News

POST TYPE

EDITOR PICK POST

ဆရာများ၏ ရင်ဖွင့်သံ
18-Aug-2016 tagged as ဆရာများ

ပညာရေး ဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာန လက်အောက် ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များမှ နည်းပြ၊ သရုပ်ပြများ လက်ထောက်ကထိက ရာထူးတိုးကို သြဂုတ်လ ၁၁ ရက်က ထုတ်ပြန်ခဲ့သည်။ ၂၀၀၉ ခုနှစ်မှ စတင်တာဝန်ထမ်းဆောင်ခဲ့သည့် နည်းပြ၊ သရုပ်ပြ ၁၃၀၀ ကျော်နှင့် ၂၀၁၂ ခုနှစ်မှ စတင် တာဝန်ထမ်းဆောင်ခဲ့သည် နည်းပြ၊ သရုပ်ပြများ အပါအဝင် စုစုပေါင်း ၂၇၀၀ ကျော်ကို ရာထူးတိုးခဲ့သည်။ သို့သော် ၂၀၀၉ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့သူများက ၂၀၁၄ ခုနှစ် ကတည်းက ရာထူးတိုးတင်ခဲ့သော်လည်း ယခုနှစ်ကျမှ ရာထူးတိုးခဲ့ခြင်း ဖြစ်သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ သဘောထားအမြင်များကို ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှ တစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။

ဦးဝင်းဇော်မျိုးထက် (လ/ထ ကထိက ရူပဗေဒဌာန ရန်ကုန်တက္ကသိုလ်)

၂၀၁၆ ခုနှစ် သြဂုတ်လ ၁၁ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာအရ အဆင့်မြင့်ပညာ ဦးစီးဌာန တက္ကသိုလ်/ ကောလိပ်/ ဒီဂရီကောလိပ်များမှာ တာဝန်ထမ်းဆောင်နေကြတဲ့ နည်းပြ/သရုပ်ပြတွေကို လက်ထောက်ကထိကအဖြစ် ရာထူးတိုးမြှင့် ခန့်ထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လုပ်သက်သုံးနှစ်နီးပါး ကွာခြားသူတို့ကို တစ်နေ့တည်း၊ တစ်ပြိုင်တည်းမှာပဲ အမိန့်ကြော်ငြာစာ တစ်စောင်တည်းနဲ့ တစ်ပြေးညီ ရာထူးတိုးမြှင့်ပေးခြင်းက ၂၀၀၉ ခန့်အပ် ဆရာတွေအတွက် အမှုထမ်းသက်အရ လည်းကောင်း၊ ဝါစဉ်အရသော် လည်းကောင်း နစ်နာမှုများ ရှိနေပါတယ်။

အဲဒီ့နစ်နာမှုတွေအတွက် ဦးစီးဌာန (အဆင့်မြင့်ပညာ ဦးစီးဌာန) နဲ့ ဝန်ကြီးဌာန (ပညာရေး ဝန်ကြီးဌာန) တို့ကို ၂၀၀၉ ခန့်အပ် ဆရာ၊ ဆရာမတွေက ကျေနပ်လက်ခံနိုင်တဲ့၊ ထိုက်တန်တဲ့ ကုစားမှု တစ်စုံတစ်ရာ ပြုလုပ်ပေးဖို့ တောင်းဆိုချင်ပါတယ်။ ၂၀၁၄ ခုနှစ် နိုင်ငံ့ဝန်ထမ်း ဥပဒေပါ သတ်မှတ်ချက်တွေအရ အနည်းဆုံး လုပ်သက်သုံးနှစ် ရှိသူတွေကို ရာထူးတစ်ဆင့် တိုးမြှင့်ပေးတယ်ဆိုရင် ၂၀၀၇ ခုနှစ် ကတည်းက ခန့်အပ်တဲ့ နည်းပြ၊ သရုပ်ပြတွေကို လက်ထောက်ကထိက ရာထူးတိုးမြှင့်ပေးစဉ် ကတည်းက လုပ်သက်သုံးနှစ်ကျော်နေပြီ ဖြစ်တဲ့  ၂၀၀၉ ခုနှစ် ခန့်အပ်တွေကို ချန်လှပ်ခဲ့တာ၊ ယနေ့ လက်ထောက်ကထိက လုပ်သက် သုံးနှစ်ခွဲမျှ ရှိပြီဖြစ်တဲ့ ၂၀၀၅ ခုနှစ် ခန့်အပ်တွေကို ကထိကရာထူး အတွက် ရာထူးတိုးပေးခြင်း မရှိသေးခြင်းဟာ လုပ်သက်သုံးနှစ်မူကို ကျင့်သုံးပြီး ရာထူးတိုး ကိစ္စကို ဆောင်ရွက်ခဲ့သည် ဆိုခြင်းက သံသယဖြစ်ဖွယ်ရာ ဖြစ်နေပါတယ်။

