News

POST TYPE

EDITORIAL

တရားမျှတသည့် လူ့အဖွဲ့အစည်းဟူသည် (Daily, Vol-5/No-80)
14-Jul-2017 tagged as

အာဏာရှင်ဆန်သည့် အပြုအမူ အားလုံး လုပ်ပြတတ်သည့် ကွန်မြူနစ် မြောက်ကိုရီးယားနိုင်ငံက ဖမ်းဆီး အကျဉ်းချခဲ့သော အမေရိကန် ကျောင်းသား အော်တိုဝမ်ဘီယာကို ကျန်းမာရေး အလွန်အမင်း ဆိုးရွားပြီး သတိမေ့မြောလောက်သည့် အခြေအနေ ရောက်ရှိချိန်တွင် အမေရိကန် ပြည်ထောင်စုသို့ ပြန်ပို့ရန် ကုန်ခဲ့သည့် ဇွန်လဆန်းပိုင်းက လွှတ်ပေးခဲ့သည်။ အသက် ၂၂ နှစ် အရွယ်ရှိ အော်တိုဝမ်ဘီယာသည် သူ၏မွေးရပ်ဌာနေ အမေရိကန်ပြည်ထောင်စုသို့ ပြန်လည် ရောက်ရှိလာပြီးနောက် မကြာမီ ရက်ပိုင်းတွင်ပင် ကွယ်လွန်သွားခဲ့ပါသည်။ မြောက်ကိုရီးယား အကျဉ်းထောင်အတွင်း ရက်စက်ကြမ်းတမ်းစွာ ညှဉ်းပန်း နှိပ်စက်ခံခဲ့ရသည့်ဒဏ်ကြောင့် ယခုလို သေဆုံးသွားခြင်းဖြစ်ပြီး ကျန်းမာရေး အခြေအနေ မည်သို့မျှ မကောင်းနိုင်သည့် အနေအထား ရောက်ချိန်မှ မြောက်ကိုရီးယား အာဏာပိုင်တို့က လွှတ်ပေးခဲ့သည့်အချက်ကို အနောက်ကမ္ဘာနှင့် နိုင်ငံတကာ မီဒီယာများက ပြင်းထန်စွာ ဝေဖန်ပြောဆိုခဲ့ကြသည်။

ယခုလည်း ကမ္ဘာကျော် နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်လည်းဖြစ်၊ ၁၉၈၉ ခုနှစ် တိန်ယန်မင် အရေးအခင်း နိုင်ငံရေး လှုပ်ရှားမှုကြီးတွင် ဦးဆောင်သူတစ်ဦးလည်းဖြစ်သူ လျူရှောင်ဘိုကို တရုတ်အာဏာပိုင်များက အသည်းကင်ဆာ ရောဂါနောက်ဆုံးအဆင့်သို့ ရောက်ရှိချိန်တွင် ထောင်မှလွှတ်ကာ ဆေးရုံသို့ ပြောင်းရွှေ့ပေးခဲ့ပြန်သည်။ တရုတ်အစိုးရက လျူရှောင်ဘို၏ ရောဂါကုသနိုင်ရေးအတွက် ဂျာမန်နှင့် အမေရိကန် ဆရာဝန်များကို ပင့်ဖိတ်ခြင်းဖြင့် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် တစ်ဦးအပေါ် သူတို့ ဂရုတစိုက်ရှိပုံ ဖမ်းပြခဲ့သည်။ လက်ရှိတွင် လျူရှောင်ဘိုမှာ ကင်ဆာဆဲလ်များ ပျံ့နှံ့လာမှုကြောင့် အခြားကိုယ်တွင်း အင်္ဂါများ ကောင်းစွာ အလုပ်မလုပ်တော့သည့်အပြင် အသက်ရှူမမှန်တော့သည့် အခြေအနေသို့ ဆိုက်ရောက်နေပြီဖြစ်သည်။ 

