News

POST TYPE

EDITOR PICK POST

ဆရာများ၏ ရင်ဖွင့်သံ (တက္ကသိုလ်ဝင်တန်း မေးခွန်းပုံစံ ပြောင်းလဲမှု)
29-Jun-2017 tagged as စာမေးပွဲ

ယခု (၂၀၁၇-၂၀၁၈) ပညာသင်နှစ်မှ စတင်၍ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဘာသာရပ်အလိုက် မေးခွန်းပုံစံများ ပြောင်းလဲရန် အဆင့်မြင့်ပညာ ဦးစီးဌာနမှ စာစစ်မှူးချုပ်များ စီစဉ်လျက်ရှိသည်။ ကျောင်းသားများ အနေနှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒ၊ ဇီဝဗေဒ၊ ပထဝီ၊ သမိုင်း၊ စိတ်ကြိုက် မြန်မာစာ ဆိုသည့် ဘာသာရပ် ၁၀ ခုကို သက်ဆိုင်ရာ ဘာသာတွဲအလိုက် ဖြေဆိုကြရသည်။ ပြောင်းလဲမည့် ဘာသာရပ်များနှင့် ပတ်သက်ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများ သိရှိရန် ဇူလိုင်လဆန်းတွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ထုတ်ပြန်ကြေညာမည် ဖြစ်သည်။ တက္ကသိုလ်ဝင်တန်းတွင် ဘာသာရပ် ၁၀ ခု ရှိသည့်အနက် အချို့ဘာသာရပ်များကို စဉ်းစားတွေးခေါ်မှုပိုင်းများ ထည့်သွင်းမေးမြန်းစေလိုကြောင်း အကြံပြုချက်များအရ ပြောင်းလဲရန် စီစဉ်ခြင်း ဖြစ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန ဒု/ညွှန်ချုပ် ဒေါက်တာအောင်အောင်မင်းက ပြောကြားသည်။ 
ယင်းအခြေအနေများနှင့် ပတ်သက်၍ လက်ရှိတက္ကသိုလ်ဝင်တန်း မေးခွန်းများသည် ပြင်ဆင်ရန် လိုအပ်မှု ရှိ၊ မရှိ ဆရာများ၏ ယူဆချက်၊ သဘောထားအမြင်များကို ယခုတစ်ပတ် ‘ဆရာများ၏ ရင်ဖွင့်သံ’ ကဏ္ဍမှ တစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။

“တော်တဲ့ကလေးတွေ အတွက် မေးခွန်းပုံစံပြောင်းတာ ဘာမှမထူးခြားပေမယ့် ညံ့တဲ့ကလေးတွေကျတော့ သိသိသာသာ ထူးခြားသွားမယ်”
ဦးဇော်ဇော်တိုး (အထက်တန်းပြ (သင်္ချာ)၊ လမ်းပြသူဘော်ဒါဆောင်၊ မြစ်ကြီးနားမြို့)

