POST TYPE

EDITOR PICK POST

အိချောပိုနဲ့ တွေ့ဆုံခြင်း
19-May-2017 tagged as အနုပညာ

ဒါရိုက်တာ ခင်စောမျိုး ရိုက်ကူးတဲ့ ‘မင်းမနိုင်ရွာ’ ရုပ်ရှင်ကားမှာ ပါဝင်သရုပ်ဆောင်နေတဲ့ သရုပ်ဆောင် အိချောပိုနဲ့ တွေ့ဆုံပြီး မကြာသေးခင်က ရိုက်ကူးခဲ့တဲ့ ‘နာမည်ကျန်နေရစ်မယ်’  ရုပ်ရှင်ကားအကြောင်း၊ ဇာတ်ရုပ်အကြောင်း၊ ရှေ့ဆက်လှုပ်ရှားသွားမယ့် အနုပညာအကြောင်းတွေနဲ့အတူ အချစ်ရေး အကြောင်းများကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။

Voice :  မကြာသေးခင်က ရိုက်ခဲ့တဲ့ ‘နာမည်ကျန်နေရစ်မယ်’ ရုပ်ရှင်ကားမှာ အိချောပိုက အကယ်ဒမီရမှာ သေချာတယ်ဆိုပြီး ပြောနေကြတယ်နော်။

ECP : အဲ့ဒီကားထဲမှာ ကိုဇေရဲထက်နဲ့ အိချောက ကလေးဆိုဒ်ကနေ သရုပ်ဆောင်ရတာဆိုတော့ အရမ်းမျှော်လင့်ထားတာတော့ မရှိပါဘူး။ ဇာတ်ကားတစ်ကားကောင်းဖို့ အတွက် ပါဝင်တဲ့သရုပ်ဆောင်တွေ အားလုံးက တက်ညီလက်ညီနဲ့ ကြိုးစားမှရမှာ ဆိုတော့ ဇာတ်ကားကောင်းတစ်ကား ဖြစ်လာအောင် အိချောတို့က  အားဖြည့်ပေးတဲ့သဘောပါပဲ။ အကယ်ဒမီကို မှန်းရလောက်တဲ့အထိ မဟုတ်ပါဘူး။ 

Voice : ကိုယ်သရုပ်ဆောင်ထားတဲ့ ဇာတ်ရုပ်ပုံစံက ဘယ်လိုမျိုးလဲ။

ECP : အိချောက လယ်သမားဇာတ်ရုပ်ပါပဲ။ ကိုခန့်စည်သူရဲ့သား ကိုဇေရဲထက်နဲ့က ငယ်ငယ်ကတည်းက ခင်လာတဲ့ ငယ်သူငယ်ချင်း နေရာကနေ သရုပ်ဆောင်ထားတာပါ။

Voice : ‘တစ်လုံးချိုင့်’ ရုပ်ရှင်ကားထဲက ကြက်သားသည်ဇာတ်ရုပ်မျိုးကို အရင်က လုပ်ဖူးလား။

ECP : အိချောအနေနဲ့ အခြေခံလူတန်းစားဇာတ်ရုပ် တော်တော်များများကိုတော့ ရိုက်ဖူးပါတယ်။ ဒါပေမဲ့ ကြက်သားသည်ဇာတ်ရုပ်မျိုးတော့ မလုပ်ဖူးပါဘူး။ ဒီကားက ပထမဆုံးပါပဲ။

Voice : နောက်ပိုင်းမှာ သဘာဝဇာတ်ရုပ်တွေကို ပိုရိုက်ဖြစ်လာသလိုပဲ၊ ဘာကြောင့်လဲ။

ECP : အိချောကတော့ ကိုယ့်ကို လာကမ်းလှမ်းတဲ့အပေါ်မှာ ရိုက်ဖြစ်ပါတယ်။ ပြီးတော့ ကိုယ်က သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့အတွက် ဘယ်လိုဇာတ်ရုပ်မျိုးကိုမဆို ရိုက်ချင်တာပါပဲ။ ဟာသဆိုလည်း ဟာသအလျောက်၊ ဒရာမာဆိုလည်း ဒရာမာအလျောက် ရိုက်ချင်ပါတယ်။

Voice : ရုပ်ရှင်ကားတွေ အရိုက်များလာတဲ့အတွက် ဇာတ်ကို တစ်ခုနဲ့တစ်ခု မတူအောင် ဘယ်လိုရွေးချယ်ဖြစ်လဲ။