လက်ထောက်ကထိက ရာထူးကို တစ်ပြိုင်နက်တည်း တိုးမြှင့်ပေးလိုက်တဲ့ ၂၀၀၉ ခန့်နှင့် ၂၀၁၂ ခန့် တွေကို နောက်လာမယ့် ရာထူးတိုးမြှင့်ခြင်းတွေမှာ သုံးနှစ်မူအရ ကထိက လုပ်သက်ကို အတူတူ တိုးပေမယ့်လည်း တက္ကသိုလ်တစ်ခုမှာ ၄ ဦးသာ ခန့်ထားတဲ့ တွဲဖက်ပါမောက္ခ ရာထူးမှာ ယခုလို စီနီယာ၊ ဂျူနီယာ မခွဲဘဲ မည်သို့ ဆုံးဖြတ်မည်နည်း။ ဒါမှမဟုတ် စုစုပေါင်း လုပ်သက်ကိုကြည့်ပြီး စီနီယာ၊ ဂျူနီယာခွဲ တိုးမြှင့်ပေးမည်လား ဆိုတာကို ပွင့်လင်းမြင်သာစွာ မူဝါဒ ချပြသင့်ပါတယ်။  

ဒါကြောင့် ၂၀၀၉ ခန့်အပ်တွေရဲ့ နိုင်ငံတော်အတွက် ပေးဆပ်ခဲ့တဲ့ အချိန်ကာလနဲ့ ခွန်အားတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ လည်းကောင်း၊ ဝါစဉ်အရသော် လည်းကောင်း ၂၀၀၉ ခန့်နှင့် ၂၀၁၂ ခန့်တွေကို တန်းတူရာထူး သတ်မှတ်ပေးထားခြင်းကို ပြန်လည်သုံးသပ် စဉ်းစားပြီး နည်းလမ်းရှာဖွေပြီး အဆောတလျင် ဆောင်ရွက်ပေးဖို့ တောင်းဆိုအပ်ပါတယ်။                

ဒေါက်တာဇော်မျိုးလှိုင် (ကျောက်ဆည်တက္ကသိုလ် ရူပဗေဒဌာန၊ လက်ထောက်ကထိက)