ပြောင်းလဲဖို့က လိုအပ်တယ်လို့လည်း ပြောလို့ရတယ်။ မလိုအပ်ဘူးလို့လည်း ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ ကလေးတွေက အစားစားရှိတာကိုး။ အစားစားရှိတယ် ဆိုတာ တချို့ကလေးတွေက သိပ်ပြီးတော်ကြတဲ့ အခါကျတော့ ဒီမေးခွန်းက လွယ်လွန်းနေသလို ဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ အခုလက်ရှိနယ်တွေမှာ သင်ရတဲ့ ကလေးကျတော့ များသောအားဖြင့် ၅ တန်းကနေ ၈ တန်းလောက်ထိ အခြေခံ ပါမလာကြဘူး။ အဲဒီလို အခြေခံပါမလာတဲ့ အခါကျတော့ သူတို့လို ကလေးတွေကို ၁၀ တန်း သင်ရတာ အင်မတန်မှ ခက်ခဲတယ်။ ကလေးတွေက ညီမျှမှု မရှိဘူး။ ကျွန်တော့်အမြင် ပြောရရင်တော့ ကျူရှင်တွေကြောင့် ကလေးတွေက ညီမျှမှု မရှိတာလို့ ထင်တယ်။ ဘာလို့လဲဆိုတော့ ပိုက်ဆံရှိတဲ့ ကလေးတွေက ကျူရှင်တွေ၊ အပြင်သင်တန်းတွေ တက်ပြီးတော့မှ သူတို့က တော်ပြီး အခြေခံတွေ ပါလာတယ်။ ပိုက်ဆံမရှိတဲ့ ကလေးတွေကျတော့ ကျူရှင်လည်း မတက်နိုင်၊ ကျောင်းတွေကလည်း ထိထိရောက်ရောက် မသင်ဆိုတဲ့အခါကျတော့ သူတို့လေးတွေက ညံ့ကြတာ များတယ်။ ပြီးရင် ကျွန်တော်တွေ့ရတဲ့ အတွေ့အကြုံအရ တချို့ကလေးတွေက ကျောင်းတွေမှာ သူတို့အတန်းပိုင်တွေဆီမှာ ကျူရှင်တက်တော့ အတန်းပိုင်တွေက စောစောကပြောတဲ့ ၅ တန်း၊ ၆ တန်း၊ ၇ တန်း၊ ၈ တန်း ကလေးတွေကို စာမေးပွဲပါမယ့် မေးခွန်းသုံးစုံလောက် သင်ပေးတာ ရှိတယ်။ တချို့ဆရာမတွေဆို တစ်စုံကွက်တိ သင်ပေးတာလည်း ရှိတယ်။ အဲလိုမျိုးတွေကြောင့်ပဲ။ ကျွန်တော်တို့သင်တဲ့ သင်္ချာဆိုရင် ဘာတွေသွားတွေ့ရလဲဆို ကလေးတွေက မေးခွန်းတွေကို အလွတ်ကျက် ပုံစံမျိုးပေါ့။ နှစ်ခေါက်သုံးခေါက် တွက်ပြီးတော့ မှတ်မိပြီး တက်လာတာ။ သင်္ချာရဲ့ သဘောတရားတွေကို နားမလည်ဘူး။ နားမလည်တဲ့ အခါကျတော့ အခု မေးခွန်းပုံစံ ပြောင်းမယ်ဆိုရင် အဲဒီကလေးတွေက များသောအားဖြင့် အခက်တွေ့ကြလိမ့်မယ်။ မနှစ်ကဆို ကျွန်တော်တို့ဆီမှာ ၃၀ ရာခိုင်နှုန်းလောက်ပဲ အောင်တယ်။ တကယ်တမ်း ကျွန်တော်တို့ စာသင်ကြည့်တဲ့ အခါမှာလည်း ကျောင်းသား ၇၀ ရာခိုင်နှုန်းလောက်က တကယ့်အခြေခံပါမလာဘူး။ အဲဒါမျိုးတွေ တွေ့ရတော့ မေးခွန်းပုံစံ ပြောင်းမယ်ဆိုရင် ဒီကလေးတွေကတော့ ကျဖို့ရာခိုင်နှုန်း ပိုများသွားတာပေါ့။ တော်တဲ့ကလေးတွေ အတွက်ကျတော့ ဒီမေးခွန်းပုံစံပြောင်းတဲ့အတွက် သူတို့မှာ အတွေ့အကြုံသစ်တွေ ရပြီးတော့မှ ဉာဏ်ပညာလည်း ပိုပါသွားတာပေါ့။ သူတို့က သဘောတရားရေး အပိုင်းကို ဦးစားပေးမေးမှာ ဆိုတော့လေ။

