News

POST TYPE

EDITOR PICK POST

အင်းစိန်အကျဉ်းထောင်တွင်း အကျဉ်းကျကျောင်းသား ၁၀၀ ကျော်ရှိ

ရန်ကုန်၊ ဇွန် ၂၀

အင်းစိန်အကျဉ်းထောင်တွင်းရှိ အလယ်တန်းကျောင်းခွဲတွင် ယခု ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် သူငယ်တန်းမှ ဒသမတန်းအထိ အကျဉ်းကျ ကျောင်းသား ၁၀၀ ကျော် ပညာသင်ယူနေကြောင်း အင်းစိန်ဗဟိုအကျဉ်းထောင်မှ သိရှိရသည်။

အကျဉ်းထောင်တွင်း အလယ်တန်းကျောင်းခွဲတွင် သူငယ်တန်းမှ သတ္တမတန်းအထိ ကျောင်းသား ၅၀ ဦးခန့်၊ အဋ္ဌမတန်း၊ နဝမတန်းဆင့် ကျောင်းသား ၃၀ ဦးနှင့် ဒသမတန်းကျောင်းသား ၃၃ ဦးရှိသည်။

စာတတ်မြောက်ရေးအတွက် အသက် ၁၆ နှစ်မှ ၂၅ နှစ်ကြားရှိ ပြစ်ဒဏ်ကျ လူငယ်များကို သင်ယူခဲ့သော အတန်းပညာနှင့် မသင်ကြားခဲ့ဖူးပါကလည်း စာမတတ်မြောက်သည့်အလျောက် ရွေးချယ်ကာ ပညာသင်ယူနိုင်ရန် စီစဉ်ပေးခြင်းဖြစ်သည်။

အကျဉ်းကျ ကျောင်းဆရာ ၁၀ ဦးက အမြဲသင်ကြားပေးလျက်ရှိပြီး အစိုးရရုံးပိတ်ရက်များတွင် အင်းစိန်မြို့နယ် အထက်အတန်းကျောင်းမှ ဆရာ၊ ဆရာမ ၂၆ ဦးခန့်က ဖြည့်စွက် သင်ကြားပေးကြောင်း အဆိုပါ အကျဉ်းထောင် တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“အကျဉ်းထောင်တွင်းကျောင်းလို့ ပြောရမှာပေါ့။ အခုလောလောဆယ် သူငယ်တန်းကနေ သတ္တမတန်းအထိ ကျောင်းသားတွေကို ယခင် တက်ခဲ့တဲ့ကျောင်းရဲ့ ကျောင်းထွက်လက်မှတ် ယူနေပါတယ်၊ ပြီးမှ ဒီကျောင်းဘက်ကို ပြောင်းရွေ့တက်ခိုင်းမှာပါ”ဟု ၎င်းက ပြောကြားသည်။

အကျဉ်းထောင်တွင်း အလယ်တန်းကျောင်းခွဲ၌ သူငယ်တန်းမှ ဆယ်တန်းအထိ တက်ရောက်မည့် အကျဉ်းကျကျောင်းသား ၁၀၀ ကျော်ကို ပညာရေးဝန်ကြီးဌာနက ကျောင်းသုံး ပုံနှိပ်စာအုပ်များ ထောက်ပံ့ကူညီသည်။

ကိုးတန်းနှင့် ဆယ်တန်းကျောင်းသားများအတွက် ဘာသာရပ်အလိုက် အထူးထုတ်စာအုပ်များကို ပြင်ပ အလှူများက ပါဝင်လှူဒါန်းပေးကြောင်း အင်းစိန်အကျဉ်းထောင်မှ သိရှိရသည်။

အင်းစိန်အကျဉ်းထောင်မှ ယခုတက္ကသိုလ် စာမေးပွဲတွင် ဆယ်တန်းဖြေဆိုသူ အကျဉ်းကျကျောင်းသား ၂၈ ဦးအနက်မှ ၉ ဦး အောင်မြင်ခဲ့ပြီး ဘောဂဗေဒဘာသာရပ်ကို ဂုဏ်ထူးရရှိသော ကျောင်းသားတစ်ဦး ပေါ်ထွက်ခဲ့သည်။

အင်းစိန်အကျဉ်းထောင်သည် အသက်အရွယ်အရ ဆယ်တန်းဖြေရန် လိုအပ်သည်ဟု ယူဆသော ပြစ်ဒဏ်ကျ အကျဉ်းသားများကို ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှ စတင်၍ တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့် စတင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

စာမေးပွဲဖြေဆိုခွင့် စတင်ခွင်ပြုသည့်နှစ်မှ ယခုချိန်အထိ အင်းစိန်ထောင်မှ ဆယ်တန်းအောင်မြင်ခဲ့သူ အကျဉ်းကျကျောင်းသား ၃၀ နီးခန့်ရှိပြီး ကျောင်းသား လူငယ်များမှာ မူးယစ်မှု၊ ခိုးမှု၊ လုယက်မှု၊ လူသတ်မှုတို့ဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။

ဆယ်တန်းအောင်မြင်ခဲ့သဖြင့် လက်ရှိတွင် အဝေးသင်တက္ကသိုလ် စာမေးပွဲဖြေဆိုမည့် အကျဉ်းသား ၁၃ ဦးရှိပြီး ပထမနှစ် ကျောင်းသား ၁ဝ ဦး၊ ဒုတိယကျောင်းသား ၃ ဦး ရှိကာ ပထမနှစ်ဝက်စာစဉ်များကို အနောက်ပိုင်း တက္ကသိုလ်သို့ တင်သွင်းထားပြီးဖြစ်သည်။

J-17