News

POST TYPE

EDITOR PICK POST

ရန်ကုန်နှင့် ယာဉ်ကြောအခြေအနေ
26-Jun-2017 tagged as ရန်ကုန် ယာဉ်

ရန်ကုန်မြို့တော်အတွင်း ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ဖွဲ့စည်း၍ ဖြေရှင်းနေခြင်းအပေါ် ယာဉ်မောင်းသူတို့၏ အမြင်များကို စုစည်းဖော်ပြအပ်ပါသည်။

“ရန်ကုန်ကားပိတ်တာဟာ မြန်မာတစ်ပြည်လုံး အတိုင်းအတာနဲ့ပါ စီးပွားရေးကို ထိခိုက်မှာပဲ”
ဦးကိုကိုဇော် (ကိုယ်ပိုင်ယာဉ်မောင်း)

မြန်မာပြည်လို တိုင်းပြည်မှာ ကိုယ်ပိုင်ကားထက်စာရင် Public Transportation (အများပြည်သူ သယ်ယူပို့ဆောင်ရေး) ကို ဖွံ့ဖြိုးအောင် လူတိုင်းစိတ်ချ လက်ချသုံးနိုင်တဲ့ Quality ရှိအောင် အရင်လုပ်ပေးရမှာကို ကားရပ်ဖို့ နေရာရယ်၊ လမ်းရယ် အဆင်သင့် မဖြစ်သေးဘဲ ကားတွေပေါပေါလောလော ပေးသွင်းရာကနေ စတဲ့ပြဿနာပါပဲ။ သူတို့လုပ်လို့ ရန်ကုန်မြို့ရဲ့ ဆုံးရှုံးမှုက မနည်းဘူး။ စဉ်းစားကြည့်လေ။ ကျွန်တော်တို့ ငယ်ငယ်က မြို့ထဲနဲ့ မြို့ပြင်ကို နာရီဝက်မောင်းရင် ရောက်တယ်။ အခုက တစ်နာရီခွဲလောက် မောင်းရတယ်။ အဲဒီတော့ မြို့ပြင်က လူတစ်ယောက် မြို့ထဲအလုပ်လာလုပ်ရင် ဒါမှမဟုတ် မြို့ထဲကလူ မြို့ပြင်အလုပ်လာလုပ်ရင် တစ်ရက်ကို နှစ်နာရီအသားတင် ကားပေါ်မှာ ကုန်တယ်။ ပုံမှန်အလုပ်ချိန်က တစ်ရက် ရှစ်နာရီပဲ ရှိတာ။ အဲဒါကို နှစ်နာရီ ထပ်ဆောင်းရတာ အတော်များနေပြီ။ ရန်ကုန်က မြန်မာပြည် GDP ရဲ့ ၂၅ ရာနှုန်း ထွက်တယ်။ အဲဒီတော့ ရန်ကုန်ကားပိတ်တာဟာ မြန်မာတစ်ပြည်လုံး အတိုင်းအတာနဲ့ပါ စီးပွားရေးကို ထိခိုက်မှာပဲ။ လက်ရှိအစိုးရက ယာဉ်ကြောပိတ်တာ သက်သာအောင် လုပ်နေတယ်။ နည်းနည်းတော့ လျော့သွားတယ်။ သိသိသာသာတော့ မဟုတ်သေးဘူး။ ဘာလို့ဆို ပြဿနာရဲ့ အရင်းအမြစ်က ကားရပ်စရာနေရာနဲ့ ကားရှိတဲ့ ပမာဏနဲ့ မမျှဖြစ်နေတာလေ။ ဒါကိုရှင်းဖို့က ရပ်စရာ နေရာကလည်း ထပ်ချဲ့ဖို့မလွယ်ဘူး။ ကားတွေလည်း ချက်ချင်းလျှော့လို့မှ မရတာ။ ကျွန်တော့် အမြင်ကတော့ ရန်ကုန်ရဲ့ အနာဂတ်ဟာ လူတိုင်းသုံးနိုင်တဲ့ ကောင်းမွန်လုံလောက်တဲ့ မြို့ပတ်ရထားလိုဟာမျိုး မရှိရင် မကောင်းဘူးလို့ မြင်ပါတယ်။ ကားက ဂိတ်ဆုံးနေပြီ။ ဆေးမမီတော့ဘူး။ ရထားမရှိသေးခင်စပ်ကြား ဘတ်စ်ကားနဲ့ ခဏခုထားလို့ပဲ ရမယ်။ ဘတ်စ်ကားသည် ရေရှည်အဖြေလို့ မထင်ပါဘူး။

