News

POST TYPE

EDITOR PICK POST

တာဝန်ယူ တာဝန်ခံစိတ်ဖြင့် ကုန်ပစ္စည်းများထုတ်ရန်လိုဟု ရန်ကုန်ဝန်ကြီးချုပ် ပြောကြား
ရန်ကုန်၊ ဇွန် ၃

ကျန်းမာရေးနှင့် ညီညွတ်သည့် လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်များကို ထုတ်လုပ်ရောင်းချဖြန့်ဖြူးသူများက တာဝန်ယူမှု၊ တာဝန်ခံမှုစိတ်ဖြင့် ထုတ်လုပ်သွားရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။ 
“ထုတ်လုပ်၊ တင်ပို့၊ ရောင်းချတဲ့ လုပ်ငန်းရှင်တွေ အားလုံးက တာဝန်ယူ၊ တာဝန်ခံစိတ်နဲ့ ဆောင်ရွက်တတ်တဲ့ ယဉ်ကျေးမှုတစ်ရပ်ကို ထူထောင်ကြရမယ်” ဟု ၎င်းက ဆိုသည်။ 

မြန်မာနိုင်ငံ၏ အနာဂတ်နှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစားအသောက် အာဟာရသည် အရေးကြီးကြောင်း၊ အနာဂတ်မျိုးဆက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးနှင့် ညီညွတ်မှု ရရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သို့မှသာ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း UMFCCI ၌ ပြုလုပ်သည့် ပထမအကြိမ် ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များဆီသို့ ဆွေးနွေးပွဲတွင် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ရန်ကုန်မြို့သည် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု ထိပ်ဆုံးတွင် ရှိသကဲ့သို့ ဖုန်းကိုင်တွယ်သုံးစွဲမှုနှုန်း မြင့်မားသည့်အပေါ် မူတည်၍ မိမိတို့ သိရှိထားသည့် အသိများ၊ မှားယွင်းနေသည့် ရောင်းဝယ်ဖောက်ကားမှုများ၊ ကျန်းမာရေးနှင့် ညီညွတ်မှု မရှိသည့် စားသောက်ကုန်များ ရောင်းချနေသည်ကို တွေ့ရှိ၊ သိရှိပါက ချက်ချင်းအသိပေး တိုင်ကြားနိုင်မည့် အနေအထားတစ်ခုကို ဖော်ဆောင်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်းဆွေးနွေးပွဲ ပြောကြားချက်များအရ သိရသည်။

ဘေးအန္တရာယ်ကင်းပြီး အရည်အသွေးပြည့်မီသော စားသောက်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေး၊ ပြည်ပသို့ အရည်အသွေး အဆင့်မီသော စားသောက်ကုန်များ တင်ပို့ရောင်းချရေး၊ ပြည်ပမှ အရည်အသွေး စံမမီသော စားသောက်ကုန် တင်သွင်းလာမှုအား တားဆီးရေး၊ ဒေသအလိုက် ထွက်ရှိသော စားသောက်ကုန်များ ဘေးအန္တရာယ် ကင်းရှုင်းပြီး ကျန်းမာရေးနှင့် ညီညွတ်စွာ ထုတ်လုပ်ရောင်းချနိုင်ရေး၊ စားသောက်ကုန် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသောက်ကုန်ဆိုင်ရာ မှန်ကန်သော သတင်းအချက်အလက်များ စဉ်ဆက်မပြတ် စီးဆင်းရေး စသည့် ရည်ရွယ်ချက်များဖြင့် ပထမအကြိမ် ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးအန္တရာယ် ကင်းရှင်းသော စားသောက်ကုန်များဆီသို့ ဆွေးနွေးပွဲကို ကျင်းပခြင်း ဖြစ်ကြောင်း ယင်းဆွေးနွေးပွဲထံမှ သိရသည်။             

J-12