News

POST TYPE

EDITOR PICK POST

ဆရာများ၏ ရင်ဖွင့်သံ (ကျောင်းသုံးပြဋ္ဌာန်း၊ ဗလာစာအုပ် ရရှိမှု)
ဇွန်လဆန်း ၁ ရက် (ယနေ့) မှစ၍ အခြေခံပညာကျောင်းများ စဖွင့်မည်။ မေလ ၂၅ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်သည်။ ယခုနှစ်တွင် ပထမတန်းကို သင်ရိုးအသစ်ဖြင့် စတင်သင်ကြားမည် ဖြစ်သည်။ သူငယ်တန်းမှ စတုတ္ထတန်းအထိ အစိုးရက ကျောင်းဝတ်စုံ တစ်စုံစီ ပေးသည်။ ပထမတန်းမှ ဒသမတန်းအထိ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ အခမဲ့ပေးသည်။ ပထမတန်းမှ စတုတ္ထတန်းအထိ ဗလာစာအုပ်များ အခမဲ့ပေးသည်။ ကျောင်းစဖွင့်ချိန်တွင် ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ မရရှိသေးသည့် ဝေးလံဒေသ ကျောင်းများလည်း ရှိနေသေးသည်။ ယင်းသို့သော အခြေအနေများနှင့် ပတ်သက်၍ ဒေသအလိုက် ပညာရေးမှူးများ၊ ဆရာများ၏ ပြောကြားချက်များကို ယခုတစ်ပတ် ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှ တစ်ဆင့် The Voice က ကောက်နုတ်ဖော်ပြလိုက်ပါသည်။ 

“သွားရ၊ လာရ ခက်ခဲတော့ ကြာနေတာပေါ့” 
ဦးစောခင်းစလေ (နန်းယွန်းမြို့ နယ် ပညာရေးမှူး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စစ်ကိုင်းတိုင်းဒေသကြီး)

ကျောင်းသုံးပုံနှိပ်စာအုပ်နဲ့ ဗလာစာအုပ် အပြည့်အဝ မရသေးဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ သယ်ရ၊ ပြုရတာ အခက်အခဲဖြစ်နေလို့။ အကုန်လုံးတော့ မဟုတ်ဘူးပေါ့နော်။ နည်းနည်းတော့ လိုနေတယ်။ နည်းနည်းလိုတယ် ဆိုတာက ဘယ်လိုပြောမလဲ ဗလာစာအုပ်တွေ မရောက်သေးဘူး။ မြန်မြန်ပို့ပေးဖို့ လှမ်းတော့ချိတ်ထားတယ်။ မသယ်သေးဘူးလား ဆိုပြီး ဗလာစာအုပ်ပို့ဖို့ တာဝန်ယူထားတဲ့ ကုမ္ပဏီကလူတွေ မေးကြည့်တော့ သူတို့က မြစ်ကြီးနားကနေ ထွက်တော့ ထွက်လာပြီလို့ ပြောတယ်။ အရင်နှစ်က ကျွန်တော်တို့ဆီမှာ ရှိထားပြီးသား ဟာလေးတွေ ရှိတယ်။ အဲဒါတွေနဲ့ နည်းနည်းမျှထားလိုက်တယ်။ ဝေးတဲ့ဒေသတွေကို ပိုပြီးပေးထားလိုက်တာပေါ့။ 

ကျောင်းသားဦးရေ အရတော့ တစ်ဦးကို ဗလာစာအုပ် ၆ အုပ်နှုန်းနဲ့ လောလောဆယ် စာသင်လို့ရအောင် ဆိုပြီး ကျောင်းသားအခြေအနေကြည့်ပြီး ဘယ်ကျောင်းကို ဘယ်လောက်၊ ဘယ်ကျောင်းကို ဘယ်လောက်ဆိုပြီး မျှပေးထားလိုက်တာပဲ။ ပြဋ္ဌာန်းစာအုပ်ကျတော့ နည်းနည်းလိုသေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့က အရင်နှစ်ကကျန်တဲ့၊ ရှိတဲ့ဟာလေးတွေကို ထုတ်ပေးနေတာပေါ့နော်။ ခန္တီးမြို့ကနေတော့ ထုတ်လာပြီ။ ဒါပေမဲ့ ခန္တီးမြို့ကနေ နန်းယွန်းမြို့ကို သယ်ဖို့ကျတော့ ခန္တီးကနေ မုံရွာကိုပြန်သယ်။ အဲဒီကနေ ကချင်ပြည်နယ် မြစ်ကြီးနားကိုသယ်ပေါ့။ မြစ်ကြီးနားကနေမှ တစ်ဆင့် နန်းယွန်းကို ပြန်သယ်နေရတာ ဆိုတော့ သွားရ၊ လာရတာ ခက်ခဲတော့ ကြာနေတာပေါ့။                            