ခု (၁၁.၈.၂၀၁၆ ) ရက်နေ့က အဆင့်မြင့်ပညာ ဦးစီးဌာနအောက်က တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ သရုပ်ပြ၊ နည်းပြများကို လက်ထောက်ကထိက ရာထူးတိုး ကိစ္စက တက္ကသိုလ် ဆရာလောက မှာ တော်တော်ဂယက်ရိုက်ပါတယ်။ ၂၀၁၄ နိုင်ငံ့ဝန်ထမ်း ဥပဒေ စာမျက်နှာ ၁၆၇ ဇယား (၁) အပိုဒ်နံပါတ် (၃) ပါ သတ်မှတ်ချက်များအရ လုပ်သက်သုံးနှစ် ကျော်သူတွေကိုပါ ရာထူးတိုးပေးလိုက်တာလို့ အဆည (အဆင့်မြင့်ပညာ ဦးစီးဌာန) တာဝန်ရှိသူတွေက ဆိုတယ်။ ဒီတော့ လုပ်သက်ခြောက်နှစ်ကျော်နဲ့ သုံးနှစ်ကျော်က လ/ထ ကထိက စဖြစ်တာကျတော့ အတူတ ဖြစ်သွားတာပေါ့။ ဒီအပေါ်မှာ ဝေဖန်သံတွေ ညံလာတာပါ။ ဆရာ၊ ဆရာမတွေကြား စိတ်ဝမ်းကွဲမှုတွေ ဖြစ်လာတယ်။ ရာထူးတိုးမှုတွေက တစ်ခါလာတစ်မျိုး ဖြစ်တော့ အားလုံး နားလည်ရ ခက်ကုန်ပါတယ်။

နောက်ပြီးတော့ အဆင့်မြင့်ပညာဦးစီးဌာန အောက်က နည်းပြ၊ သရုပ်ပြများ ရာထူးတိုးခဲ့ပေမယ့် ၂၀၁၄ နိုင်ငံ့ဝန်ထမ်းဥပဒေ ဇယား (၁) ပါ သတ်မှတ် ချက်များနှင့် ကိုက်ညီမှုရှိတဲ့ သိပ္ပံနှင့် နည်းပညာဌာန၊ ကျန်းမာရေး ဝန်ကြီးဌာနနှင့် အခြားဆက်စပ်ဝန်ကြီး ဌာနများ ဦးစီးဌာနများအောက်က တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တွေက နည်းပြ၊ သရုပ်ပြတွေကျတော့ ရာထူးတိုး ကျန်နေတယ်။ သူတို့ထဲက အချို့ဆို နည်းပြ၊ သရုပ်ပြလုပ်သက် ဆယ့်ငါးနှစ်ကျော်များ ပါပါနေတယ်။ သူတို့အတွက်ကျ ၂၀၁၄ ခုနှစ် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ ဇယား (၁) ပါ အချက်အလက်တွေက လျစ်လျူရှုထားသလို ဖြစ်နေတယ်။ သူတို့တွေအတွက်ကျ ဘယ်သူတွေက တာဝန်ယူပေးမှာလဲ မေးစရာ ဖြစ်လာတယ်။

ဒီတော့ အားလုံး နိုင်ငံ့ဝန်ထမ်း ဥပဒေအောက်မှာ တန်းတူအခွင့်အရေး မရကြသလို ဖြစ်နေတယ်။ ဒါတွေကို အဆင့်ဆင့် ပြန်လည်စိစစ် သုံးသပ်ဖို့ အရေးကြီးပါတယ်။ နောက်ပြီး လက်ရှိ လုပ်သက်သုံးနှစ် ခြောက်လကျော် လက်ထောက်ကထိကတွေလည်း ရှိတယ်။ သူတို့လည်း ၂၀၀၄ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ ဇယား (၁) အပိုဒ် (၃) အရဆိုလျှင် ကထိကရာထူး အဆင့်သို့ တိုးမြှင့်ခန့်ထားပေးဖို့ အခြေအနေတစ်ရပ် ရှိနေတယ်။ အခြေခံပညာ ကဏ္ဍမှာလည်း ရာထူးတိုးနဲ့ ပတ်သက်ပြီး ဆရာ၊ ဆရာမတွေဆီက အသံမျိုးစုံ ကြားနေရတယ်။ အချုပ်ပြောရရင် ပညာရေးမှာ ခိုင်မာတဲ့ ရာထူးတိုး မူဝါဒကို ပွင့်လင်းမြင်သာစွာ ချမှတ်ထားတာ မရှိလို့ ခုလို အရှုပ်အထွေးတွေ ပေါ်နေရတာ ဖြစ်ပါတယ်။ နောက်နောင် ဒါမျိုးတွေ ဆက်မဖြစ်ဖို့ ပွင့်လင်းခိုင်မာတဲ့ အများသဘောတူတဲ့ ရာထူးတိုး မူဝါဒတွေ ရေးဆွဲဖို့ လိုနေတာ အသေအချာ ဖြစ်ပါတယ်။                            