ဒါပေမဲ့ ကျွန်တော့်အမြင်ကတော့ ငယ်ငယ်က အခြေခံပါအောင် သေချာလေ့ကျင့်ပြီးမှ မေးခွန်းပုံစံ ပြောင်းတာ ကောင်းမယ်ထင်တယ်။ ဥပမာ- ၁၀ တန်း မေးခွန်းပြောင်းမယ်ဆိုရင် ၉ တန်းကတည်းက စပြောင်းပေါ့။ ကျွန်တော်တို့ အခုအခက်အခဲဖြစ်တာက ၉ တန်း Chapter ၁၀ က Trigonometric အခန်းကို များသောအားဖြင့် မသင်လိုက်ကြဘူး။ ဆရာ၊ ဆရာမတွေ ကိုယ်တိုင်က ပယ်လိုက်တာ။ တကယ်တမ်းတော့ အဲဒါက ၁၀ တန်းမှာ အရေးကြီးတယ်။ အဲဒါကို တချို့ဆရာမတွေက ပယ်တယ်။ တချို့ကျောင်းသားကိုယ်တိုင်က ပယ်တယ်။ ရွေးစရာရှိတယ်ဆိုပြီး ပယ်လိုက်ကြတယ်။ အဲဒီလို ပယ်လိုက်တဲ့ အခါကျတော့ တကယ် ၉ တန်းမှာ ကြည့်တဲ့ကလေးက ဆယ်ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ အဲဒီအခြေခံ ပါမလာတော့ အဲဒါမျိုးအခန်းတွေကို ကျွန်တော်တို့တွေ သင်ရတာ အရမ်းခက်သွားတယ်။ အဲဒီလို သင်္ချာ (၂) အခန်းတွေကို များသောအားဖြင့် ကလေးတွေက မကျွမ်းကျင်ကြဘူး။ မကျွမ်းကျင်တဲ့ အခါကျတော့ ခုမေးခွန်းပုံစံပြောင်းလို့ No Choice ဖြစ်သွားမယ်ဆိုရင် ကလေးတွေက ကျဖို့များသွားပြီ။ တော်တဲ့ကလေးတွေ ကျတော့လည်း အိမ်မှာ ဆရာတွေ ခေါ်သင်ထားတဲ့အတွက် အခြေခံက သူ့ဟာသူ ကောင်းပြီးသား ဆိုတော့ အဆင်ပြေတယ်။ ဒီတော့ တော်တဲ့ကလေးတွေအတွက် မေးခွန်းပုံစံပြောင်းတာ ဘာမှ မထူးခြားပေမယ့် ညံ့တဲ့ကလေးတွေကျတော့ သိသိသာသာ ထူးခြားသွားမယ်။ လက်ရှိမေးခွန်းတွေမှာလည်း ညံ့တဲ့ကလေးတွေ အတွက်ပဲ အဓိက အခက်အခဲ ဖြစ်တာပေါ့။ များသောအားဖြင့်တော့ ကျွန်တော်တို့ သင်ရတဲ့ ကလေးတွေက ကိုယ်ပိုင်တီထွင်ဉာဏ် အားနည်းတယ်။ နယ်ဆိုတော့ ပိုသိသာတယ်။ သူတို့ (ဝန်ကြီးဌာန) က ပြောင်းမယ်ဆိုတော့ ဘယ်လိုပုံစံ ပြောင်းမယ်ဆိုတာ မသိရသေးတော့ ဆရာ၊ ဆရာမတွေရဲ့ သင်ကြားမှုပိုင်းဆိုင်ရာ အခက်အခဲကတော့ စိတ်ထင့်တာမျိုးတော့ ဖြစ်နေတာပေါ့။ သတင်းသံတွေ ကြားတာက တစ်မှတ်တန် မပါတော့ဘူးတို့ ရွေးစရာ မရှိတော့ဘူးတို့ အဲဒီလိုမျိုးတွေ ဆိုတော့ ကိုယ်တွေက ဒီတစ်မှတ်တန်ကို သင်ပဲသင်ပေးရမှာလား ဆက်မသင်ဘဲ နေရမှာလားဆိုပြီး ဖြစ်နေတယ်။ မေးခွန်းဟောင်းအတိုင်းပဲ ဆက်သင်ရမလား။ ဒါမှမဟုတ် သူတို့မေးမယ့် ပုံစံကိုပဲ စောင့်ရဦးမလားဆိုပြီး စိတ်ထင့်တာမျိုးတော့ ဖြစ်တာပေါ့။ ဒါပေမဲ့ သင်နေကျ ပုံစံအတိုင်းတော့ လောလောဆယ်တော့ သင်နေရတာပေါ့၊ စိတ်ထဲမှာတော့ နည်းနည်းပူတယ်။                                             

“ပြောချင်တာက ယုံကြည်ကိုးစားနိုင်လောက်တဲ့ မေးခွန်းဖြစ်ရမယ်ပေါ့”
ကိုဌေး (နတ်မောက်) (အထက်တန်းပြဟောင်း၊ နတ်မောက်မြို့၊ မကွေးတိုင်း)

