမက လူပါပြောင်းလဲမှ ဖြစ်မည်ဟု လက်ခံထားသည်။ သို့အတွက် အပြောင်းအလဲသည် မိမိတို့ကိုယ်တိုင် ရွေးကောက်တင်မြှောက်ထားသော အစိုးရသစ်တက်မှ ပြောင်းလဲချိန် စတင်သည်ဟု သိမှတ်ထားကြသည်။ တစ်နည်းဆိုရသော် မူပြောင်း လူပြောင်း။

ယင်းသို့အားကြောင့် ပြည်သူတို့၏ အယူအဆမှာ ယခုချိန်မှ အပြောင်းအလဲ စတင်သည်ဟု တွေးမြင်ထားကြသည်။

အပြောင်းအလဲ၏ သက်ရောက်မှုများ

အပြောင်းအလဲတစ်ခု ဖြစ်ပေါ်ပြီ ဆိုလိုက်သည်နှင့် ယင်းက မွေးထုတ်ပေးလိုက်သော အရာနှစ်ပါး ရှိသည်ဟု အခြားသော နိုင်ငံတို့မှ အကူးအပြောင်းများကို စနစ်တကျ လေ့လာထားကြသော ပညာရှင်တို့က ပြောဆို ရေးသားထားကြသည်။

ယင်းတို့မှာ အပြောင်းအလဲနှင့် တစ်ပါတည်း ပါလာတတ်သော “မတည်မငြိမ်မှုများနှင့် မျှော်လင့်ချက် ရေချိန်မြင့်တက်လာမှု”တို့ ဖြစ်သည်ဟု သူတို့က ဆိုပါသည်။ ပထမ အခြင်းအရာမှာ တစ်ချိန်လုံး ဖိနှိပ်ခံရပြီး ပါးစပ်ပိတ်နေခဲ့ရသည့် သူတို့အတွက် တံခါးဖွင့် အပြောင်းအလဲဖြစ်စဉ် သက်ရောက်လိုက်သည်နှင့် မကျေနပ်မှုများ၊ ခံစားမျိုသိပ်ခဲ့ရမှုများကို ဖွင့်ဟ ပြခွင့်ရလာမှုများကြောင့် တည်ငြိမ်နေရာမှ မတည်ငြိမ်မှုများ ပေါ်လာတတ်ပါသည်။ ဒုတိယ အခြင်းအရာမှာ အပြောင်းအလဲ စလိုက်သည်နှင့် ဘဝအချိန် အတော်များများ ကျပ်တည်း ခက်ခဲရမှုများ ခဏပိုင်းအတွင်း အဆင်ပြေသွားမည်ဟူသော မျှော်လင့်ချက်များ ပေါ်လာတတ်ခြင်း ဖြစ်ပါသည်။ သို့သော်လည်း အပြောင်းအလဲ၏ အစမှာကား ယင်းသို့သော မျှော်လင့်ခြင်းများကို အဆုံးစွန်ထိ ဖြည့်ဆည်း မပေးနိုင်သေးချေ။ အပြောင်းအလဲ၏ အခက်အခဲဆုံးသော အပိုင်းမှာ မျှော်လင့်ခြင်းများကို စီမံခန့်ခွဲပေးနိုင်ရေးပင် ဖြစ်ပါလိမ့်မည်။ အဆိုပါ မျှော်လင့်ခြင်းဆိုရာတွင်လည်း မတူသော အင်အားစုအသီးသီး၌ အခြေခံပြီး ကွဲပြာခြားနားသည့် မျှော်လင့် ချက်တို့ကလည်း ရှိနေပြန်သည်။ နိုင်ငံရေးသမားတို့၏ အပြောင်းအလဲ အပေါ် မျှော်လင့်ချက်တို့သည် အခြေခံဥပဒေပြင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတို့၌ ရပ်ခံမှုရှိနိုင်သလို၊ တိုင်းရင်းသားတို့၏ မျှော်လင့်ချက်မှာလည်း တန်းတူ ရည်တူရေးတွင် တည်နေနိုင်ပါလိမ့်မည်။ သာမန်နိုင်ငံသူ၊ နိုင်ငံသားတို့ မျှော်လင့်ချက်မှာကား သူတို့နှင့်မတူဘဲ နေ့စဉ် ရင်ဆိုင်ကြုံတွေ့နေရသော လျှပ်စစ်မီးပြတ်တောက်ခြင်း၊ ယာဉ်ကြောပိတ်ဆို့ခြင်း၊ လမ်းမကောင်းခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနှင့် အမှိုက်သိမ်းစနစ် ညံ့ဖျင်းခြင်း စသည်တို့ အဆင်ပြေသွားရေးတို့၌သာ မျှော်လင့်နေကြပြန်သည်။

