News

POST TYPE

EDITOR PICK POST

မြန်မာနိုင်ငံ ရွက်လှေအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစည်သူမိုးမြင့်နှင့် တွေ့ဆုံခြင်း
25-Jun-2017 tagged as

မလေးရှားနိုင်ငံ၌ ကျင်းပမည့် ၂၉ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့် ရွက်လှေအားကစားနည်းကို မြန်မာရွက်လှေအဖွဲ့ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။ ယင်းပြိုင်ပွဲအတွက် ကြိုတင်လေ့ကျင့် ပြင်ဆင်နေမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရွက်လှေအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစည်သူမိုးမြင့်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ် အနေနဲ့ ဆီးဂိမ်းအတွက် လှုပ်ရှားမှုတွေက။ 

USTMM : ကျွန်တော်တို့ ရွက်လှေက ၂၀၁၃ ခုနှစ် နောက်ပိုင်း ခါးဆက်ပြတ်သွားပါတယ်။ အကြီးတန်း ကစားသမားတွေက အသက်ကြီးပြီဆိုပြီး မကစားဖြစ်တော့တဲ့ အချိန်မှာ အငယ်တန်းတွေက တက်မလာဘူး။ အဓိက ကတော့ ကလေးတွေက ပညာရေးကို ဂရုစိုက်နေရပြီး ကျောင်းတွေ၊ ကျူရှင်တွေနဲ့ မအားတော့ မကစားဖြစ်ကြဘူး။ အဲဒီအတွက် ကျွန်တော်တို့ ၂၀၁၄၊ ၂၀၁၅ လောက်ကနေစပြီး မျိုးဆက်သစ်တွေ မွေးတဲ့အနေနဲ့ လူငယ်ပြိုင်ပွဲတွေ (Discover Sailing) တွေ လုပ်တယ်။ ပြည်တွင်းမှာရှိတဲ့ ကျောင်းတွေမှာ စည်းရုံးပြီး လုပ်ခဲ့လို့ အခုဆိုရင် လူငယ်အင်အား လေးဆယ်နဲ့ ငါးဆယ်ကြား ရှိလာပြီ။ တောင့်တင်းတဲ့ အနေအထားမှာ ရှိနေပါပြီ။ အဲဒီအပြင် အလတ်တန်းတွေကိုလည်း ပြင်ဆင်နေတာ ရှိနေပါတယ်။ ဆိုတော့ လာမယ့် ဆီးဂိမ်းမှာ လူငယ်ကစားသမားတွေနဲ့ပဲ ယှဉ်ပြိုင်မှာပါ။ 

Voice : ဆီးဂိမ်းပြိုင်ပွဲမှာ အမျိုးအစား ဘယ်နှမျိုး ယှဉ်ပြိုင်မလဲ။ 

USTMM : ပြိုင်နေကျဖြစ်တဲ့ အသက် ၁၅ နှစ် အောက် ပြိုင်ပွဲကို ယှဉ်ပြိုင်မယ်။ အဲဒီမှာ အမျိုးသား၊ အမျိုးသမီး ခွဲထားတယ်။ အဲဒီအပြင်ကို အသက် ၁၉ နှစ်အောက်ပြိုင်ပွဲ ပြိုင်ပွဲတွေ ဝင်ပြိုင်ဖို့ စီစဉ်ထားတယ်။ 

Voice : လူငယ်ပြိုင်ပွဲတွေပဲ။ ဆိုတော့ဗျာ လူငယ်ပြိုင်ပွဲတွေပဲ ဝင်ပြိုင်ဖြစ်တဲ့အကြောင်းက။ 

USTMM : အတန်းပြည့်ယှဉ်ပြိုင်ဖို့တော့ မရှိဘူး။ ဘာကြောင့်လဲဆိုတော့ ပထမအချက်အနေနဲ့ ကျွန်တော်တို့ ရွက်လှေအားကစားနည်းက ကုန်ကျစရိတ်များတဲ့ အားကစားနည်းတစ်ခု ဖြစ်တယ်။ အကြီးတန်းပိုင်းရောက်ရင် နောက်ကပံ့ပိုးရတာ အရမ်းကိုများတယ်။ တချို့ပြိုင်ပွဲဝင်လှေတွေဆို ကားတစ်စီးတန်ဖိုးလောက် ရှိတယ်။ အဲဒီလောက်ထိ ပံ့ပိုးပေးနိုင်ဖို့က သိပ်မလွယ်ဘူး။ အဲဒီတော့ ကျွန်တော်တို့ ဦးစားပေး လုပ်သွားမှာက အလတ်ပိုင်းနဲ့ အငယ်ပိုင်းကို ဆုတံဆိပ်ရဖို့ လုပ်သွားမှာပါ။ နောက်တစ်ခုကတော့ အတွေ့အကြုံတွေရဖို့ပါ။ 