ECP : အိချောကို လာကမ်းလှမ်းတဲ့ဇာတ်တွေက တစ်ခုနဲ့တစ်ခု မတူတာ များပါတယ်။ ရှေ့မှာရိုက်ခဲ့တဲ့ ‘ခေတ်သစ်အိမ်ရှေ့မင်းသား’ ရုပ်ရှင်ဇာတ်ကားမှာ ဆိုရင်လည်း ဇာတ်ကလေးက ဆန်းတယ်။ အိချောက နန်းတွင်းပုံစံတွေ ဝတ်ရတယ်။ အဘိုးက ဘုရင်ရူး ရူးနေတာဆိုတော့ မြေးကိုလည်း မင်းသမီးလိုနေ ခိုင်းတယ်။ ပြီးတော့ အိမ်ထဲကနေ အိမ်ပြင်မထွက်ရဘဲ အထိန်းတော်တွေနဲ့ နေရတယ်။ ဒါပေမဲ့ ခြံပြင်ခိုးထွက်တဲ့ အခါကျရင်တော့ ဒီဘက်ခေတ်ပုံစံ ပြန်ဝတ်ရတယ်။ အဲဒါကြောင့် ဇာတ်ကလေးက ဆန်းတယ် ပြောရမယ်။

Voice :  ထပ်ပြီးရိုက်ဖို့ လက်ခံထားတဲ့ ရုပ်ရှင်ကားတွေ ရှိရင် ပြောပေးပါဦး။

ECP : ဟုတ်ကဲ့ ရှိပါတယ်။ လက်ရှိ ရိုက်ကူးနေတဲ့ ‘မင်းမနိုင်ရွာ’ ရုပ်ရှင်ကား ပြီးသွားရင်လည်း ပုပ္ပါးမှာပဲ ဒါရိုက်တာ ကိုပြည်ဟိန်းသီဟနဲ့ ‘စူပါမော်ဒယ်လ်’ ဆိုတဲ့ ရုပ်ရှင်ကားကြီး ရိုက်ဖို့ရှိပါတယ်။ ပြီးတော့ ‘လူကြီးကတော်’ ကားလည်း ရိုက်ဖို့ လက်ခံထားပါတယ်။ ဒီကားမှာတော့ ကိုလူမင်းနဲ့ မဂွမ်းလေးတို့ ပါပါမယ်။

Voice : ‘စူပါမော်ဒယ်လ်’ ရုပ်ရှင်ကားက မင်းသမီးတွေချည်းပဲ ပါမယ်လို့ သိရတယ်၊ ဟာသကားပဲလား။

ECP : ဟုတ်ပါတယ်။ ဟာသကားပါပဲ။ ရွာမှာ အရှေ့၊ အနောက်၊ တောင်၊ မြောက်ဆိုပြီး လေးပိုင်းခွဲ ထားတယ်။ ရွာရဲ့အရှေ့ဘက်မှာက လုံးချော၊ အနောက်ဘက်မှာက ပေါက်လှ၊ တောင်ဘက်မှာက ညိုချော၊ မြောက်ဘက်မှာက ဖြူတုတ်ဆိုပြီး အသီးသီး နာမည်ကြီးကြတာပေါ့နော်။ ပြီးတော့ လေးယောက်စလုံးကလည်း မတည့်ကြဘဲ တစ်ယောက်ကိုတစ်ယောက် အပြိုင်အဆိုင် ဖြစ်နေတာလေးကို ဟာသအနေနဲ့ ရိုက်မှာပါ။

Voice : လက်ရှိမှာ ပရိသတ်တွေအပြင် ၁၅၀၀ မေတ္တာနဲ့ ချစ်ရမယ့်သူ ရှိနေပြီလို့ သတင်းတွေ ကြားရတယ်နော်။

ECP : အိချောတို့ ဒီအသက်အရွယ်က ချစ်သူမရှိဘူးလို့လည်း မလိမ်ချင်ပါဘူး။ တကယ်လို့ အတိအကျကြီး ကိုယ်လက်တွဲရမယ့်သူမျိုး ရှိလာပြီဆိုရင် ပရိသတ်ကို ပြောပြသွားမှာပါ။ ပြီးတော့ ကိုယ်ရွေးချယ်ထားတဲ့ ချစ်သူက ကိုယ့်ရဲ့မိသားစု၊ ကိုယ့်ရဲ့အလုပ်အကိုင်ကို နားလည်ပေးတဲ့လူမျိုး ဖြစ်ရမယ်။ အဲဒီ့လူမျိုးကိုပဲ အိချောက ရွေးချယ်မှာပါ။

Voice : တချို့တွေက အသက် ၃၀၊ ၃၅ လောက်မှာ အိမ်ထောင်ပြုမယ်လို့ Target ထားထားကြတာမျိုးတွေ ရှိတယ်၊ ကိုယ့်မှာလည်း ရှိလား။

ECP : အဲဒီလိုမျိုးတော့ မရှိပါဘူး။ ဒါက ကိုယ့်ရဲ့ ဖူးစာနဲ့လည်း ဆိုင်ပါတယ်။ တချို့ကျတော့ ဒီအသက်အရွယ်၊ ဒီအချိန်မှာ အိမ်ထောင်ပြုမယ်လို့ ပြောပေမယ့် နောက် ယူဖြစ်ချင်မှလည်း ယူဖြစ်တာလေ။ အဲဒါကြောင့် အိချောအတွက်ကတော့ ကံတရားအရပါပဲ။

ဝင်းထွန်းနိုင်