News

POST TYPE

EDITOR PICK POST

အထွေထွေရောဂါကုဆရာဝန် ဒေါက်တာ ဥက္ကာကြည်ဝင်းနှင့် တွေ့ဆုံခြင်း
31-May-2017 tagged as ကျန်းမာရေး

ဆီးချိုရောဂါသည် သွေးတွင်း အချိုဓာတ်များပြားသော ရောဂါတစ်ခုဖြစ်ပြီး ယခုနောက်ပိုင်း ကာလများတွင် နေထိုင်မှုပုံစံ ပြောင်းလဲခြင်းများကြောင့် ရောဂါဖြစ်ပွားသူ ပိုမို များပြားလျက်ရှိသည်။ ယင်းရောဂါ၏ နောက်ဆက်တွဲ ရောဂါများမှ ဆီးချိုကြောင့်ဖြစ်သော အာရုံကြောရောဂါအကြောင်းကို အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာဥက္ကာကြည်ဝင်းနှင့် The Voice က မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။ 

Voice : ဆီးချိုကြောင့်ဖြစ်နိုင်တဲ့ နောက်ဆက်တွဲရောဂါတွေကို ပြောပြပေးပါဦး။ 
Dr.OKKW : ဆီးချိုကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲတွေကတော့ မျက်စိ၊ ကျောက်ကပ် ထိတာ။ ဦးနှောက် ထိခိုက်ပြီး လေဖြတ်တာမျိုးတွေ၊ အာရုံကြော ထိခိုက်တဲ့ရောဂါမျိုးတွေ ဖြစ်နိုင်တယ်။ 

Voice : ဆီးချိုကြောင့်ဖြစ်တဲ့ အာရုံကြော ရောဂါကို ရှင်းပြပေးပါဦး။ 
Dr.OKKW : အာရုံကြော ထိခိုက်တဲ့ရောဂါဆိုတာ ပုံမှန်ဆိုရင် အာရုံကြောလေးတွေက ခန္ဓာကိုယ်မှာ အာရုံခံစားတဲ့ တာဝန်ကို ယူတာပေါ့။ ထိရင်ထိတာကို သိမယ်။ နာရင်နာတာ၊ ပူရင်ပူတယ်ဆိုတဲ့ ခံစားချက်တွေကို သိတယ်။ အာရုံကြော အာရုံခံတဲ့ ဆဲလ်တွေက တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပြီးတော့ ဦးနှောက်ဆီကို သတင်းပို့တာပေါ့။ တစ်ခုခုကို ထိလိုက်တဲ့အခါ ပူတယ်၊ နာတယ်၊ အေးတယ် စသဖြင့် ဒီလိုလုပ်ငန်းတွေကို လုပ်တာပေါ့။ ဆီးချိုရောဂါ ဖြစ်တဲ့အခါကျတော့ ဒီလိုလုပ်ငန်း ဆောင်ရွက်ချက်တွေက ကျသွားတာပေါ့။ ဆဲလ်တစ်ခုနဲ့တစ်ခုကြားက သတင်းပို့တဲ့နှုန်းက ကျသွားတော့ ဦးနှောက်က လက်ခံရတာ နည်းသွားတယ်။ အဲဒီအခါမှာ ထိရင်လည်း ထိတာကို မသိတော့ဘူး။ ဒီအတွက် ထုံတာ ကျဉ်တာတွေ ဖြစ်လာတယ်။ ဒါ့အပြင် တကယ်ကို ထိခိုက်မိတာ မဟုတ်ဘဲ၊ ဘာမှမစူးဘဲနဲ့လည်း စူးတယ်၊ ပူတယ် စသဖြင့် ခံစားချက်တွေ ရလာတာပေါ့။ ဒါတွေက အာရုံကြော အားနည်းတဲ့သူတွေမှာ ခံစားရတယ်။ ဆီးချိုရဲ့ နောက်ဆက်တွဲ အာရုံကြော ဝေဒနာရှင်တွေမှာ ဖြစ်တာပေါ့။ 