အဲဒီတော့ နည်းလမ်းကတစ်ခုပဲ ကျန်တယ်။ ကားတွေကို ရန်ကုန်တစ်မြို့လုံး ဘယ်နေရာရပ်ရပ် အခွန်ကောက်ပါ။ ကိုယ်ပိုင်မြေ မဟုတ်ရင် ဘယ်နေရာပဲဖြစ်ဖြစ်ကောက်ပါ။ ဘယ်လောက်ကောက်မလဲ ဆိုတာကိုတော့ ဘယ်နေရာတွေမှာ ယာဉ်ကြောအပိတ်ဆုံးလဲ ဆိုတာပေါ် မူတည်ပြီး အစိုးရက ဆုံးဖြတ်ရမယ် ထင်တယ်။ ဥပမာပြောရရင် ရွှေပြည်သာမှာ ရပ်ရတာနဲ့ ကျောက်တံတားမှာ ရပ်တာတော့ အခွန်တူတူ ကောက်မရဘူးပေါ့လေ။ အဲဒါဆိုရင်တော့ အတော်အတန် သက်သာသွားမယ် ထင်တာပဲ။ ဒါပေမဲ့ အဲ့လိုလုပ်ချင်ရင် Public Transport တော့ အခုထက်ကောင်းဖို့ လိုမယ်ဗျ။ နောက်တစ်ခုက ဘတ်စ်ကားတွေအတွက် ပေးထားတဲ့ ညာဘက်စွန်းလမ်းမှာ ဝင်မောင်းတဲ့ သူတွေကိုလည်း ထိထိရောက်ရောက်ဖမ်းဖို့ လိုမယ်။ မှတ်တိုင်အကြာကြီးရပ်တဲ့ ဘတ်စ်ကားတွေ၊ လမ်းလယ်မှာရပ်တဲ့ ကားတွေကိုလည်း အရေးယူရမယ်။ လမ်းဘေးမှာ ရပ်စရာရှိအောင် လမ်းဘေးဈေးသည်တွေလည်း မရှိမှဖြစ်မယ်။ ဒါဆိုရင်တော့ နည်းနည်းတော့ သိသာသွားမှာပါ။                                                        

“အခုဆိုရင်တော့ အရင်ကလောက်ကြီး မပိတ်တော့ဘူးလို့ မြင်တယ်”
ဒေါ်ဖြူနှင်းခိုင် (ကိုယ်ပိုင်ယာဉ်မောင်း) 

အခုလက်ရှိမှာ လမ်းတွေပိတ်တဲ့အတွက် ဘယ်လိုအခက်အခဲတွေ ရှိနေလဲဆိုတော့ ကားမောင်းတဲ့အခါ အချိန်တွေ အရမ်းကုန်ပါတယ်။ နောက် အခုလို မိုးရာသီမှာ ကားပိတ်တော့ ပိုဆိုးတယ်။ ဘတ်စ်ကားတွေ၊ တက္ကစီတွေ စည်းကမ်းလုံးဝမရှိဘဲ ရပ်ချင်သလိုတွေ  ကောက်ရပ်တာတွေရယ်၊ တချို့အိမ်ကားတွေကလည်း မရပ်သင့်တဲ့နေရာမှာ ကားတွေ ရပ်ထားတတ်တယ်။ အဲဒါမျိုးဆို သူ့တစ်စီးတည်းကြောင့် ကျန်တဲ့ကားတွေ သွားရတာ အရမ်းခက်ခဲပြီး ကားပိတ်ကုန်တာပေါ့နော်။ ယာဉ်လမ်းကြောင်း အပိတ်ဆုံးလို့ ထင်တဲ့နေရာတွေဆို တာမွေလမ်းဆုံလို နေရာမျိုးတွေ၊ နောက် ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်းတွေဆို ကားတွေ အရမ်းပိတ်လေ့ ရှိတယ်။ အခုဆိုရင်တော့ အရင်ကလောက်ကြီး မပိတ်တော့ဘူးလို့ မြင်တယ်။ ဘာလို့လဲ ဆိုတာတော့ သေချာမပြောတတ်ဘူး။ အဓိကက တံတားတွေထိုးလို့ ထင်ပါတယ်။ နောက်ပြီး မော်တော်ပီကယ်တွေလည်း အရင်ကထက်စာရင် ပိုအလုပ်လုပ်လာတာ မြင်တယ်။ အဓိကကတော့ Traffic ကျပ်လေ့ရှိတဲ့ နေရာတွေမှာ ယာဉ်ထိန်းရဲတွေ ထားပေးထားတာမျိုး၊ နောက် ဘတ်စ်ကားတွေ၊ တက္ကစီတွေကို စည်းကမ်းရှိအောင် လုပ်ပေးလိုက်မယ်ဆို အခုယာဉ်ကြောကျပ်တာတွေေ လျာ့လာမယ်လို့ ထင်ပါတယ်။         

