News

POST TYPE

EDITOR PICK POST

ရန်ကုန်တိုင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၊ လွှတ်တော်နှင့် ပါတီ သုံးပွင့်ဆိုင်တွေ့ဆုံ
28-May-2017 tagged as ရန်ကုန်

ရန်ကုန်၊ မေ ၂၈

ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များ ပါဝင်သည့် သုံးပွင့်ဆိုင် တွေ့ဆုံပွဲတစ်ခု ပြုလုပ်ခဲ့ကြောင်း NLD ပါတီ CEC အဖွဲ့ဝင်များထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်၊ တိုင်းအမှုဆောင်အဖွဲ့နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည့် သုံးပွင့်ဆိုင် အစည်းအဝေးကို မေလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် တွေ့ဆုံခဲ့ကြောင်း NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးဝင်းထိန်က ပြောသည်။

“တွေ့တာကတော့ လွှတ်တော်ရယ်၊ အစိုးရရယ်၊ ပါတီရယ် သုံးပွင့်ဆိုင် ဟန်ချက်ညီညီနဲ့ ရန်ကုန်တိုင်းမှာရှိတဲ့ ကိစ္စတွေကို အကောင်အထည်ဖော်နိုင်ဖို့ တွေ့ဆုံဆွေးနွေးကြတာ ဖြစ်တယ်။ အစိုးရကလည်းပြော၊ လွှတ်တော်ကိုယ်စားလှယ်ကပြော၊ အချင်းချင်း ညှိကြတာပါ”ဟု ၎င်းက ပြောသည်။

ထို့ပြင် ယင်းဆွေးနွေးပွဲမှတစ်ဆင့် မဏ္ဍိုင်သုံးရပ်ကြား အချင်းချင်း အထင်အမြင် လွဲမှားစရာ၊ အတွေးအခေါ် မှားယွင်းမှု ကိစ္စရပ်များကို ပြန်လည် ညှိနှိုင်းမှုများ ပြုလုပ်နိုင်ကြောင်း ဦးဝင်းထိန်က ဆိုသည်။

ယခုကဲ့သို့ လွှတ်တော်၊ ပါတီနှင့် တိုင်းအစိုးရအဖွဲ့ သုံးပွင့်ဆိုင်တွေ့ဆုံခြင်းသည် ရန်ကုန်တိုင်းတွင် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ထပ်မံ တွေ့ဆုံသွားရန် စီစဉ်ထားကြောင်း ရန်ကုန် တိုင်းဒေသကြီး NLD ဥက္ကဋ္ဌ ဦးမြင့်ဌေးက ပြောသည်။

“ဒီတွေ့ဆုံဆွေးနွေးပွဲက ပြီးခဲ့တဲ့ တစ်နှစ်တာကာလ အခြေအနေကို ပြန်လည် သုံးသပ်ပြီးတော့ ကျွန်တော်တို့အနေနဲ့ တိုင်းအစိုးရအဖွဲ့နဲ့ လက်ရှိအခြေအနေထက် ပိုပြီးတော့ စုစုစည်းစည်း၊ ဟန်ချက်ညီအောင် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားနိုင်ဖို့ မျှော်လင့်ပါတယ်။ နောက်ပိုင်းမှာလည်း ထပ်မံ တွေ့ဆုံမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ယခုကဲ့သို့ အစိုးရ၊ လွှတ်တော်နှင့် ပါတီ သုံးပွင့်ဆိုင်တွေ့ဆုံမှုများကို မြန်မာတစ်နိုင်ငံလုံးရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တည်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တွင်သာ တွေ့ဆုံရန် ကျန်ရှိတော့ကြောင်း ပါတီဗဟို အလုပ်အမှုဆောင်များထံမှ သိရသည်။

J-09