News

POST TYPE

EDITOR PICK POST

ပါဝါနှင့် လစ်ဘာတီ စီမံကိန်းမှ ဈေးကွက်ပါတီနှင့် ဘာဘူကြီးကိုပြင်
17-Jun-2017 tagged as နိုင်ငံရေး

ပါဝါနှင့် လစ်ဘာတီ

ယေဘုယျအားဖြင့် အစိုးရ ဝင်ရောက်စွက်ဖက်မှုကို ‘ပါဝါ’ (Power) ဟု သတ်မှတ်ပြီး အစိုးရမှ လွတ်ကင်းအောင် ကြိုးပမ်းမှုကို ‘လစ်ဘာတီ’ (Liberty) ဟု ယူဆကြသည်။ သမိုင်းတစ်လျှောက်လုံး ‘ပါဝါ’ နှင့် ‘လစ်ဘာတီ’ တို့ အားပြိုင်ခဲ့ကြရာ ယခုရောက်ရှိနေသော ၂၁ ရာစုမှာလည်း ခြွင်းချက်မဟုတ်ပေ။ အဆိုပါပြိုင်ပွဲတွင် ဘယ်သူက ဘယ်သူ့ကို လွှမ်းမိုးသွားလိမ့်မည်ဆိုသော အချက်က ၂၁ ရာစု၏ နိုင်ငံရေးနှင့် စီးပွားရေးကို သတ်မှတ်ပြဋ္ဌာန်းသွားပေလိမ့်မည်။

ယခုခေတ် နိုင်ငံအများစုတွင် ရွေးကောက်ပွဲဖြင့် အာဏာရလာကြသည် ဖြစ်ရာ ‘ဒီမိုကရေစီ’ ကို ‘ပါဝါ’ ဟု ဆိုနိုင်သည်။ ဒီမိုကရေစီ နိုင်ငံရေးစနစ်၏ ‘စံ’ အဖြစ် သတ်မှတ်ထားသော အမေရိကန်ပြည်ထောင်စုတွင် လူတွေ အမြတ်တနိုး တန်ဖိုးထားသော အဖွဲ့ကြီးသုံးခု ရှိသည်။ တရားလွှတ်တော်ချုပ်၊ ဗဟိုဘဏ်နှင့် တပ်မတော်တို့ ဖြစ်သည်။ ဤသုံးဖွဲ့လုံးကို ရွေးကောက်တင်မြှောက်ထားသည် မဟုတ်ပေ။ အဆိုပါအချက်က ဘာကိုဖော်ပြနေသနည်း ဆိုလျှင် ဒီမိုကရေစီနှင့် လစ်ဘာတီကြား တင်းမာမှုတစ်ရပ် ရှိနေပြီဆိုသော အကြောင်းခြင်းရာပင် ဖြစ်သည်။ ဤသည်ပင် ၂၁ ရာစုတွင် ကြုံရဖွယ်ရှိသော ‘လစ်ဘရယ် ဒီမိုကရေစီ’ ၏ အကျပ်အတည်းလည်း ဖြစ်သည်။

ဆိုခဲ့ပါ အားပြိုင်မှုကိုပင် ဘောဂဗေဒပညာရှင်တို့က ‘အစိုးရ’ နှင့် ‘ဈေးကွက်’ တို့၏ ပြိုင်ပွဲအဖြစ် ယူဆကြသည်။ အစိုးရ (ပါဝါ) မှ ဈေးကွက် (လစ်ဘာတီ) သို့ ပြောင်းရာတွင် ‘ဖရီးမားကက်’ (လွတ်လပ်သောဈေးကွက်) ကို တန်းသွားလို့ မရချေ။ အစိုးရကဏ္ဍ၏ လက္ခဏာရေး လေးပါးကို အလေးအနက် စိစစ်ဖို့ လိုသည်ဟု ဆိုကြသည်။

စီမံကိန်းမှ ဈေးကွက်

အဆိုပါ အစိုးရကဏ္ဍ၏ လက္ခဏာရေး လေးပါးတွင် အစွန်းရောက်ဆုံး ပုံသဏ္ဌာန်မှာ ‘စီမံကိန်း စီးပွားရေး’ (တစ်နည်း - အကြမ်းထည် ဆိုရှယ်လစ်ဝါဒ) ပင် ဖြစ်သည်။ ဤစနစ်တွင် ‘ထုတ်လုပ်ရေး’ ရော ‘ဖြန့်ဖြူးရေး’ ကိုပါ အစိုးရက ချုပ်ကိုင်ထားသည်။ (Socialization of Production and distribution) မြန်မာနိုင်ငံလို စီမံကိန်းမှ ဈေးကွက်သို့ လှည့်ပြောင်းရသည့် နိုင်ငံများတွင် ပထမဆုံး လုပ်ကြရသည်မှာ ‘ပြန်လည်ဖွဲ့စည်းမှု’ (Restructure) ပင် ဖြစ်သည်။ ‘နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ’ ကို သမိုင်းလက်ကျန်အဖြစ် ထိန်းထားရခြင်း အခါအားလျော်စွာ ပြန်လည်ဖွဲ့စည်းခြင်းတို့ကို ဆိုလိုသည်။ 