သို့နှင့်တိုင် လက်ရှိကာလ အရပ်သား အစိုးရအုပ်စိုးသည့်ကာလ နှစ်နှစ်နီးပါး ကြာသည့်တိုင်အောင် ဤမျှော်လင့်ချက်များ အတိုင်းအတာတစ်ခုအထိ ဖြည့်ဆည်းပေးနိုင်သည်ကို မတွေ့ရသေးပေ။

ဤသို့ ဖြစ်ရခြင်းမှာလည်း အုပ်စိုးသူများ၏ စိတ်စေတနာ အားနည်းချက်ဆိုသည်ထက် ပေးထားချက် အခက်အခဲ လေးရပ်ကြောင့်ဟု ဆိုနိုင်ပါသည်။ ယခုဆောင်းပါးတွင် ဤပေးထားချက်လေးရပ်ကို လက်လှမ်းမီသမျှ ကြိုးစားဖော်ပြရလိုက်ပါသည်။

၁။ စီမံခန့်ခွဲမှု နည်းနာသစ်များနှင့် ပြည်သူ့ရေးရာ မူဝါဒများ

ဤအပိုင်းနှင့်ပတ်သက်လျှင် ပညာရေးစနစ်က အဆုံးအဖြတ် နေရာတွင် ရှိနေပါသည်။ လက်ရှိနိုင်ငံ၏ ပညာရေးမှာ ကိုလိုနီခေတ်နှင့် လွတ်လပ်ရေးခေတ်ဦးကာလတွင် အားကောင်း မောင်းသန် အဆင့်မီလှသော်လည်း ၁၉၆၂ ခုနှစ် ဦးနေဝင်း ဦးဆောင်သော ဆိုရှယ်လစ်ပါတီ အုပ်စိုးမှုကတည်းက ပျက်စီးလာခဲ့သည်မှာ တပ်မတော် အစိုးရလက်ထက်တွင် သာ၍ဆိုးလာပြီး ယခုထက်တိုင် အဖတ်ဆည်မရသေးပေ။ သို့ပါ၍ နိုင်ငံတကာတွင် သင်ယူပို့ချပြီး အသုံးပြုကြပြီဖြစ်သော ပြည်သူ့ရေးရာဆိုင်ရာ မူဝါဒများနှင့် စီမံခန့်ခွဲမှုပညာများသည် ကျွန်တော်တို့နှင့် မြင်လည်း မြင်ခွင့်မရသေးသလို နည်းပညာ ကျေးဇူးကြောင့် မြင်ခွင့်ရပြန်လျှင်လည်း ကြင်ခွင့်မရသေးပေ။

ယခုအခါ နိုင်ငံရေးနယ်ပယ်တွင် အဆိုပါ ပညာများကို ထိတွေ့ မိတ်ဆက်ဖို့ ကြိုးစားနေကြပြီ ဖြစ်သော်လည်း မြို့ပြစီမံခန့်ခွဲမှုနှင့် စပ်လျဉ်းသော စည်ပင်ဆိုင်ရာ ရပ်ဝန်းတွင် နိုင်ငံတကာ၌ ကျင့်သုံးနေပြီဖြစ်သော ပညာရပ် စီမံခန့်ခွဲမှုများက ဝေးနေရဆဲဖြစ်သည်။

