News

POST TYPE

EDITOR PICK POST

လှော်ကားရေပိုက်လိုင်း ချို့ယွင်းမှုကြောင့် ရေနှစ်ရက် ပြတ်မည်
30-Jun-2017 tagged as ရန်ကုန်

ရန်ကုန်၊ ဇွန် ၂၉

ရန်ကုန်မြို့သို့ ရေပေးဝေနေသည့် မင်္ဂလာဒုံမြို့နယ်ရှိ လှော်ကားရေလှောင်ကန်မှ ရေပိုက်လိုင်း ချို့ယွင်းသွားသောကြောင့် ရန်ကုန်မြို့ရှိ မြို့နယ် ၁၄ ခုတွင် နှစ်ရက်ကြာ ရေပြတ်တောက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းမှု ဌာနထံမှ သိရသည်။

လှော်ကားရေလှောင်ကန်မှ ရန်ကုန်မြို့တွင်းသို့ ရေပေးဝေလျက်ရှိသည့် ၆၆ လက်မ ကွန်ကရစ ရေပို့ပိုက်မကြီးမှာ မင်္ဂလာဒုံမြို့နယ်၊ ကြူစမ်းရပ်ကွက်၊ အောင်ချမ်းသာလမ်းအနီး ရေတွန်းစက်နား၌ ဇွန်လ ၂၉ ရက်၊ နံနက် ၉ နာရီတွင် ချို့ယွင်းခဲ့သောကြောင့် အမြန်ဆုံး ပြင်ဆင်လျက်ရှိကြောင်း ရေနှင့် သန့်ရှင်းမှုဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

ထိုသို့ ပြင်ဆင်စဉ်ကာလအတွင်း ဇွန်လ ၂၉ ရက်၊ နံနက် ၁၀ နာရီမှ ဇွန် ၃၀ ရက် ည ၈ နာရီအချိန်ထိ မြို့နယ် ၁၄ ခု တွင် နှစ်ရက်ကြာ ရေပြတ်တောက်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ရေဖြတ်မယ်ဆိုတာ YCDC Facebook နဲ့ City FM မှာလည်း ဖြစ်ဖြစ်ချင်း ကြေညာပေးနေပါတယ်။ ရေတွန်းစက်နားက ပိုက်လိုင်းချို့ယွင်းမှုကို နေ့ရောညရော အမြန်ဆုံး ပြင်ဆင်နေတယ်။ မနက်ဖြန် ပြင်လို့ပြီးတာနဲ့ ရေကို ပုံမှန်အတိုင်း ပေးပါမယ်” ဟု ၎င်းက ဆိုသည်။

နှစ်ရက်ကြာ ရေပြတ်တောက်မည့် ၁၄ မြို့နယ်မှာ ရွှေပြည်သာ၊ အင်းစိန်၊ မရမ်းကုန်း၊ လှိုင်၊ လှိုင်သာယာ၊ ကမာရွတ်၊ ရန်ကင်း၊ ဗဟန်း၊ တာမွေ၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ သာကေတ၊ မင်္ဂလာတောင်ညွှန့်နှင့် ကျောက်တံတား မြို့နယ်များတွင် ရေပြတ်တောက်မည် ဖြစ်သည်။

ရန်ကုန်တိုင်းအတွင်းရှိ ကျန်ရှိသည့် မြို့နယ်များကို ငမိုးရိပ်ရေလှောင်ကန်နှင့် ဂျိုးဖြူရေလှောင်ကန်မှ ရေပုံမှန်ပေးဝေလျက်ရှိသည်။

J-10