Voice : ပြိုင်ပွဲမတိုင်ခင်မှာ ရွက်လှေအဖွဲ့ချုပ် အနေနဲ့ ကစားသမားတွေကို ဘယ်လိုလေ့ကျင့်မှုတွေ လုပ်ပေးထားသလဲ။ 

USTMM : ပြည်ပမှာသွားပြီး လေ့ကျင့်ဖို့လည်း စီစဉ်နေတာ ရှိပါတယ်။ ပြီးခဲ့တဲ့သုံးပတ်က အာဂျင်တီးနားက လူငယ်နည်းပြကိုခေါ်ပြီး တစ်လလေ့ကျင့်စေပါတယ်။ ပြီးခဲ့တဲ့ ဗီယက်နမ် ဖိတ်ခ်ါပြိုင်ပွဲမှာ အမျိုးသမီး အားကစားမယ်က တတိယချိတ်ပါတယ်။ အဲဒီကောင်မလေးက အခုမှ ၁၀ နှစ်ပဲ ရှိသေးတာဆိုတော့ ၁၅ နှစ် အောက် အငယ်တန်းမှာ ကစားခွင့် ရှိတယ်လေ။ နောက်လထဲမှာ အသက် ၁၅ နှစ်အောက် ကမ္ဘာ့လူငယ်ပြိုင်ပွဲကို ထိုင်းနိုင်ငံမှာ ကျင်းပဖို့ ရှိတယ်။ အဲဒီကို ပထမအဆင့်ရှိတဲ့ အသင်းကို စေလွှတ်မယ်။ ထူးခြားလာတာက အရင်က အာရှအဆင့်၊ ကမ္ဘာ့အဆင့်နဲ့ ဥရောပအဆင့်ဆိုပြီး အဆင့်အတန်း ခွဲခြားတာရှိတယ်။ အာရှနိုင်ငံတွေက အဲဒီတုန်းက အောက်ပိုင်းမှာ ရှိတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း ခုနစ်နှစ်၊ ရှစ်နှစ်အတွင်းမှာ လူငယ်တန်း အသက် ၈ နှစ် အထက်ကနေ ၁၉ နှစ်အထိ အတန်းတွေမှာ အရှေ့တောင်အာရှနိုင်ငံတွေထဲက စင်ကာပူ၊ ထိုင်း၊ မလေးရှားတို့က အကောင်းဆုံးတွေ ဖြစ်သွားပြီ။ အရှေ့တောင်အာရှအဆင့် ပြိုင်ပွဲတွေကလည်း အရင်လို မဟုတ်တော့ဘူး။ ကမ္ဘာ့အဆင့် ဖြစ်သွားပြီ။ အဲဒါကို ကြောက်စရာမလိုဘူး။ ကျွန်တော်ကတော့ အခွင့်အလမ်းလို့ မြင်တယ်။ 

Voice : လာမယ့် ဆီးဂိမ်းမှာ ဘယ်နိုင်ငံတွေက အဓိကပြိုင်ဘက် ဖြစ်မလဲ။ 

USTMM : လက်ရှိ ကမ္ဘာ့လူငယ်ပွဲတွေမှာ ရှေ့ဆုံးရောက်နေပြီဖြစ်တဲ့ မလေးရှား၊ စင်ကာပူ၊ ထိုင်းတို့က အရမ်းကို တိုးတက်သွားပြီ။ အဲဒီအတွက် သူတို့ကိုပဲ အဓိကထား ယှဉ်ပြိုင်ရမှာပါ။ 

Voice : အဲဒီပြိုင်ပွဲမှာ မြန်မာရွက်လှေအားကစားအဖွဲ့ အနေနဲ့ ဆုတံဆိပ် ဘယ်နှခုရဖို့ မျှော်မှန်းထားသလဲ။ 

