News

POST TYPE

EDITOR PICK POST

ရန်ကုန်မြို့တွင်း မိုးကြီးပြီး လေပြင်းကျ၊ ကားလမ်းနှင့် ရထားလမ်းများ ပိတ်ဆို့
(ပုံစာ - ရန်ကုန်မြို့တော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကင်းမြို့နယ်တွင်  ရေကြီးရေလျှံနေသည်ကို မေလ ၄ ရက်နေ့က တွေ့ရစဉ်)

ရန်ကုန်၊ ဇွန် ၎

ရန်ကုန်မြို့တွင်း ဇွန်လ ၄ ရက်က နေရာကွက်ကျား မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့်အပြင် လေပြင်းကျခဲ့ခြင်းကြောင့် မြို့တွင်းမြို့နယ်အချို့တွင် ယာဉ်ကြောပိတ်ဆို့မှုများ၊ နေအိမ်အချို့ ပျက်စီးမှုများ၊ ရေကြီးရေလျှံမှုများနှင့် ရထားလမ်း ရေကျော်မှုများ ဖြစ်ပေါ်ခဲ့သည်။

ဇွန်လ ၄ ရက် မွန်းလွဲ ၂ နာရီ ၄ ၅မိနစ်တွင် လေပြင်းတိုက်ခတ်ခဲ့သဖြင့် မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းပေါ်ရှိ အမျိုးသားပြန်လည်သန်စွမ်းရေး ဆေးရုံဝင်း ဝန်ထမ်းလိုင်းခန်း လေးထပ်တိုက်နှင့် ခြောက်ထပ်တိုက် အမိုးများ လွင့်ပါခဲ့သော်လည်း လူထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း အဆိုပါဆေးရုံမှ ဝန်ထမ်းလိုင်းခန်း အဆောင်မှူးလည်းဖြစ် ခြေတုလက်တုပညာရှင်လည်း ဖြစ်သူ ဦးသစ်လွင်ကိုက ပြောကြားသည်။
“သွပ်အချပ် ၅၀၀ လောက် ပျက်ခဲ့တယ်။ မင်းဓမ္မလမ်းပေါ်မှာရှိတဲ့ သစ်ပင်နဲ့ ဓာတ်ကြိုးတွေပေါ် ငြိကုန်တယ်။ ခုတော့ လျှပ်စစ်ဌာနက လာရှင်းလင်းနေတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ လေပြင်းကြောင့်ပင် လှိုင်မြို့နယ် ဘူတာရုံလမ်းရှိ နေအိမ်အချို့ အမိုးများ လွင့်စဉ်ခဲ့ပြီး သစ်ပင်များ ပြိုလဲခဲ့ကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

မွန်းလွဲ ၂ နာရီကျော်မှစ၍ နေရာကွက်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မင်္ဂလာတောင်ညွှန့်၊ ဗဟန်း၊ တာမွေနှင့် ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်တို့တွင် ရေများ တစ်ပေကျော်မှ နှစ်ပေခန့် မြင့်တက်ခဲ့ပြီး ကျန်သည့် လသာ၊ လမ်းမတော်၊ ဗိုလ်တထောင်၊ မြောက်ဥက္ကလာ၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ အင်းစိန်၊ ကြည့်မြင်တိုင် မြို့နယ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများထံမှ စုံစမ်းသိရှိရ သည်။

“ဇွန် ၄ ရက် နေ့လယ်ထဲက မိုးသည်းပြီး ယုဇနပလာဇာရှေ့နားမှာ ဒူးခေါင်းလောက် ရေကြီးလို့ ကားလမ်းတွေ ပိတ်နေတယ်။ ပလာဇာရှေ့မှာ ရေကြီးမှုကြောင့် တစ်ယောက်တောင် ဓာတ်လိုက်ပြီး သေတော့မလို့ ကံကောင်းတယ်။ ခုညနေမှာတော့ မြောင်းထဲကို ရေတွေ ဆင်းသွားတော့ ရေနည်းနည်းတော့ ကျသွားပါပြီ” ဟု တာမွေမြို့နယ်ရှိ ယုဇနပလာဇာတွင် ဆိုင်ဖွင့်လှစ်ထားသူ ဦးထွန်းကိုကိုထက်က ဆိုသည်။