ဥပမာ - အမှိုက်စွန့်ပစ်စနစ်၊ ရေစီးရေလာကောင်းရေးအတွက် နည်းလမ်းများကို နိုင်ငံအသီးသီးတွင် မည်သို့ ကျင့်သုံးနေကြသည်ကို ယခုထက်ပို၍ လေ့လာရန် လိုနေပါသည်။ ပို၍ခက်သော အတားအဆီးမှာ ယင်းသို့ လေ့လာရန် သိရှိသည်ဆိုစေ၊ အကောင်အထည်ဖော်ရန် လိုအပ်သော ရင်းမြစ်များလည်း အဆင်သင့်ဖြစ်ဖို့ ကြိုးစားရဦးမည်။ ဤသို့သောကြောင့် ကိုယ့်အင် ကိုယ့်အားလေးဖြင့် တတ်စွမ်းသမျှ အကောင်အထည် ဖော်နေရသည့်အတွက် အချို့အရာများမှာ ဆန်စဉ်ရာ ကျည်ပွေ့လိုက်နေရသလို ဖြစ်နေသည်။ အဘက်ဘက်မှ အားနည်းချက် ရှိရသည့်အထဲ အာဏာပိုင်များ၌ ပညာရှင်ကြောက်သူများ၊ တန်ဖိုး မထားသူများနှင့် စေ့စပ်ညှိနှိုင်းရေးကို အလေးမပေးသူများ ပါဝင်လာပါက ပြဿနာများ ပြေလည်ဖို့ အသာထား ပို၍ပင် အခက်တွေ့တတ်ပါသည်။

ဤသည်မှာ ပညာရပ်ဆိုင်ရာ အခက်အခဲဖြစ်ပြီး ပထမဆုံး ပေးထားချက် ဖြစ်နေပါသည်။

၂။ ရှိပြီးစီမံခန့်ခွဲမှုများကို ကိုယ့်အရပ်နှင့် ကိုက်ညီအောင် မူဘောင် သွတ်သွင်းရေး

ပထမ အတားအဆီးဖြစ်သော နိုင်ငံတကာတွင် ကျင့်သုံးနေကြသည့် လူထုရေးရာ မူဝါဒနှင့် စီမံခန့်ခွဲမှုများကို နည်းပညာနှင့်တစ်ဆင့် ပြန်လည် ဖောက်သည်ချသူတို့ ကျေးဇူးကြောင့် အဆင်ပြေ ရရှိနိုင်ပါသည်။ သို့တစေ ထိုပညာများကို သူ့အတိုင်း ယူလာပြီး နိုင်ငံတွင် ကောက်စွပ်လိုက်လို့ရသည် မဟုတ်ပေ။ ယင်းသို့ ခက်ခဲလှသည့် ပညာရပ်ဆိုင်ရာ ရွှေ့ပြောင်းမှု အသာထား၊ အသေးအမွှားဖြစ်သည့် အဝတ်အစား ဝတ်ဆင်ရေးတွင်ပင် ခန္ဓာကိုယ်နှင့် အလောတော် အံကိုက်ဖြစ်ဖို့ လိုသည် မဟုတ်ပါလား။ ဤအတိုင်းပင် ပညာရပ်ဆိုင်ရာ သယ်ယူလာမူများတွင်လည်း ရှိပြီးပညာများကို မိမိဓလေ့၊ မိမိအရပ်နှင့် သမိုင်းကြောင်းဆိုင်ရာများဖြင့်ပါ ချိန်စက်ပြီး သွတ်သွင်းနိုင်ရေးမှာ အဓိက ကျလှသည်။ ဤသို့ မဟုတ်ဘဲ ပညာရပ်ဆိုင်ရာ စီမံခန့်ခွဲမှုများကို သူ့ချည်းသက်သက်သာ ကောက်ယူလိုက်ပါက မည်သို့မျှ အောင်မြင်နိုင်ဖွယ် မရှိချေ။ နိုင်ငံရေးနယ်ပယ်တွင်လည်း ပါလီမန်စနစ်၊ သမ္မတစနစ်များ ရှိသလို ရွေးကောက်ပွဲများတွင်လည်း နိုင်သူ အကုန်ယူစနစ်၊ အချိုးကျစနစ် စသည်တို့ကို မိမိနိုင်ငံနှင့် စရွေးကိုက်အောင် သုံးနိုင်ဖို့လည်း လိုပါသည်။ ဥပမာ စည်ပင်သာယာတွင်လည်း အမှိုက်စွန့်ပစ်စနစ်တစ်ခု ချမှတ်မည်ဆိုလျှင် ပြည်ပမှ နိုင်ငံများအတိုင်း ပုံတူကူးလို့ မရပေ။ ထိုနည်းတူ ပြည်တွင်း အခြားမြို့များ၌ အသုံးပြုနေသော စနစ်များကိုလည်း သူ့အတိုင်း သုံး၍ရမည် မဟုတ်ပေ။ အခြားသော အမှိုက်စွန့်ပစ် စနစ်များကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာပြီး ရှိပြီး၊ သိပြီး မြို့ပထဝီ အနေအထားနှင့် ကိုက်ညီသော စနစ်မျိုးကို ဖန်တီးပေးနိုင်ရပါလိမ့်မည်။ ဒါသည်ပင် ဒုတိယ အဟန့်အတား ပေးထားချက်ပင် ဖြစ်ပါသည်။