“မြို့နယ်မှာတောင်မှ အခုမှ ဒီလကုန်မှ စဝေမှာတဲ့”
ဦးအောင်ကျော်သူ (အထက်တန်းကျောင်းဆရာ၊ ကဝမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး)

ကျွန်တော်တို့မြို့နယ် အတွင်းက ကျောင်းတွေမှာတော့ ဝတ်စုံက တော်တော်များများ ရပြီလို့ ကြားရပါတယ်။ စာအုပ်ကတော့ လိုပါသေးတယ်။ စာအုပ်က ကျောင်းသုံးပြဋ္ဌာန်း ပုံနှိပ်စာအုပ်တွေကို ပြောတာပါ။ လိုတယ်ဆိုတာလည်း တချို့ဘာသာရပ်အလိုက် ဦးရေအလိုက် မပြည့်တာပေါ့ခင်ဗျ။ ကျောင်းတွေကို ကြိုပေးထားတာကလည်း မနှစ်က စာရင်းအရ ကြိုပေးထားတာကိုး။ ဆိုတော့ မနှစ်ကစာရင်းနဲ့ ဒီနှစ်ကျောင်းသားစာရင်း မတူတဲ့အတန်းတွေ ရှိတယ်။ ဆိုတော့ ကျောင်းသားတွေအတွက် တချို့ဘာသာတွေ ရတယ်။ တချို့ဘာသာတွေ မရဘူး။ စာအုပ်က လူ ၅၀ ဆိုပေမယ့် ဘာသာရပ်တိုင်းက လူ ၅၀ မရဘဲနဲ့ တချို့ဘာသာရပ်က ၃၀ လောက်ရတာ ရှိသေးတယ ခင်ဗျ။ 

ကျောင်းသုံးပြဋ္ဌာန်းစာအုပ် မရသေးတာကတော့ အတန်းတွေကတော့ ဘယ်အတန်းရယ် တိတိကျကျတော့ မသိရဘူးခင်ဗျ။ ကျောင်းသားဦးရေ ကွာခြားတဲ့ အတန်းတွေပါ။ အတန်းတိုင်းနီးပါး လိုအပ်တာတော့ နည်းနည်းပါးပါး ရှိပါတယ် ခင်ဗျ။ အပိုလည်း ရှိတယ်ခင်ဗျ။ ဗလာစာအုပ်ကတော့ ကျွန်တော်တို့ကျောင်း (အထက်တန်းကျောင်း၊ သက္ကလ) မှာ မရသေးဘူး။ မြို့နယ်မှာတောင်မှ အခုမှ ဒီလကုန်မှ စဝေမှာတဲ့။ ကျောင်းသားတစ်ယောက်ကို ခြောက်အုပ်နှုန်းတဲ့။ သူငယ်တန်း (KG) မပါပေါ့ခင်ဗျာ။ အခု အဲဒါကို ဒီလစာထုတ် အစည်းအဝေးမှာ ဝေမယ်လို့ပြောတယ်။ အခုမှ  ကျောင်းသားလက်ခံတုန်း၊ စာအုပ်တွေဝေတုန်း ဆိုတော့ ဆရာရင်ဖွင့်ရာ ဂရုကို ဆရာတွေ တွေ့ရတဲ့ အခက်အခဲ လာပြောတာမျိုးတော့ မရှိသေးဘူး ခင်ဗျ။ စာရင်းလည်း မငြိမ်သေးတဲ့အပိုင်းလည်း ပါတာပေါ့။ များသောအားဖြင့် ဒီစာအုပ်လိုအပ်ချက်တွေက ကျောင်းဖွင့်ပြီး တစ်ပတ်လောက်မှ မရောက်ဘူး ဆိုရင်တော့ ကြားရနိုင်တာပေါ့ ခင်ဗျ။ ပြဋ္ဌာန်းစာအုပ် အလို၊ အပိုကတော့ ကျောင်းဖွင့်တဲ့အချိန် မြို့နယ်ပညာရေးမှူးရုံးတွေနဲ့ ပြန်ညှိရပါသေးတယ်။     