(ပုံစာ - လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် မရမ်းကုန်းမြို့နယ်တွင်  ခေါင်မိုးအချို့ ပျက်စီးခဲ့သည်)

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တာမွေအဝိုင်းထိပ်၊ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်းအနီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပြီး ရေများ လေးပေခန့် မြင့်တက်ခဲ့ခြင်းကြောင့် ယာဉ်များ ခေတ္တရပ်ခိုင်းချိန်တွင်း ခရီးသည်တင်ယာဉ်တစ်စီးက အရှိန်ပြင်း မောင်းနှင်ခဲ့သဖြင့် ရေအရှိန်ကြောင့် ယင်းလမ်းအနီးရှိ အိမ်အချို့ တံခါးများ ပျက်စီးခြင်း၊ အနီးတွင်ရှိသူများ လဲပြိုခြင်းများ ဖြစ်ပွားခဲ့သဖြင့် ရပ်ကွက်တွင်း လူများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေ ပြည်သူများက ပြောကြားသည်။

“မြောက်ဒဂုံမှာ အန်တီတို့နေတာ အနှစ် ၂၀ ကျော်ပြီ။ တစ်ခါမှ ဒီလောက်ရေမကြီးခဲ့ဘူး။ ဒီနေ့က မိုးတွေခြိမ်း၊ လေတွေတိုက်ပြီး မိုးသည်းထန်စွာ ရွာသွန်းတော့ အန်တီတို့ အိမ်တစ်အိမ်လုံး ရေတွေဝင်ပြီး လမ်းမပေါ်ဆို ရေက နှစ်ပေလောက် တက်တယ်” ဟု မြောက်ဒဂုံမြို့နယ် ၄၃ ရပ်ကွက်နေ ဒေါ်ငယ်ငယ်က ဆိုသည်။

ယင်းသို့ မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ယာဉ်သွားလမ်းများအပြင် မြို့တွင်းရထားလမ်းပိုင်း အချို့တွင်လည်း ရေကျော်မှုများ ဖြစ်ပွားခဲ့သဖြင့် ရထားခရီးစဉ်အချို့ အဆိုပါအချိန်တွင် ပိတ်ထားခဲ့ရသည်။

လေပြင်းနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့ပတ်ရထားနှင့် အဝေးပြေး အမြန်ရထား ခရီးသည် ပို့ဆောင်ပြေးဆွဲမှု ခေတ္တရပ်ဆိုင်းလိုက်ရကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

“မိုးကြီးတဲ့အတွက် သစ်ပင်ကျိုးကျတာတွေ၊ ရထားလမ်း ရေကျော်တာတွေ ဖြစ်တယ်။ ယာယီကြန့်ကြာမှုတွေ ဖြစ်သွားပါတယ်” ဟု မြန်မာ့မီးရထား၊ သတင်းပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

(ပုံစာ - မင်္ဂတောင်ညွန့်မြို့နယ်တွင် ရေကြီးရေလျှံနေစဉ်)

လေပြင်းတိုက်ခက်မှုကြောင့် ကြည့်မြင်တိုင်နှင့် အင်းစိန်ဘူတာကြားရှိ ရထားလမ်းပေါ်တွင် သစ်ကိုင်းကျိုးကျခဲ့ပြီး ရှမ်းလမ်းနှင့် အလုံဘူတာတွင် ရေကျော်မှု ဖြစ်သဖြင့် ရန်ကုန်-ပုဂံလမ်းပိုင်း ပြေးဆွဲသည့် ရထားမှာ အချိန်တစ်နာရီကျော်ခန့် ရပ်နားခဲ့ရကြောင်း ၎င်းက ပြောကြားသည်။