၃။ တရားနည်းလမ်းကျမှုဆိုင်ရာ ပြဿနာများ

ဤအဆင့်သည် ပထမအဆင့်နှင့် ဒုတိယအဆင့်ထက်ပင် သာပြီး ခက်ခဲလှပါသည်။ တရားနည်းလမ်းကျမှု ဆိုသည်မှာ စစ်အေးကာလများဆီက အုပ်ချုပ်သူ ခေါင်းဆောင်များသည် တည်ဆဲဥပဒေများဖြင့် ကိုက်ညီအောင် ပြုလုပ်ပါက ယင်းတို့ ခေါင်းဆောင်မှုကို တရားသည် မတရားသည်ကို အရေးမစိုက်ဘဲ အားလုံးက လက်ခံပေးကြသည်။ ယခုမူ ထိုပါရဒိုင်း ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

အဖွဲ့အစည်းတစ်ရပ်၏ ဦးဆောင်မူသည် ဥပဒေနှင့် ကိုက်ညီဖို့လိုသလို ယင်းအဖွဲ့အစည်းတွင် ပါဝင်နေထိုင်ကြသော လူအားလုံး၏ သဘောထား ထင်မြင်ချက်ဖြင့် တရားနည်းလမ်းကျမှုကို တိုင်းတာလာကြသည်။ ဆိုခဲ့ပါ သဘောတရားများမှာ ယခုလက်ငင်းအချိန်တွင် တရားနည်းလမ်းကျမှုအပေါ် အကဲဖြတ်ကြသောပုံစံ ဖြစ်ပါသည်။ ဤအတိုင်းဆိုပါက လက်ရှိအစိုးရ၏ တည်ရှိမှုသည် ယေဘုယျ သဘောအားဖြင့် တရားနည်းလမ်းကျသည်ဟု မှတ်ယူနိုင်သည်။ သို့သော် ထိုမျက်နှာစာ၌ မြန်မာတွင်ကား ပြဿနာ အကြီးကြီး ရှိပါသည်။ မြန်မာတို့မှာ ဦးဆောင်သူ ပုဂ္ဂိုလ်ခေါင်းဆောင်နှင့် အဖွဲ့အစည်းတို့နှင့် ပတ်သက်ပြီး ရှေးယခင်ကတည်းက စွဲခိုင်ထားသည့် အယူအဆတစ်ခု ရှိပါသည်။ အုပ်စိုးသူမင်းကို ရန်သူမျိုး ငါးပါးထဲ ထည့်သွင်းထားသော ယဉ်ကျေးမှုရှိသည်။ ထိုထက် အုပ်စိုးသူများဘက်ကလည်း အာဏာရယူပြီးနောက် ကတိကဝတ်များ ဖျက်၍ ထင်ရာလုပ်တတ်သော သဘောလည်း ရှိသည်။ သို့အတွက် ဦးဆောင်သူနှင့် နောက်လိုက်များကြား တရားနည်းလမ်းကျသည်ဖြစ်စေ အခြေခံ တင်းမာမှုက ရှိနေပြန်သည်။ ဒါသည်ပင် အဟန့်အတား ပေးထားချက်တစ်ခု ဖြစ်ပါသည်။

၄။ ယဉ်ကျေးမှုဆိုင်ရာ ဖက်တာများ

ဤမျက်နှာစာကို ခြေရာခံဖို့အတွက် မြန်မာတို့ ဖြတ်သန်းကြုံတွေ့ခဲ့ရသော အုပ်ချုပ်ရေးစနစ်များကို လေ့လာရပါလိမ့်မည်။ မြန်မာတို့သည် သက်ဦးဆံပိုင် ဘုရင်စနစ်၊ တိုင်းတစ်ပါးကျွန်ဘဝ၊ အကွဲအပြဲများ အတိပြီးသော ပြည်တွင်းစစ် နောက်ခံကားထက်တွင် အချိန်တိုလေးမျှ ကြုံခဲ့ရသော ပါလီမန် ဒီမိုကရေစီစနစ်နှင့် နောက်ပိုင်းတစ်လျှောက်လုံး တပ်မတော် ဦးဆောင်သော စနစ်များဖြင့်သာ ကြုံတွေ့ခဲ့ရပါသည်။