ဦးဖြိုးမောင်မောင်ဝင်း (ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (မန္တလေး) ရူပဗေဒဌာန၊ ဆေးဘက်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးဦးစီးဌာန သရုပ်ပြ)

ခု ပညာရေး ဝန်ကြီးဌာန အဆညအောက်က ဆရာတွေ လုပ်သက်သုံးနှစ်ကျော်နဲ့ ရာထူးတိုးပေးတာ တွေ့ရတယ်။ ကျွန်တော်တို့ ကျန်းမာရေး ဝန်ကြီးဌာနအောက်နဲ့ သိပ္ပံနဲ့နည်းပညာအောက်က ဆရာတွေ လုပ်သက်ဆယ်နှစ်ကျော်တွေရော ခုထိ နည်းပြ/သရုပ်ပြပဲ ရှိနေပါသေးတယ်။ အဓိကကတော့ ပညာရေးဝန်ထမ်းလို့ သတ်မှတ်ထားခြင်း ခံရတဲ့ တက္ကသိုလ် ဆရာ၊ ဆရာမတွေကို ခုလိုခွဲခြားပြီး ရာထူးတိုးတာဟာ လုံးဝမဖြစ်သင့်ဘူး။

ပြဋ္ဌာန်းထားတဲ့ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေအတိုင်း လုပ်မယ်ဆိုရင် တစ်ပြေးညီ လုပ်ပေးပါ။ အမျိုးသားပညာရေး ဥပဒေပါအရ ဆရာအချင်းချင်းကြား ခွဲခြားတာ ခွင့်မပြုပါဘူး။ ဒါကြောင့် ခုလိုခွဲခြားလုပ်ဆောင်မှုတွေ ရပ်တန့်ပေးဖို့ လိုပါမယ်။ ခွဲခြားပြီး ရာထူးတိုးတယ် ဆိုတာ ကျူးလွန်သူတွေဟာ အလွန်ရှက်စရာကောင်းတယ်။ တိုင်းပြည်ရဲ့ တက္ကသိုလ်ပညာရေးကဏ္ဍ တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာ၊ ဆရာမချင်း အတူတူ ပညာရေးဘတ်ဂျက် သုံးစွဲနေတဲ့ ပညာရေး ဝန်ထမ်းချင်း အတူတူကို ဒီလိုခွဲခြားတိုးတယ် ဆိုတာ အလွန်ရုပ်ဆိုးတဲ့ ကိစ္စတစ်ရပ်အဖြစ် မြင်ပါတယ်။

ဖွဲ့စည်းပုံအခြေခံပါ နိုင်ငံသား အခွင့်အရေးနဲ့ အမျိုးသားပညာရေး ဥပဒေ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေကို ချိုးဖောက်ထားတာ ဖြစ်တဲ့အတွက် ဒီလိုလုပ်ရပ်တွေ ပပျောက်ဖို့ ကျွန်တော့်အနေနဲ့ သင့်လျော်တဲ့ နည်းလမ်းများ ရွေးချယ်ကာ အကောင်းဆုံး လုပ်ဆောင်မှုများကို အဆုံးစွန်ထိ ဆက်လက်လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။ ဆိုလိုတာက ခုလို ဥပဒေ တိမ်းစောင်းနေမှုမျိုးကို ထောက်ပြလိုတဲ့ ဆန္ဒတူ ဆရာ၊ ဆရာမများထံက လက်မှတ်စုဆောင်း ကောက်ခံပြီး ပညာရေး စိတ်ဝင်စားသူ လွှတ်တော်ကိုယ်စားလှယ်များကို အကူအညီတောင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

နေဇာကျော်


ABOUT AUTHOR

(နေဇာကျော်)