News

POST TYPE

EDITOR PICK POST

ကားထိုင်ခုံ ခါးပတ် ပတ်ခြင်း
29-May-2017 tagged as ကား

‘တန်ဖိုးရှိတဲ့အသက်တွေ မဆုံးရှုံးဖို့ ထိုင်ခုံခါးပတ်ပတ်ထားစို့’ ဆိုတဲ့ ကမ်ပိန်းကို မေ ၁၅ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ အမြန်လမ်း နေပြည်တော်တိုးဂိတ်မှာ ပြုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ကားမောင်းတဲ့အခါ ခါးပတ်ပတ်ကြဖို့ အမြင်တွေကို စုစည်းဖော်ပြလိုက်ပါတယ်။

“ထိုင်ခုံခါးပတ် ပတ်ထားရင် ဘယ်လိုအက်ဆီးဒင့်ပဲဖြစ်ဖြစ် ၈၀ ရာခိုင်နှုန်း လူ့အသက်ကို ကာကွယ်နိုင်တယ်”
အရည်ကြို (ကမ်ပိန်းတွင် ဦးဆောင်ပါဝင်လှုပ်ရှားသူ)

အက်ဆီးဒင့်ဆိုတာ အချိန်မရွေး၊ နေရာမရွေး ဖြစ်နိုင်တယ်။ အက်ဆီးဒင့်ဖြစ်တဲ့ အချိန်မှာ လမ်းကြောင့်၊ လူကြောင့်၊ ရာသီဥတုကြောင့် ဆိုပြီးတော့ အမျိုးမျိုး ပြောလို့ရတယ်။ ကားမောင်းသူက ဘယ်လောက်ပဲ ကျွမ်းကျွမ်းကျင်ကျင် မောင်းတတ်တယ်ပဲဆိုဆို ကိုယ့်ကားကို ဖြည်းဖြည်းမှန်မှန်နဲ့ မောင်းသင့်တယ်။ မောင်းနေတဲ့အချိန် ရုတ်တရက် ဝင်လာတဲ့ နွားကို တိုက်တာပဲဖြစ်ဖြစ်၊ ဆိုင်ကယ်ကို တိုက်တာပဲဖြစ်ဖြစ် ဖြစ်တတ်တယ်။ ဒါပေမဲ့ ကိုယ့်ကားကို ပုံမှန်မောင်းနေပေမယ့်လည်း တခြားကားက ရုတ်တရက် တိုက်လိုက်တာလည်း ဖြစ်နိုင်တာပဲ။ အက်ဆီးဒင့်က အကြောင်းကြောင်းကြောင့် အချိန်မရွေး၊ နေရာမရွေး ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲလိုဖြစ်တာတွေကို ကာကွယ်နိုင်တဲ့နည်းလမ်း ရှိတယ်။ အဲဒါက ထိုင်ခုံခါးပတ် ပတ်ထားတဲ့ နည်းလမ်းပဲ။ ထိုင်ခုံခါးပတ် ပတ်ထားရင် ဘယ်လိုအက်ဆီးဒင့်ပဲဖြစ်ဖြစ် ၈၀ ရာခိုင်နှုန်း လူ့အသက်ကို ကာကွယ်နိုင်တယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ အသက်တွေက တန်ဖိုးရှိတယ်။ ကားလို စပယ်ယာဘီးလို အပိုပစ္စည်း မပါဘူး။ အဲဒါကြောင့်မို့လို့ ‘တန်ဖိုးရှိတဲ့ အသက်တွေမဆုံးရှုံးဖို့ ထိုင်ခုံခါးပတ် ပတ်ထားစို့’ ဆိုတဲ့ ကမ်ပိန်းကို လုပ်တာပါ။ (မေလ) ၁၉ ရက်နေ့ကနေ ၂၅ ရက်နေ့ အမြန်လမ်း တိုးဂိတ်နားမှာ လုပ်ခဲ့တယ်။ လုပ်ခဲ့တဲ့အထဲမှာ အတွေ့အကြုံတွေ အများကြီးရခဲ့တယ်။ တချို့ကတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ ခါးပတ်ပတ်ကြတယ်။ တချို့တွေကျတော့လည်း ခါးပတ်ကို မပတ်ချင်ဘူး။ ဆောင့်အောင့်နေတာမျိုးတွေ ရှိတယ်။ ဘာပဲပြောပြော ခါးပတ်ပတ်ခြင်းက လူတွေရဲ့ အသက်တွေကို အများကြီး ကယ်ဆယ်နိုင်တယ်။                                                          