ထို့နောက်တွင် အသက်ရှူချောင်စေသော ခေတ်သစ် စနစ်သစ်ကို ၂၀၁၀ အလွန်မှ ထိတွေ့ခွင့်ရခဲ့ခြင်း ဖြစ်ပါသည်။ ယင်းတို့ ခေတ်အဆက် ဆက်ကျင့်သုံးခဲ့သော စနစ်ဆိုးများ၏ ပိတ်လှောင်ခံခဲ့မှု ဒဏ်ရာဒဏ်ချက်များကြောင့် ပြည်သူ အများစု၏ စိတ်အတွင်းပိုင်းတွင် အာဏာပိုင်လုပ်သမျှ အကောင်း မထင်တော့ဘဲ အန်တုဖို့သာ တတ်အားသရွေ့ အားထုတ်နေခဲ့ကြပါသည်။ ယင်းတရား၏ အကျိုးဆက် ဂယက်သည် ယခုထက်တိုင် အရှိန်မသေသေးဘဲ အာဏာပိုင်များနှင့် ပတ်သက်၍ မကျေနပ်မူများသည် ပြည်သူအများစု၏ စိတ်အတွင်းပိုင်းထဲထိ နက်နက်ရှိုင်းရှိုင်း စူးဝင်နစ်နေဆဲ ဖြစ်ပါသည်။

ထို့ကြောင့် စီမံခန့်ခွဲမှုစနစ်တစ်ရပ် အောင်မြင်ရေးနှင့်ပတ်သက်ပြီး အများ၏ ပူးပေါင်းပါဝင်မှုမှာ အလှမ်းဝေးနေရဆဲ ဖြစ်ပါသည်။ ဒါသည်ပင် အဟန့်အတား ပေးထားချက်တစ်ခု ဖြစ်နေပါသည်။

အဖြေပေးနေသော J-curve သီအိုရီ

အထက်တွင် ရေးသားဖော်ပြခဲ့သည့် ပေးထားချက် လေးမျိုးသည် မဖြေရှင်းနိုင်သည့် ပြဿနာများတော့ မဟုတ်ပါ။

ဤအခက်အခဲအတွက် လမ်းပြပေးသည့် သီအိုရီလည်း ရှိပါသည်။ J-curve သီအိုရီ ဖြစ်ပါသည်။ ယင်းသီအိုရီက ယခုလို ဆိုပါသည်။

အပြောင်းအလဲ (သို့မဟုတ်) တံခါးဖွင့်ဖြစ်စဉ်တစ်ခု စတင်ပြဆိုပါက နောက်ဆက်တွဲအဖြစ် မျှော်လင့်ချက်များက မွေးထုတ်ပေးသော မတည်မငြိမ်မှုများ ဖြစ်လာတတ်သည်။ ယင်းကို J ၏ အလယ်ပိုင်း ချိုင့်ခွက်လေးနှင့် သီအိုရီက ပြပါသည်။ ဤဂယက်ကို လွန်၍ ကျော်ဖြတ် လာနိုင်ပါက မတည်မငြိမ်ဖြစ်မှုများမှ လွန်မြောက်ပြီး တဖြည်းဖြည်း တည်ငြိမ်လာကာ ဖွံ့ဖြိုးတိုးတက်မှုများလည်း တစ်ဟုန်တည်း တိုးလာပါလိမ့်မည်။ ဤသဘောကို J အက္ခရာ၏ နောက်ပိုင်း အမြီလေးနှင့် သက်သေပြပါသည်။ အရေးကြီးဆုံးမှာ မျှော်လင့်ချက်များနှင့် မတည်မငြိမ်မှုများကို မကြောက်ရွံ့သွားဖို့သာ ဖြစ်သည်ဟု ဆိုပါသည်။ မတည်ငြိမ်ကာလမှာလည်း အင်စတီကျူးရှင်းများနှင့် အဓိက ဆက်စပ်သည်ဟု ဟောကိန်း ထုတ်ပါသည်။ အင်စတီကျူးရှင်း အားကောင်းလာလျှင် မတည်ငြိမ်မှုကာလ တိုတောင်းပြီး အားမကောင်းလျှင် အချိန်ယူရမည်ဟု သီအိုရီက ဆိုထားပါသည်။

