News

POST TYPE

EDITOR PICK POST

တစ်ပတ်အတွင်း ထိုင်ခုံခါးပတ် မတပ်သည့်ယာဉ် ၈၀၀ ကျော် ဖမ်းမိ

(ပုံစာ - အဝေးပြေးခရီးသည်တင်ယာဉ်တစ်စီးတွင် ထိုင်ခုံခါးပတ် တပ်ဆင်ထားသော်လည်း ယင်းသို့ ချည်နှောင်ထားသည်။)
တောင်ငူ၊ ဇွန် ၈

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ထိုင်ခုံခါးပတ်မတပ်သည့်ယာဉ်များ ဇွန်လဆန်းမှစ၍ ဖမ်းဆီးခဲ့ရာ သီတင်းတစ်ပတ်အတွင်း ယာဉ်စီးရေ ၈၀၀ ကျော်ကို အမြန်လမ်းရဲက ဖမ်းဆီးခဲ့သည်။

အမြန်လမ်းမကြီး ဥပဒေအတိုင်း ယင်းသို့ ဆောင်ရွက်ရန် မေလ ဒုတိယပတ်မှစ၍ အသိပညာပေး လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ပြီး ယခုလဆန်းမှစ၍ ဖမ်းဆီးခြင်းဖြစ်သည်။

“အိမ်စီးယာဉ် တော်တော်များများက လိုက်နာခြင်း မရှိပါဘူး”ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး(နေပြည်တော်) ရဲအရာရှိတစ်ဦးက ပြောဆိုသည်။

ထိုင်ခုံခါးပတ် မတပ်သည့်ယာဉ်များကို ဖမ်းဆီးရာ ဇွန်လ ၁ ရက်တွင် ၉၉ စီး၊ ဇွန်လ ၂ ရက်တွင် ၁၂၂ စီး၊ ဇွန်လ ၃ ရက်တွင် ၁၉၃ စီး၊ ဇွန်လ ၄ ရက်တွင် ၁၅၀ စီး၊ ဇွန်လ ၅ ရက်တွင် ၁၀၁ စီး၊ ဇွန်လ ၆ ရက်တွင် ၈၁ စီး၊ ဇွန်လ ၇ ရက်တွင် ၁၀၄ စီး ဖမ်းဆီးအရေးယူခဲ့သည်။

“ခရီးသည်တင်ယာဉ်ကို ထိုင်ခုံခါးပတ်တပ်ဖို့ စည်းကမ်းက တချို့ယာဉ်လိုင်းတွေ အခက်ခဲ ရှိနိုင်တယ်”ဟု ခရီးသည်တင် ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် နေ့စဉ် ယာဉ်မတော်တဆမှုများကြောင့် တစ်နှစ်လျှင် လူ ၁၅၀ ခန့် သေဆုံးနေပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၁၃၀၀ နီးပါးရှိကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

အမြန်လမ်းသည် ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှ မန္တလေးအထိ မိုင်ပေါင်း ၃၆၆ မိုင် ရှည်လျားသည်။

R-15