ပြောင်းလဲသင့်ပါတယ်။ လက်ရှိမေးခွန်းပုံစံ ၂၀၁၁ က နေပြီးတော့ ပြီးခဲ့တဲ့နှစ် ၂၀၁၇ ထိအောင် မေးခွန်းပုံစံက အဆင့်အတန်း တော်တော်နိမ့်တယ်။ အဆင့်မြင့်မြင့်လေး ပြန်လုပ်ပေးသင့်တယ်။ မေးခွန်းပုံစံ ပြောင်းသလို သင်ရိုးတွေလည်း ပြန်ပြင်ပေးသင့်တယ်။ မေးခွန်းပြောင်းသင့်တာက မြန်မာစာတစ်ခုက လွဲပြီးတော့ အကုန်လုံး ပြောင်းသင့်ပါတယ်။

ပြောချင်တာက ဒီမေးခွန်းတွေက ယုံကြည်အားထားရတဲ့မေးခွန်း (Reliable) မဖြစ်ဘူးပေါ့ဗျာ။ မေးခွန်းက အခက်အခဲတော့ မရှိပါဘူး။ ကလေးတွေက ပညာရေး အခြေခံနိမ့်နေတော့ ခက်တယ်လို့ ထင်နေကြတာပေါ့။ ချက်ချင်းကြီးပြောင်းလိုက်ရင် အခက်အခဲဆိုတာ ရှိမှာပဲ။ ကျွန်တော်တို့ ငယ်ငယ်တုန်းကလည်း စနစ်တစ်ခုကနေ စနစ်တစ်ခုကိုပြောင်းရင် အခက်အခဲဆိုတာ ရှိတာပဲလေ။ ကလေးတွေကို ခက်ခဲစေမှာလား၊ နိုင်ငံတော်ကို ကောင်းစေချင်တာလားဆိုရင် နိုင်ငံတော်ကို ကောင်းစေချင်တဲ့ အတွက်ကြောင့် မေးခွန်းက ပြုပြင်ရမယ်။ အမှန်ကတော့ စာမေးပွဲစနစ် မေးခွန်းရှိရမယ်ပေါ့ဗျာ။ ဒါကလည်း ကျယ်ပြန့်ပါတယ်။ ခင်ဗျားမေးတဲ့ မေးခွန်းကို ပြန်ချုပ်ရရင် လက်ရှိမေးခွန်းကို ပြောင်းလဲသင့်တာ ကြာပါပြီ။ ဒီ ၂၀၁၈ မှာ မေးခွန်းပုံစံအသစ် ဖြစ်ရမယ်။ အဲဒီမေးခွန်းပုံစံကလည်း အဆင့်မြင့်ရမယ်။ ပြောချင်တာက ယုံကြည်ကိုးစားနိုင်လောက်တဲ့ မေးခွန်းဖြစ်ရမယ်ပေါ့။