နိဂုံး

ချိန်ခါသင့်ဆိုသလို ကျွန်တော်တို့နိုင်ငံ လက်ရှိရောက်နေသော ကာလမှာ J-curve သီအီုရီ၏ အလယ်ပိုင်း အခွက်လေးတွင် ရောက်ရှိနေချိန်လည်း ဖြစ်ပါသည်။ သို့အတွက် တံခါးဖွင့်ဖြစ်စဉ်၏ သဘောအရပင် မျှော်လင့်ခြင်းက ပေးလာသော မတည်မငြိမ်မှုများနှင့် ရင်ဆိုင်နေရသည်။ ပြည်သူ အများစုကလည်း ခေတ်အဆက်ဆက် ကြုံတွေ့ရင်ဆိုင် ခါးစည်းခံခဲ့ရသည့် မီးမလာ၊ ရေမလာ၊ စီးပွားရေးနိမ့်ပါး၊ ယဉ်ကြောပိတ်ဆို့မှုများနှင့် အမှိုက်စွန့်ပစ်မှုစနစ် ညံ့ဖျင်းနေမှုများကို စိတ်ပျက်နေရသည်ကို သည်းမခံနိုင်လောက်အောင် ဖြစ်နေပါသည်။ ဤသို့သော နောက်ခံ အခြေအနေတွင် အရပ်သားအစိုးရ တာဝန်ယူအပြီး၌ မျှော်လင့်ချက်များနှင့် ဆန္ဒများက မြင့်တက်လာသည်။ တစ်ဖက်မှ ဦးဆောင် တာဝန်ယူထားသူတို့မှလည်း စိတ်ရင်း စေတနာအရ အများလိုအင်ကို ဖြည့်ဆည်းပေးချင်သော်လည်း အတားအဆီးများက မနည်းမနော ရှိနေပြန်သည်။

အဓိကအားဖြင့် အထက်တွင် ရေးသားဖော်ပြပြီး ဖြစ်သည့် ပေးထားချက်လေးပါးက အဆုံးအဖြတ်နေရာတွင် အတားအဆီးပြုလျက် ရှိသည်။ အများပြည်သူ၏ မျှော်လင့်ချက်ဆန္ဒနှင့် အစိုးရ၏ လုပ်ကိုင်နိုင်စွမ်းကြားတွင် အဟက နက်နက်ရှိုင်းရှိုင်း တည်ရှိနေသည်။ ဤအတွက် ဘယ်ဘက်ကိုမှ အပြစ်မဆိုသာချေ။

ကြားကာလ အင်စတီကျူးရှင်းများ တည်ထောင်ချိန်တွင် အပြန်အလှန် နားလည်ပေးပြီး သည်းခံကြရန်သာ အခရာ ကျပါသည်။ ဤသို့ အပြန်အလှန် နားလည် သည်းခံရေးတွင် ဘယ်ဘက်ကစ၍ နားလည်ပေး မလဲ၊ သည်းခံပေးမလဲ ဆိုသည့် မေးခွန်းထုတ်စရာ ရှိလာပြန်သည်။ များသောအားဖြင့် ပြည်သူတို့မှာ ခေတ်အဆက်ဆက် အုပ်စိုးသူတို့၏ ပြုသမျှ ကို နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ ပါးစပ်ပိတ်ခေါင်းငုံ့နေပေးရသည်မှာ ကြာညောင်းလှပါပြီ။ ဤတစ်ခါတွင်တော့ အင်အားကြီးမားသည့် အုပ်စိုးတာဝန်ယူများဘက်မှ ပြည်သူအများစု၏ ဆန္ဒမျှော်လင့်ချက်၊ မကျေနပ်မှုများကို စတင်ပြီး နားလည်၊ သည်းခံပေးလျှင် သဘောတရား ရေးရာအားဖြင့် လှပသွားပါလိမ့်မည်။

ထိုအချက်သည်ပင် စနစ်ကူးပြောင်းရေး၏ နိဒါန်းပင် ဖြစ်ပါလိမ့်မည်။

နိုင်စိုး


  • VIA