“တစ်ကမ္ဘာလုံး ကားမောင်းရင် ခါးပတ်ပတ်စီးနေတာတောင် မြို့ထဲမှာ ခါးပတ်ပတ်စီးရင်ကိုပဲ လူရယ်စရာကြီးလို အကြည့်ခံရတယ်”
ဦးရဲမြတ်သူ (ကမ်ပိန်းတွင် ပါဝင်ခဲ့သည့် ကိုယ်ပိုင်ယာဉ်မောင်း)

ဒီကမ်ပိန်းမှာ အဓိကကတော့ ကားပေါ်တက်ကတည်းက ခါးပတ်ပတ်ကြဖို့ တိုက်တွန်းတာပါ။ ခါးပတ်ကို အခုလုပ်နေတဲ့ အဝေးပြေးလမ်းတင် မဟုတ်ဘဲ မြို့တွင်းမှာ ကားမောင်းတဲ့ အခါကအစ ခါးပတ်ပတ်ပြီး မောင်းဖို့၊ ခါးပတ်ပတ်တာက ကားမတော်တဆ ဖြစ်ရင်တောင် အသက်ကယ်တာမို့ အကုန်လုံးလိုက် နာစေချင်ပါတယ်။ အခုလို ကမ်ပိန်းတွေ လုပ်ပေးတဲ့အတွက် လူတွေအကုန်လုံးလည်း မှတ်မှတ်ရရ ဖြစ်စေချင်တာရယ်၊ နောက် ကုမ္ပဏီက ထုတ်ပေးလိုက်ကတည်းက ခါးပတ်ပါမှ ကားမောင်းဖို့၊ ဒါမှ ယာဉ်မတော်တဆဖြစ်တဲ့အခါ လေအိတ်ပွင့်မယ်။ ခါးပတ်ကလည်း ရိုးရိုးပတ်ထားတဲ့ခါးပတ် မဟုတ်တဲ့အတွက် ကားကို ထိန်းထားပေးနိုင်တယ်။ နောက် ကျွန်တော်တို့ မြန်မာလူမျိုးတွေအကျင့်က ခါးပတ်ပတ်ထားရင်ကိုပဲ ရှက်တဲ့ပြဿနာ ရှိတယ်။ တစ်ကမ္ဘာလုံး ကားမောင်းရင် ခါးပတ်ပတ်စီးနေတာတောင်  မြို့ထဲမှာ ခါးပတ်ပတ်စီးရင်ကိုပဲ လူရယ်စရာကြီးလို အကြည့်ခံရတယ်။ မင်းကကြောက်နေတာလားလို့ အမေးခံရတာမျိုးတွေ ရှိတယ်။ နောက်တစ်ခုက ဆိုင်ကယ်ဦးထုပ်ကိစ္စ။ မန္တလေးဆေးရုံကြီးမှာ မတော်တဆမှုနဲ့ ရောက်လာတဲ့ သူတွေထဲမှာ အဖြစ်အများဆုံးက ဆိုင်ကယ်ဦးထုပ်ဆောင်း မစီးလို့ ဖြစ်ကြတာ များတယ်။ ဦးထုပ်မပါလို့ မတော်တဆဖြစ်လိုက်ရင် သေတာများတယ်။ လူတွေတော်တော်များများကလည်း ခါးပတ်မှာရော၊ ဦးထုပ်မှာပါ အသက်အန္တရာယ် ဖြစ်မှာစိုးလို့ ပတ်တယ်၊ ဝတ်တယ် ဆိုတာထက် ရဲအဖမ်းခံရမှာစိုးလို့ လုပ်ကြတာက များတယ်။ ဦးထုပ်မဆောင်းဘဲ စီးရင်ကိုပဲ သူရဲကောင်းလို မြင်နေတာ များတယ်။ အခုလို ကမ်ပိန်းတွေ လုပ်ပေးတာကလည်း လူတွေရဲ့ Mindset ကို ပြောင်းပေးဖို့ ရုပ်ရှင်သရုပ်ဆောင်တွေပါ ပါဝင်တဲ့ သူတို့ Facebook မှာ တင်တာတွေ၊ သူတို့ပရိသတ်တွေလည်း ရှိတဲ့အတွက် ထိရောက်တယ်လို့ ပြောလို့ရပါတယ်။ 