ဒါက အရည်အချင်းမရှိတဲ့ ကလေးတွေ အတွက်တော့ ဘယ်လိုမေးခွန်းပဲဖြစ်ဖြစ် အခက်အခဲဖြစ်မှာပဲ။ ကျွန်တော့်ရဲ့ နည်းကတော့ ပုံစံတွေ ဘယ်လောက်ပဲပြောင်းပြောင်း ရကို ရရမယ်ပေါ့။ တချို့ဆရာတွေကတော့ ဒီလိုမေးခွန်းတွေ မလုပ်သင့်ဘူး ပြောချင်ပြောကြလိမ့်မယ်။ ကျွန်တော်တို့ကတော့ တိုင်းပြည်ကို ချစ်တဲ့အတွက်ကြောင့် တိုင်းပြည်ကိုချစ်တဲ့သူတွေဆိုရင် စာမေးပွဲအဆင့်ကို မြှင့်ကိုမြှင့်ရလိမ့်မယ်။ ကလေးတွေက တတ်ကိုတတ်ရမယ်လို့ မြင်ပါတယ်။ မေးခွန်းပုံစံ ပြောင်းမှာမို့ ဆရာ၊ ဆရာမတွေ စာသင်ရတာတော့ အခက်အခဲ မဖြစ်နိုင်ပါဘူး။ ကိုယ်ကိုယ်တိုင်က ကျောင်းဆရာတစ်ယောက်ဖြစ်လို့ဗျ။ မေးခွန်းပုံစံ ဘယ်လိုပဲပြောင်းပြောင်း သင်ခန်းစာကို ကျေညက်အောင် သင်ထားမယ်ဆိုရင် ဘယ်လိုမေးခွန်းမျိုးပဲလာလာ သင်ကိုသင်နိုင်ရမယ်။ အခုလက်ရှိမေးခွန်းက မေးခွန်းပုံစံ မမှန်တဲ့ အတွက်ကြောင့် အခန်းကို ရွေးသင်လို့ ရနေတယ်။ တကယ်လို့ မေးခွန်းပုံစံ အပြောင်းအလဲ မသိရသေးလို့ စာသင်ရတာ အခက်အခဲ ရှိတယ်လို့ ပြောတဲ့ ဆရာ၊ ဆရာမ ရှိတယ်ဆိုရင် အဲဒီဆရာက စာမသင်လို့ပါလို့ ကျွန်တော်တို့က ပြန်ပြောရမှာပဲလေ။ ဥပမာ သင်ရမယ့် သင်ခန်းစာ ၁၀ ခန်း ရှိတယ်ဆိုလို့ရှိရင် ၁၀ ခန်းလုံး ကုန်အောင်သင်ဖို့ လိုတယ်။ မေးခွန်းပုံစံ ဘယ်လိုပဲလာလာပေါ့။                                      

“သင်ကြားနည်း ပြောင်းမပေးဘူး ဆိုရင်တော့ အဲဒီပုံစံကို မကြိုက်ဘူး။ ပြောင်းသင့်တာတော့ မှန်တယ်”
ဦးဖြိုးဝေအောင် (အထက်တန်းပြ၊ အ.ထ.က - ရှားပေါင်၊ ပေါင်းတည်မြို့နယ်၊ ပဲခူးတိုင်း)

ကျွန်တော့်အနေနဲ့ ပြောရရင် အမှန်တကယ် ဘာသာတိုင်းလိုလို ပြောင်းသင့်တာတော့ မှန်တယ်။ သူတို့က အလွတ်ကျက်မှတ်တဲ့စနစ်ကို ဦးစားပေးတာလည်း များတယ်လေ။ ဒါပေမဲ့ ပညာရေး သဘောအရ စစ်ဆေးမှုပုံစံတွေပြောင်းရင် သင်ကြားတဲ့နည်းပါ လိုက်ပြောင်းရတယ်။ အခုဟာက သင်ကြားတဲ့နည်းကို မပြောင်းဘူး။ သင်ကြားတဲ့ဟာကို သေချာအလေးအနက် မထားဘဲနဲ့မှ သင်ကြားနည်း ပြောင်းမပေးဘူး ဆိုရင်တော့ အဲဒီပုံစံကို မကြိုက်ဘူး။ ပြောင်းသင့်တာတော့ မှန်တယ်။
လက်ရှိမေးခွန်းမှာ ကျောင်းသားတွေအတွက် အခက်အခဲဆိုတာ ရှိတာပေါ့။ ကျွန်တော် အင်္ဂလိပ်စာနဲ့ ပတ်သက်လို့ ပြောရရင် အကုန်လုံးက အမှတ် ၄၀၊ ၄၀ သာသာနဲ့ အောင်တာများတယ်။ အဲဒီကလေးတွေ ကြည့်လိုက်ရင် အဓိက အရေးကြီးတဲ့ Writing အပိုင်းတွေ၊ Essay တို၊ Letter တို့ အဲဒါတွေကို မဖြေဘဲနဲ့ အောင်လာတဲ့ကလေးတွေ များတယ်။ Text book ကိုပဲ ကြည့်ပြီးတော့ ဖြေမယ်ဆိုလို့ရှိရင် အောင်တော့ အောင်သွားတယ်။ အောင်မှတ်တော့ ရတယ်။ တတ်မြောက်မှုကတော့ တော်တော်အားနည်းတယ်။ ဒါပေမဲ့ ဓာတုလို ဘာသာရပ်မျိုး ဆိုရင်တော့ ၈ ပုဒ်လောက်ကို အပိုင်ကျက်ပြီး နားလည်လည်၊ နားမလည်လည် ၈ မှတ် အပိုင်ရအောင် တန်းရေးလို့ရတဲ့ မေးခွန်းမျိုးတွေလည်း ပါနေတယ်။ အဲဒီလိုမျိုးတွေကျတော့ ဖြုတ်သင့်တယ်ပေါ့နော်။ ကလေးတွေကို စဉ်းစားတွေးခေါ်တဲ့အပိုင်းမျိုး မေးခွန်းတွေ ထည့်သင့်တာတော့ တကယ်မှန်တယ်။