Voice : အာရုံကြောက လုပ်ဆောင်မှုတွေ ကျသွားတဲ့အခါမှာ နောက်ဆက်တွဲအနေနဲ့ ဘယ်လို ရောဂါမျိုးတွေ ထပ်ပြီးဖြစ်လာနိုင်ပါသလဲ။ 
Dr.OKKW : နောက်ဆက်တွဲအနေနဲ့ ခြေထောက်တွေက ထုံကျဉ်နေပြီးသား ဖြစ်တဲ့အတွက် တော်တန်ရုံ ခလုတ် တိုက်လိုက်ရင်လည်း နာလို့နာမှန်း မသိကြဘူး။ ပိုဆိုးတာက ဆီးချိုသမားမှာ အနာကျက်တာ နှေးတတ်တယ်။ ခလုတ်တိုက်ပြီး ခြေမလေးကွဲသွားတယ်။ ဒဏ်ရာသေးပေမယ့် သူ့မှာ အာရုံကြော အားနည်းတဲ့ရောဂါအခံကလည်း ရှိနေတယ်။ ခြေဖျားလက် ဖျားတွေကိုသွားတဲ့ သွေးကြောတွေကလည်း ကျဉ်းကုန်တဲ့အတွက်ကြောင့် သွေးသွားသွေးလာလည်း နည်းသွားတယ်။ သွေးထဲမှာရှိတဲ့ အချိုဓာတ်ကလည်း များနေတဲ့အတွက်ကြောင့် ဗက်တီးရီးယားပိုးတွေ ပေါက်ပွားရတာ လွယ်တယ်။ ဒီအချက်တွေကြောင့် အနာကျက်တာက နှေးတယ်။ ဆီးချိုဝေဒနာရှင်က ပုံမှန်အတိုင်းအတာတွင်းမှာ အနာမကျက်ဘဲ ကြာနေတတ်တယ်။ တချို့ဆို ဘာမဟုတ်တာလေးနဲ့ ခြေမကို ခလုတ်တိုက်ပြီး အနာက ကြာနေတတ်တယ်။ ဒီအတိုင်း ထားရင်းက အနာမကျက်ဘဲ ကြာနေရင်းက ထုံကျဉ်လာတယ်။ အဲ့ဒီကတစ်ဆင့် ဖြတ်လိုက်ရတာမျိုးတွေ ရှိတယ်။ ဖြတ်တဲ့ဒဏ်ရာကလည်း မကျက်ဘဲနဲ့ ထပ်ထပ် ဖြတ်ရင်းနဲ့ ခြေထောက်တစ်ခုလုံး ခြေချင်းဝတ်အထိ ဖြတ်ပစ်လိုက်ရတာမျိုးတွေ ရှိတယ်။

