News

POST TYPE

EDITOR PICK POST

ရန်ကုန်တွင် ယခင်နှစ်ထက် သွေးလွန်တုပ်ကွေး ငါးဆကျော် ပိုဖြစ်ဖွား၊ မိန်းကလေး အများဆုံး သေဆုံး
09-Jun-2017 tagged as ကျန်းမာရေး

ရန်ကုန်၊ ဇွန် ၉

ရန်ကုန်တိုင်းဒေသကြီးတွင် သွေးလွန်တုပ်ကွေးရောဂါမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အများဆုံး ဖြစ်ပွားနေသည့်အပြင် ယခင်နှစ် ဖြစ်ပွားနှုန်းထက် ငါးဆကျော် ပိုမိုဖြစ်ပွားနေပြီး မိန်းကလေး အများဆုံး သေဆုံးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အချက်အလက်များအရ သိရှိရသည်။

ရန်ကုန်တိုင်းတွင် ၂၀၁၆ ခုနှစ် နှစ်စမှ မေလထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၂၈၀ ဦးရှိပြီး သေဆုံးသူ လေးဦး ရှိခဲ့သော်လည်း ၂၀၁၇ ခုနှစ် အဆိုပါ ကာလတွင်မူ ရောဂါဖြစ်ပွါးသူ ၁၄၇၇ ဦးရှိကာ သေဆုံးသူ ရှစ်ဦးရှိကြောင်း၊ ဇွန်လ ၈ ရက်နေ့အထိမူ ဖြစ်ပွားသူမှာ ၁၅၂၀ ဦးရှိပြီ ဖြစ်ကြောင်း၊ ယခုနှစ် သေဆုံးသူ ၈ ဦးတွင် ၇ ဦးမှာ မိန်းကလေးများ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။ 

“ဖြစ်ပွားမှုနှုန်းက ယောကျာ်းလေးရော မိန်းကလေးရော အတူတူပဲ။ သေဆုံးမှုမှာ မိန်းကလေးတွေ သေဆုံးမှုများတာ တွေ့ရတယ်။ အသက် ၉ နှစ်ကနေ ၁၅ နှစ်ကြား အသေများပေမယ့် ဒီဇွန်လထဲမှာတင် ၁၅ နှစ်ကျော် တစ်ယောက်သေတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအေးမွန်မွန်ကျော်က ပြောကြားသည်။ 

ခြင်ကျားကိုက်ခံရခြင်းမှ ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါမှာ အသက် ၉ နှစ်မှ ၁၅ နှစ်ကြား အရွယ်တွင် အဖြစ်များပြီး အသက်အရွယ်မရွေး ရောဂါဖြစ်ပွါးနိုင်ကြောင်း၊ ဆေးခန်းများတွင်လည်း အသက် ၈၀၊ ၉၀ အရွယ်များ သွေးလွန်တုပ်ကွေး ဖြစ်နေသည်ကို တွေ့ရကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။ 

ကျောင်းဖွင့်ရာသီဖြစ်သည့် အတွက် မိဘများအနေဖြင့် ကလေးများ ခြင်ကိုက်မခံရရန် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ဆင်ပေးရန် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဝင်းလွင်က တိုက်တွန်းပြောကြားသည်။

၂၀၁၆ ခုနှစ်က ရန်ကုန်တိုင်းဒေသကြီးတွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ၂၁၈၅ ဦးတွင် သေဆုံးသူ ၁၉ ဦး ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။

၂၀၁၇ ခုနှစ် နှစ်စမှ မေလ ၂၀ ထိ တစ်နိုင်ငံလုံးတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၂၅၅၈ ဦးရှိပြီး သေဆုံးသူ ၁၀ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ သွေးလွန်တုပ်ကွေး၊ ဆင်ခြေထောက်၊ ဂျပန်ဦးနှောက်ရောင်ရောဂါ စီမံချက်ထံမှ သိရသည်။