“ဘောဂဗေဒနဲ့ ဓာတုဗေဒဘာသာရပ် ပုံနှိပ်စာအုပ်တွေ မရသေးလို့ မဖြန့်ဝေရသေးဘူး”
ဒေါ်စန်းစန်းနု (ကျိုင်းတုံမြို့နယ်၊ ပညာရေးမှူး၊ ရှမ်းပြည်နယ်အရှေ့ပိုင်း)

ကျိုင်းတုံမြို့နယ် အတွင်းမှာတော့ ပုံနှိပ်စာအုပ်နဲ့ ဗလာစာအုပ် အပါအဝင် ကျောင်းဝတ်စုံတွေ အပြည့်အဝ ဖြန့်ဝေထားပါတယ်။ တက္ကသိုလ်ဝင်တန်းမှာတော့ ဘောဂဗေဒနဲ့ ဓာတုဗေဒ ဘာသာရပ် ပုံနှိပ်စာအုပ်တွေ မရသေးလို့ မဖြန့်ဝေရသေးဘူး။ မနှစ်က ကျောင်းသားစာရင်းကို အခြေခံပြီး ဖြန့်ဝေရတာဆိုတော့ ဒီနှစ် ကျောင်းသားစာရင်းက မငြိမ်သေးလို့ အပိုအလိုကို အတိအကျပြောလို့ မရသေးဘူး။                

“ဇွန်လ ၁၇ ရက်ထက် မကျော်စေရဘူး၊ ထုတ်ပေးပါမယ်လို့ ပြောထားပါတယ်”
ဒေါ်ခင်ကျော့ကျော့ခိုင် (ကျောင်းအုပ်၊ အထကခွဲ(၂) ပုသိမ်မြို့၊ ဧရာဝတီတိုင်းဒေသကြီး)

ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တွေကတော့ မနှစ်က ကျောင်းသားစာရင်းအရ အပြည့်အဝ ပေးထားပါတယ်။ ဒါပေမဲ့ ကျွန်မတို့ကျောင်းဆိုရင် ကျောင်းသားဦးရေ တိုးတယ်။ တိုးတဲ့စာရင်းကို ဇွန်လ ၅ ရက်မှာ ထပ်ပြီး စာရင်းပို့ရမယ်။ ကျောင်းသားလက်ခံစာရင်းကို မြို့နယ်ပညာရေးမှူးရုံးကိုပို့ပြီး လိုတာကို ထပ်ပြီး ထုတ်ရမယ်ပေါ့။ ဗလာစာအုပ်ကတော့ ကျွန်မတို့ဆီ မရောက်သေးပါဘူး။ ဒါပေမဲ့ မနေ့က အစည်းအဝေးမှာတော့ ဇွန်လ ၁၇ ရက် ရမယ်လို့ မြို့နယ်ပညာရေးမှူးရုံး လူကြီးတွေက ပြောပါတယ်။ ရတာနဲ့ ချက်ချင်းထုတ်ပေးမယ်လို့ ပြောထားပါတယ်။ ကျောင်းသားတစ်ယောက်ကို ဗလာစာအုပ် ၆ အုပ်နှုန်း အခမဲ့ထုတ်ပေးမယ် ဆိုတာ ကျောင်းသားတွေကို ပြောထားပေးဖို့ကိုလည်း ပြောလိုက်ပါသေးတယ်။ အဲဒါ နောက်ဆုံးရက်ပါပဲ။ အဲဒီ ဇွန်လ ၁၇ ရက်ထက် မကျော်စေရဘူး၊ ထုတ်ပေးပါမယ်လို့ ပြောထားပါတယ်။ မြို့နယ်ပညာရေးမှူးရုံး အနေနဲ့လည်း ဘာအခက်အခဲရှိသလဲ ဆိုတာတော့ သူတို့ဆီကို ခွဲဝေစာရင်း မရသေးတာကြောင့်လို့ ပြောပါတယ်။ ကျောင်းဖွင့်ရာသီဆိုတော့ အလုပ်များတာလည်း ပါပါတယ်။                                                       
The Voice သတင်းအဖွဲ့