USTMM : ကျွန်တော်တို့ ဆုတံဆိပ်နဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် အခုချိန်မှာ ပြောဖို့တော်တော်ခက် ပါတယ်။ ရွှေရမယ်၊ ငွေရမယ်လို့ မပြောလိုသေးဘူး။ အဲလိုဆိုရင် ကစားသမားကို ဖိအားပေးသလို ဖြစ်နေနိုင်တယ်။ ဆုရနိုင်တဲ့ အနေအထားတွေတော့ ရှိတယ်။ အဓိကကတော့ အတွေ့အကြုံ လိုချင်တာပါ။ ဆုရဖို့လည်း အလားလာတွေ ရှိပါတယ်။ 

Voice : မြန်မာရွက်လှေ အားကစားအဖွဲ့ အနေနဲ့ ကစားသမားဘယ်နှဦးနဲ့ ယှဉ်ပြိုင်မှာလဲဗျ။ 

USTMM : အခုချိန်မှာ သွားပြိုင်မယ့် စာရင်းကိုတော့ မထုတ်ပြန်နိုင်သေးဘူး။ အဲဒါကို အဖွဲ့ချုပ်နဲ့ တိုင်ပင်ပြီး အကြောင်းပြန်ပေးမှာပါ။ အရေအတွက်ကတော့ လျာထားပြီးပါပြီ။ အမည်စာရင်းတွေကိုတော့ ပြောလို့မရသေးဘူး။ ဆီးဂိမ်းပြိုင်ပွဲမှာက တစ်နိုင်ငံကို အမျိုးအစားတစ်ခုပဲ ကစားခွင့်ရလို့ပါ။ 

Voice : မြန်မာ့ရွက်လှေအားကစား ဖွံ့ဖြိုးတိုးတက်ဖို့ ဘာတွေဆက်လုပ်ဖို့ ရှိသေးလဲ။ 

USTMM : ရွက်လှေအားကစား ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းတွေမှာ စည်းရုံးမှုတွေ လုပ်သွားမှာပါ။ စင်ကာပူဆိုရင် သူတို့က ကျွန်းနိုင်ငံဖြစ်တဲ့အတွက် Water Sport ကို သူတို့နိုင်ငံရဲ့ အားကစားဖြစ်ဖို့  ရွက်လှေနဲ့ရေကူးကို ကျောင်းတိုင်းမှာ မဖြစ်မနေ ထည့်သင်ဖို့ လုပ်နေတယ်။ ထိုင်းနိုင်ငံကလည်း ရေတပ်က အရာရှိ၊ စစ်သည်တွေရဲ့ သားသမီးတွေ အားလုံး ရွက်လှေကစားရမယ်။ ရေကူးရမယ်ဆိုပြီး သတ်မှတ်ထားလို့ သူတို့ရဲ့ တိုးတက်မှုနှုန်းတွေ မြင့်တက်လာတယ်။ ကျွန်တော်တို့လည်း အဲဒါကို အတုခိုးတဲ့အနေနဲ့ အခုဆိုရင် ကျောင်းတွေမှာ စည်းရုံးမှုတွေ လုပ်တယ်။ အဓိက အခက်အခဲက ကလေးတွေအတွက် ကျောင်းတစ်ပိုင်း၊ ကျူရှင်တစ်ပိုင်း ဖြစ်နေတာ။ အဲဒီအတွက် ကျောင်းတွေကို မစည်းရုံးလို့ မရဘူး။ အခုလည်း ကျောင်းတွေကို စည်းရုံးထားသလို နောက်လည်းဆက်ပြီး စည်းရုံးရဦးမှာပါ။ ရွက်လှေကလပ်က ရန်ကုန်မှာပဲ ရှိတယ်။ နောက်ဆိုရင် ငွေဆောင်၊ ချောင်းသာ စတဲ့ ပင်လယ်ကမ်းခြေတွေမှာ ကလပ်တွေ ဖွဲ့နိုင်ဖို့ စီစဉ်နေတယ်။ အဲလိုများလာမှလည်း လက်ရည်တိုးတက်လာပြီး ကမ္ဘာ့အဆင့်မှာ ယှဉ်ပြိုင်နိုင်မှာပါ။       

စည်သူအောင်မျိုးကျော်

  • TAGS