“စည်းကမ်းတကျမောင်းရင် ယာဉ်ကြောကျပ်ရင်တောင် ရှင်းလို့လွယ်နိုင်တယ်” 
ဦးအောင်မျိုးလင်း (ခရီးသည်တင်ယာဉ်မောင်း)

အရင်တုန်းက နေ့စဉ်နဲ့အမျှ ကားမောင်းရတာ ယာဉ်ကြောတွေ ပိတ်ဆို့နေတာနဲ့ပဲ အချိန်ကုန်နေရတယ်။ အဓိက ယာဉ်မောင်းတွေ ယာဉ်စည်းကမ်းမလိုက်နာတာကြောင့်ပါ။ စည်းကမ်းတကျမောင်းရင် ယာဉ်ကြောကျပ်ရင်တောင် ရှင်းလို့လွယ်နိုင်တယ်။ အချိန်အရမ်းမပေးရဘူးပေါ့။ ဒါပေမဲ့ မထသစနစ် တစ်လျှောက်လုံး ယာဉ်ကြောပိတ်ဆို့တယ် ဆိုတာနဲ့ပဲ သံသရာလည်ခဲ့တယ်။ အခု YBS စနစ်မှာတော့ နည်းနည်းတော့ အဆင်ပြေလာတာ တွေ့ရပါတယ်။ အများအားဖြင့်တော့ အဆင်မပြေဘူးဆိုတဲ့ အသံပဲ ထွက်နေတာပေါ့နော်။ ဒါကလည်း လုပ်ငန်းအထိုင်မကျသေးလို့ ဖြစ်နေတာပါ။ အပြောင်းအလဲတစ်ခုမှာ အချိန်တော့ ပေးရမယ်။ လက်ရှိဒီစနစ်မှာ လိုအပ်ချက်တွေ အများကြီး ရှိပါတယ်။ အဆင်သင့် မဖြစ်သေးဘဲ ထလုပ်တာ အမှားပေါ့။ ဒါပေမဲ့ ကောင်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြောင်းလဲတာပေါ့။ အရင်က ပိတ်ရင် တစ်နာရီ၊ တစ်နာရီခွဲလောက် ကြာတယ်။ ကျော်တက်မောင်းနှင်တာ၊ အလုအယက် မောင်းနှင်တာတွေက ပိုများတယ်။ အခုကပိတ်ပေမယ့် အကြာကြီးမပိတ်ဘူး။ ယာဉ်ကြောပိတ်ချိန် ကွာခြားသွားပါတယ်။ အခုက ကားကို အချိန်နဲ့ ထိန်းမောင်းတာ များတယ်။ အရမ်းကြီး ကျော်တက်မောင်းတာ မရှိတော့ဘူး။ မီးပွိုင့်တပ်ဆင်တဲ့ နေရာမှာလည်း စနစ်တကျ ဖြစ်လာရင် နောက်ပိုင်း ယာဉ်ကြောကျပ်တည်းတာ လျော့ကျမယ်လို့ ထင်တယ်။   
                                          
ခိုင်ချယ်ရီထွန်း 

ABOUT AUTHOR

ခိုင်ချယ်ရီထွန်း (ခိုင်ချယ်ရီထွန်း)