အော်တိုဝမ်ဘီယာမှာမူ မြောက်ကိုရီးယား ကွန်မြူနစ်တို့၏ ဝါဒဖြန့် ဆိုင်းဘုတ်တစ်ခုကို ဖြုတ်ယူရန် ကြိုးပမ်းသည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ပြီး လျူရှောင်ဘိုမှာ တရုတ်နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ပြုလုပ်နိုင်ရေးအတွက် စာတမ်းတစ်စောင် ရေးသားရန် ကြိုးပမ်းခဲ့ခြင်းကြောင့် နိုင်ငံတော် အာဏာထိပါး နှောင့်ယှက်မှုဖြင့် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ သူတို့နှစ်ဦးတွင် တူညီသည့်အချက်မှာ ကျန်းမာရေး ချို့ယွင်းမှုကြောင့် အကျဉ်းထောင်များမှ ထွက်ခွင့်ရသွားကြခြင်းသာ ဖြစ်သည်။ အာဏာရှင်စနစ် ကျင့်သုံးသည့်နိုင်ငံဖြစ်စေ၊ မကျင့်သုံးသည့်နိုင်ငံဖြစ်စေ လျူရှောင်ဘိုနှင့် အော်တိုဝမ်ဘီယာတို့လို အဖြစ်မျိုးနှင့် ကြုံတွေ့ခဲ့ဖူးသူ မည်မျှအထိ ရှိနိုင်သနည်းဟူသည်မှာ အထူးပင် စိတ်ဝင်စားစရာ ကောင်းလှသည်။ သူတို့နှစ်ဦးမှာ တစ်ဦးက အမေရိကန် နိုင်ငံသားဖြစ်ပြီး တစ်ဦးက နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဖြစ်နေခြင်းကြောင့်သာ မီဒီယာများနှင့် အစိုးရများ၏ အာရုံစိုက်ခြင်း ခံခဲ့ရသည်မဟုတ်ပါလော။ အကျဉ်းထောင်များ ဟူသည် ခိုးဆိုးလုယက်၊ သတ်ဖြတ်တိုက်ခိုက်မှု အပါအဝင် မကောင်းမှုဒုစရိုက် မှန်သမျှ ကျူးလွန်သူ ရာဇဝတ်သားများကို ပြစ်ဒဏ်ပေး၊ ဆိုးသွမ်းသည့် အကျင့်စရိုက်များကို ပြုပြင်ပြောင်းလဲပေးသည့်နေရာ ဖြစ်သော်လည်း မိမိနိုင်ငံအပေါ် အပြောင်းအလဲ ဖြစ်စေလိုသောကြောင့် မိမိယုံကြည်ချက်အတိုင်း တက်ကြွစွာ လှုပ်ရှားသူများ ရက်စက်စွာ ပညာပေးခံရသည့်နေရာမျိုး မည်သို့မျှ မဖြစ်သင့်ပေ။

လူ့အဖွဲ့အစည်းကို ပုံစံအမျိုးမျိုးဖြင့် ဒုက္ခပေးခဲ့သူ လူသတ်သမားများ၊ မူးယစ်ရာဇာများနှင့် မုဒိမ်းသမားများ ဂယ်ပေါက်မျိုးစုံ၊ မသမာသော ကယ်တင်ရှင် မျိုးစုံကြောင့် လက်ခမောင်းခတ်ကာ လွတ်လွတ်လပ်လပ် လမ်းသလားခွင့်ရနေချိန်တွင် နိုင်ငံကောင်းစားရေးကို ရှေးရှုလိုသူများ သံတိုင်များနောက်တွင် အကျဉ်းချခံရသည်ဟုဆိုလျှင် သာ၍ပင် ရင်နင့်စရာ ကောင်းလှသလို ယင်းနိုင်ငံနှင့် လူ့အဖွဲ့အစည်း၏ အဆင့်အတန်း မည်မျှ အတိုင်းအတာအထိ နိမ့်ကျ နေပြီဟူသော အချက်ကိုလည်း ဖော်ကျူးရာ ရောက်ပေသည်။ ဒီမိုကရေစီ နိုင်ငံတော်သစ်တစ်ရပ် အမှန်တကယ် တည်ဆောက်လိုသည်ဆိုပါက မိမိနိုင်ငံ၏ ခါးသီးသော ခေတ်ကာလများထဲက သမိုင်းမှတ်တမ်းများကို သာမက အခြားနိုင်ငံများ၏ အကျည်းတန်လွန်းသော သမိုင်းများကိုပါ လေ့လာပြီး ယင်းဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပေါ်စေရေးအတွက် ဝိုင်းဝန်း အားထုတ်ကြရန် အားလုံးတွင် တာဝန်ရှိကြောင်း ဖော်ပြလိုရင်း ဖြစ်ပေသည်။ 

အယ်ဒီတာ (၁၃-၇-၂၀၁၇)

  • TAGS