Voice : ဘယ်လို ကုသမှုတွေနဲ့ နေထိုင်သင့်ပါသလဲ။ 
Dr.OKKW : ကုသမှုအနေနဲ့ကတော့ အာရုံကြော အားဆေးတွေ သောက်လို့ ရတယ်။ အဓိကတော့ ဗီတာမင်ဘီ အုပ်စုပါတဲ့ အာရုံကြော အားဆေးတွေကို သောက်လို့ ရပါတယ်။ အာရုံကြော ထုံတာ၊ ကျဉ်တာတွေ၊ ကိုက်ခဲတာတွေအတွက် အာရုံကြော အကိုက်အခဲပျောက်တဲ့ အားဆေးမျိုးတွေကို သောက်လို့ရပါတယ်။ ဒါပေမဲ့ ဘယ်ဆေးကိုပဲဖြစ်ဖြစ် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ တိုင်ပင် ကုသပြီးတော့မှ သောက်တာကတော့ အကောင်းဆုံးပါပဲ။ အရေးကြီးတာက ဆီးချိုကြောင့် နောက်ဆက်တွဲ ပြဿနာ ဖြစ်တဲ့အတွက် ဆီးချိုကိုတော့ မဖြစ်မနေ နိုင်အောင် ထိန်းရမယ်။ ကိုယ်စားတဲ့ အစားအသောက်တွေမှာလည်း အချိုအဆိမ့်တွေ လျှော့စားသင့်တယ်။ ဆီးချို မဖြစ်အောင်တော့ ကိုယ့်ရဲ့ နေထိုင်မှုပုံစံကို ပြောင်းရမှာပေါ့။ ခုနောက်ပိုင်း တစ်ကမ္ဘာလုံးက နေထိုင်မှုပုံစံ Life Style တွေ ပြောင်းလာတယ်။ လှုပ်လှုပ်ရှားရှား နေရတဲ့ ပုံစံမျိုး မဟုတ်တော့ဘဲ တစ်နေရာတည်းမှာ ထိုင်ပြီးတော့ မလှုပ်မယှက်ဘဲ အလုပ်လုပ်ရတာတွေ များလာတယ်။ စားတဲ့အစားအသောက်တွေမှာလည်း သဘာဝအတိုင်းရတဲ့ အစားအသောက်ကို စားတာ နည်းလာပြီးတော့ ပြုပြင်ထားတဲ့ အစားအသောက်တွေက ဒီဆီးချိုရောဂါကို အဓိက ဖြစ်စေတာပေါ့။ အဲဒီတော့ ကိုယ့်ရဲ့နေထိုင်မှု ပုံစံကို တတ်နိုင်သလောက် ပြောင်းပေါ့။ လေ့ကျင့်ခန်း များများ လုပ်သင့်တယ်။ ဒါမျိုးတွေနဲ့ ရောဂါမဖြစ်အောင် ကာကွယ်သင့်ပါတယ်။ 

Voice : ဆရာ့အနေနဲ့ လူထုအတွက် ဖြည့်စွက်စကား ပြောပေးပါဦး။ 
Dr.OKKW : ဆီးချိုရောဂါဖြစ်ဖြစ်ချင်း ထိရောက်တဲ့ ကုသမှုမျိုး ခံယူတယ်ဆိုရင်တော့ နောက်ဆက်တွဲ ရောဂါတွေကို ထိန်းထားပြီးသား ဖြစ်တယ်။ အဲလို မဟုတ်ဘဲနဲ့ ဆီးချိုရှိတာ သိတာလည်း နောက်ကျသွားပြီဆိုရင်တော့ နောက်ဆက်တွဲတွေက ဝင်တယ်။ တချို့ဆိုရင် အနာဖြစ်တာ မကျက်တော့ဘဲ ကြာနေတော့မှ မသင်္ကာလို့ ဆီးချိုဖောက်စစ်ကြည့်လိုက်မှ ဖြစ်နေတာကို သိတာမျိုးပေါ့။ ဆီးချိုရောဂါ ဖြစ်တာကြာလာတာနဲ့အမျှ ဆီးချိုရောဂါကိုနိုင်အောင် မထိန်းထားနိုင် ဘူးဆိုရင် နောက်ဆက်တွဲ ပြဿနာတွေ ဝင်လာနိုင်ပါတယ်။ နောက်ပြီးတော့ ဆီးချိုရောဂါ ဖြစ်လာပြီဆိုရင်လည်း ဆေးမြီးတိုနဲ့ ကုသမနေဘဲနဲ့ တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ကုသတာမျိုး၊ ဆီးချိုကြောင့် ဖြစ်တတ်တဲ့ နောက်ဆက်တွဲ ရောဂါတွေကိုလည်း ခေါင်းထဲမှာ ထည့်ထားရမယ်။ ကြိုတင် ကာကွယ်ဖို့အတွက်ပါ။ 

Voice : အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ 

သီတာဆွေ