မေးခွန်းပြောင်းတာ ၁၀ တန်း မပြောင်းခင် ၈ တန်းတို့၊ ၉ တန်းတို့ကို အရင်ပြောင်းရမယ်တော့ မဟုတ်ဘူးဗျ။ အဲဒီလိုမျိုး စောင့်နေရင်တော့ ကျွန်တော်တို့ ပြောင်းဖြစ်မှာ မဟုတ်ဘူး။ ကျွန်တော်ကတော့ ပြောင်းရမယ်။ ဒါပေမဲ့ ပြောင်းမယ့်ပုံစံက အဓိကကျ တယ်။ ပြောင်းတဲ့ပုံစံက ဥပမာ ကျွန်တော်က ဓာတုဗေဒဆရာ ဆိုတော့ ဓာတုဗေဒ ဘာသာရပ်တွေက နံပါတ်အလိုက် အသေးစိတ် စိစစ်ပြီးခါမှ ဘယ်နံပါတ်မျိုးတွေ စပြောင်းမယ်ဆိုပြီး နံပါတ်တစ်ခုချင်းစီကို လိုက်ပြီးပြောင်းမယ် ဆိုရင်တော့ ပိုပြီးတော့ အဆင်ပြေမယ်။ နို့မို့ဆိုရင် နှစ်တွေ အများကြီး စောင့်နေရမှာပေါ့။ တစ်ခုချင်းစီ စပြောင်းသင့်တယ်လို့ ထင်ပါတယ်။

ပြောင်းမယ်လို့သိပြီး ဘယ်လိုပုံစံ ပြောင်းမယ်ဆိုတာ မသိသေးတော့ ဆရာ၊ ဆရာမတွေ လက်ရှိစာသင်ကြားရာမှာ အခက်အခဲ ဖြစ်နိုင်လားဆိုတော့ ကျွန်တော့်အတွက်ပဲ ပြောမယ်။ ကျွန်တော်ကတော့ စာမေးပွဲကို ဦးတည်ပြီး ဘယ်တော့မှ မသင်ဘူးဗျာ။ ဒီသင်ရိုးမှာ ရှိလို့ သင်ရမယ့် ဘာသာရပ်အကုန်လုံးကို သင်တယ်။ ကလေးတွေ အကုန်လုံးကို သင်ပေးလိုက်လို့ ဘယ်မေးခွန်း ပြောင်းပြောင်း သူတိုသိသလောက် တတ်သလောက် အကောင်းဆုံးဖြေခဲ့ဖို့ပဲ။ မေးခွန်းပေါ်ကို မူတည်ပြီး သင်တာမျိုး မရှိဘူး။ သင်ရမယ့်သင်ရိုးနဲ့ သင်ရမယ့်စာ အပေါ်မှာ မူတည်ပြီးတော့ပဲ သင်တယ်။ အဲဒီအတွက်ကြောင့်မို့လို့ မေးခွန်းပြောင်းခြင်း၊ မပြောင်းခြင်း အပေါ် မှာ သိပ်ပြီးအာရုံမစိုက်မိဘူး။ ကိုယ့်ထက်နားလည်တဲ့သူတွေ ပြောင်းဖို့လုပ်တာပဲ ကျွန်တော်တို့က သိပ်ပြောစရာ မရှိဘူးပေါ့။ စောစောက ပြောသလိုပဲ သင်ကြားနည်းနဲ့ သင်ကြားရတဲ့ပမာဏတွေ မပြောင်းလဲပဲနဲ့တော့ စစ်ဆေးတဲ့ပုံစံကို သေချာစိစစ်ပြီးတော့ ပြောင်းသင့်တယ်လို့တော့ ထင်တာပဲ။      

ရွှေဖူးခင်