လက်ရှိတွင် မြို့ပတ်ရထားနှင့် အမြန်ရထားများ ညနေ ၅ နာရီ မိနစ် ၄၀ ခန့်၌ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲလျက် ရှိကြောင်း မြန်မာ့မီးရထား သတင်ပြန်ကြားရေးဌာနမှ သိရသည်။

၂၀၁၆ ခုနှစ်က ရန်ကုန်မြို့၏ လမ်းမများထက်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေခြင်းများကို ပပျောက်စေရန် အစိုးရသစ်၏ ရက်တစ်ရာကာလ အတွင်းမှာ တိုင်းဒေသကြီး ဘဏ္ဍာငွေမှ ကျပ်တစ်ဘီလီယံ ကျခံသုံးစွဲခဲ့ဖူးသော်လည်း ရေကြီးရေလျှံမှုများ မိုးကာလ ရောက်တိုင်း ဆက်လက်ဖြစ်ပေါ်ဆဲ ဖြစ်သည်။ 
ယခုလက်ရှိတွင် မိုးတွင်းကာလတွင် ရေကြီးရေလျှံမှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိသည့် မြို့တွင်းမြို့နယ်များနှင့် မြို့တွင်းဆက်စပ်မြို့နယ်များတွင် စည်ပင်သာယာရေးကော်မတီ ဘတ်ဂျက်ဖြင့် နေ့စဉ် မြောင်းများကို ချဲ့ထွင်ကာ လူအင်အား၊ ယန္တရားများ၊ စက်များဖြင့် ရှင်းလင်းဆောင်ရွက်လျက်ရှိပြီး အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ အကြီးတန်းအရာရှိက ပြောကြားသည်။

လက်ရှိ ရန်ကုန်မြို့ရှိ မြောင်းများ၏ ဒီဇိုင်းများမှာ ယခင်အင်္ဂလိပ်က လက်ထက်ကတည်းက လုပ်ထားသည့် မြောင်းများဖြစ်ပြီး ယင်းမြောင်းဒီဇိုင်းများကို ထပ်မံတိုးချဲ့မှု နည်းပါးခြင်း၊ မြောင်းများကို ရှင်းလင်းသည့် လူအင်အား နည်းပါးခြင်းကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခြင်း ဖြစ်ကြောင်းနှင့် လက်ရှိ ရန်ကုန်မြို့ ရေကြီးရေလျှံခြင်း၏ ၅၀ ရာခိုင်နှုန်းမှာ ပြည်သူများ စည်းကမ်းမဲ့ အမှိုက်ပစ်မှုကြောင့် မြောင်းများ ပိတ်ဆို့မှုဖြစ်ပြီး ရေကြီးရေလျှံရခြင်း ဖြစ်ကြောင်း ၎င်းက ဝေဖန်ပြောကြားသည်။

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ် ရေကြီးရေလျှံမှု အန္တရာယ်ကို စီမံခန့်ခွဲခြင်း အပါအဝင် လုပ်ငန်းစဉ်လေးရပ် အတွက် အမေရိကန်ဒေါ်လာ ၁၂၅ သန်းကို ကမ္ဘာ့ဘဏ်က ချေးယူမည့် အစီအစဉ်ကို မေလ၂၃ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ် ၁၄ ဦး ဆွေးနွေးခဲ့သော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယနေ့ ရွာသွန်းခဲ့သော မိုးရေချိန်လက်မသည် ၉၀ မီလီမီတာရှိပြီး နေရာကွက်ပြီး အချိန်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ရွာသွန်းနှုန်းတွင် ရေပါဝင်မှု များပြားခြင်းကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။
“မိုးရာသီအဝင်စောလို့ မိုးတိမ်တောင်တွေ အားကောင်းပြီး လေပြင်းတွေ ပါလာတတ်လို့ သတိထားဖို့ လိုတယ်။ အခုလည်း ဒီလိုဖြစ်သွားတာပါ” ဟု ၎င်းက ဆိုသည်။

J-06၊ J-10၊ J-17၊ J-05