“အဓိက ခါးပတ်ပတ်ဖို့ လိုအပ်တာက အမြန်လမ်းမှာ ဆိုပေမယ့် မြို့တွင်းမှာလည်း ပတ်ဖို့ လိုအပ်ပါတယ်” 
ဦးကြည်သာဟန် (ကိုယ်ပိုင်ယာဉ်မောင်း)

ကားမောင်းရင် မြို့ထဲပဲသွားသွား၊ ဟိုင်းဝေးပဲသွားသွား ခါးပတ်ပတ်ပြီး မောင်းတာ အကောင်းဆုံးပါ။ ခါးပတ်ပတ်ထားရင် Safe  ဖြစ်တာပေါ့နော်။ အန္တရာယ်ကင်းတာပေါ့။ ပတ်သင့်ပါတယ်။ ဒီကိစ္စ ကောင်းပါတယ်။ လူတွေပြောနေကြတဲ့ ခါးပတ်ပတ်ရတာ စိတ်အိုက်တယ်၊ မောင်းရတာ မလွတ်လပ်ဘူး ဆိုတာတွေက တစ်သက်လုံး ခါးပတ်ပတ်ခဲ့တဲ့ အကျင့်မရှိခဲ့လိုပါ။ လူတွေက အခုကျင့်သားမရသေးလို့ပါ။ လေယာဉ်စီးလည်း ခါးပတ်ပတ်ရတာပဲ။ ကားမောင်းရင်လည်း ခါးပတ်တော့ ပတ်ရမှာပါပဲ။ အဲဒီတော့ ဒါလေးက အကျင့်လုပ်သွားရင် နောက်ဆို ကားမောင်းတာနဲ့ ခါးပတ်ပတ်ဖြစ်သွားရင် ရိုးသွားကြမှာပါ။ အခုမှ စပတ်ကျတော့ လူတွေက တစ်မျိုးဖြစ်နေကြတာပါ။ ဒါကတော့ Safety အတွက် ပတ်သင့်ပါတယ်။ ဥပမာ- ရုတ်တရက် အမြန်လမ်း ကားဘီးပွင့်သွားရင် ကားအက်ဆီးဒင့် ဖြစ်သွားခဲ့တဲ့အခါ ခါးပတ်ပတ်ထားရင် အသက်ဆုံးရှုံးမှာကို ကာကွယ်နိုင်ပါတယ်။ ခါးပတ်ပတ်မပတ်ထားရင် ကားထဲက လွင့်စဉ်ကျသွားတာတို့၊ ညပ်နေတာတို့ ဖြစ်နိုင်ပါတယ်။ စတီယာရင်နဲ့ ရင်ဘတ်နဲ့ စောင့်တာတို့ အများကြီး ဖြစ်နိုင်ပါတယ်။ ခါးပတ်မပါတဲ့ ကားတွေဆို ပိုဆိုးသွားနိုင်တယ်။ အဲဒါကြောင့် ခါးပတ်က အရေးကြီးပါတယ်။ ခါးပတ်ပတ်ထားရင် လေအိတ်မပွင့်လည်း ဘာမှပြဿနာ မရှိပါဘူး။ ခါးပတ်မပတ်တဲ့ သူကသာ လေအိတ်မပွင့်တဲ့အခါ အန္တရာယ်က ကြီးတာပါ။ အဓိက ခါးပတ်ပတ် ဖို့လိုအပ်တာက အမြန်လမ်းမှာ ဆိုပေမယ့် မြို့တွင်းမှာလည်း ပတ်ဖို့ လိုအပ်ပါတယ်။          
                         
ဟိန်းမြတ်စိုး၊ ခိုင်ချယ်ရီထွန်း