နောက်တစ်ဆင့်ရောက်မှ ထုတ်လုပ်မှုကို အစိုးရထိန်းချုပ်မှုမှ လွှတ်ပေးပြီး စားသုံးမှု တစ်ခုထဲကိုသာ အစိုးရက ကိုင်သည်။ (Socialization of Consumption)။ ဆိုရှယ်ဒီမိုကရက်များ အာရုံကျသော ‘ရွှေပြည်သာနိုင်ငံ’ (Welfare State) လမ်းကြောင်းဖြစ်သည်။ ကျန်းမာရေး၊ ပညာရေး၊ လူမှုစောင့်ရှောက်ရေး၊ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များအရေး စသည်တို့ကို အစိုးရက တာဝန်ယူရသည်။

နောက်တစ်ဆင့်မှာ ဗြိတိသျှ ဘောဂဗေဒပညာရှင် ‘ဂျွန်မေးနတ် ကိန်း’ ၏ အယူအဆ ဖြစ်သည်။ စီးပွားရေး အတက်အကျ သံသရာကို ကြည့်ပြီး အစိုးရက ဝင်ရောက်စွက်ဖက်ရန် ဖြစ်သည်၊ (Government Intervention)။ ဤအဆင့်လွန်မှ ဖရီးမားကက်ကို ကျင့်သုံးလိုက ကျင့်သုံးနိုင်သည်။ မြန်မာနိုင်ငံတွင် ဖဆပလခေတ် တစ်လျှောက်လုံး ကျင့်သုံးခဲ့သည်မှာ ‘ရွှေပြည်သာနိုင်ငံလမ်းကြောင်း’ နှင့် ‘ကိန်းစ်ဘောဂဗေဒ’ ပင် ဖြစ်သည်။

ပါတီနှင့် ဘာဘူကြီး

စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ဈေးကွက်နှင့် မှန်ကန်သော ပေါ်လစီတို့က ‘အခရာ’ ဖြစ်သည်ဟု ယူဆခဲ့ကြသည်။ သို့တစေ နောက်ပိုင်း ပညာရှင်များက မလုံလောက်ဟု ဆိုကြသည်။ ပေါ်လစီကို လက်တွေ့အကောင်အထည်ဖော်ရမည့် ဗျူရိုကရေစီကိုလည်း အမှတ်ပေး စဉ်းစားလာကြသည်။ တရုတ်ပြည်တွင် ဗျူရိုကရေစီမှာ ‘ပါတီဗျူရိုကရေစီ’ ဖြစ်ပြီး အိန္ဒိယတွင်မူ ဗြိတိသျှ ဗျူရိုကရေစီကို ဆက်ခံသည်။ မြန်မာနိုင်ငံတွင်မူ ဤနှစ်ခုလုံးကို အမွေရထားသည်။ နှစ်ခုလုံးမှာ ... ဈေးကွက်နှင့် မှန်ကန်သော ပေါ်လစီတို့နှင့် သဟဇာတ မဖြစ်လှပေ။

ပါတီဗျူရိုကရေစီမှာ အမိန့်ပေးစီးပွားရေး၏ လက်ကျန်ဖြစ်သည်။ အိန္ဒိယ ဗျူရိုကရေစီကို ‘ဘာဘူကြီး’ (Babu Raj) ဟု ခေါ်ကြသည်။ အိန္ဒိယ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ‘ဘာဘူကြီးကို ပြင်’ နေကြသည်။ ဘာဘူကြီး၏ မူလတာဝန်မှာ အခွန်ကောက်ဖို့၊ ရပ်ရွာလုံခြုံဖို့၊ မြေစာရင်းထိန်းသိမ်းဖို့၊ အမတော်ကြေးတွေ ပြန်ရဖို့၊ တရားစီရင်ဖို့သာ ဖြစ်သည်။ ယခု ‘အများပြည်သူဆိုင်ရာ ဝန်ဆောင်မှု’ (Public Services) ကို ထက်ထက်မြက်မြက်၊ လျင်လျင်မြန်မြန် တာဝန်ယူဖို့ပါ လိုအပ်လာသည်။ အထူးသဖြင့် ဗျူရိုကရေစီတွင် ငုတ်ဝင်နေသော rent seeking တို့ကို ဖော်ထုတ်ဖွင့်ချ၊ တိုက်ဖျက်ဖို့ ဖြစ်သည်။ rent seeking ဆိုသည်မှာ အာဏာဖြင့် အထူးအခွင့်အရေးရရန် ကြိုးပမ်းခြင်းပင် ဖြစ်သည်။

‘ဘာဘူကြီး ပြင်ဆင်ရေး’ ၏ ရည်မှန်းချက်မှာ ‘ကျွမ်းကျင်သူများ စီမံခန့်ခွဲမှု’ (Professional Management) ဆိုသော အယူအဆ ပေါ်လာရေး ဖြစ်သည်။ ဗျူရိုကရက်ထက် တက္ခနိုကရက်ကို အားပြုမွေးမြူဖို့ ဖြစ်သည်။ ဤသည်ကို ‘ဒိုင်းနမစ် ဗျူရိုကရေစီ’ ဟုလည်း ခေါ်ကြသည်။ ဤစနစ်မှာ ‘အရည်အသွေးအလျောက် မြောက်စားသည့်စနစ်’ (merito cracy) နှင့် ဆက်စပ်နေသည်။ ကွန်ဖြူးရှပ် ယဉ်ကျေးမှု ထွန်းကားသော နိုင်ငံများတွင် ပို၍အောင်မြင်သည်ဟု ဆိုသည်။ တရုတ်ပြည်မှာ ပါတီဗျူရိုကရေစီကို စွန့်ခွာပြီး အစဉ်အလာကွန်ဖြူးရှပ်ကို ပြန်လည်ဖော်ထုတ်နေသည်။ 

ကျော်ဝင်း
၁၃ ဇွန် ၂၀၁၇