News

POST TYPE

EDITOR PICK POST

စာဖတ်ဝါသနာပါသူတွေအတွက် Save The Library မိုဘိုင်းလ် App
19-May-2017 tagged as App

ခေတ်တွေပြောင်းလာတာနဲ့အမျှ ဖျော်ဖြေရေး အစီအစဉ်တွေ များပြားလာတဲ့အတွက် လူငယ်တွေရဲ့ စာဖတ်နှုန်းက သိသိသာသာ လျော့ကျလာခဲ့ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စာကြည့်တိုက်တွေ ထူထောင်ခဲ့ကြပေမယ့်လည်း စာကြည့်တိုက်တွေကို လူငယ်တွေ စိတ်ဝင်စားမှု လျော့နည်းလာတာကိုလည်း ဝမ်းနည်းဖွယ် တွေ့ရပါတယ်။ 

စာဖတ်ဝါသနာပါသူ လူငယ်တွေ အတွက်လည်း ပိတ်ထားတဲ့ စာကြည့်တိုက်တံခါးတွေက အတားအဆီး တစ်ခုပါပဲ။ 

ဒီတစ်ပတ်မှာတော့ ပြည်တွင်းမှာရှိတဲ့ စာကြည့်တိုက်တွေရဲ့ တည်နေရာတွေ၊ စာပေလောကသတင်းတွေ၊ စာအုပ်အညွှန်းတွေ၊ စာအုပ်တွေကို စုစည်းဖော်ပြပေးမယ့် Save The Library မိုဘိုင်းလ် App ကို ဖော်ပြပေးဖို့ ရွေးချယ်ထားပါတယ်။

တစ်နိုင်ငံလုံးမှာရှိတဲ့ လူငယ်တွေရဲ့ စာဖတ်နှုန်း မြင့်တက်လာဖို့နဲ့ စာကြည့်တိုက်တွေကို အလွယ်တကူ ဆက်သွယ်လှူဒါန်းနိုင်ဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ရေးဆွဲထုတ်လုပ်ခဲ့တာလို့ App ရေးဆွဲသူတွေက ဆိုပါတယ်။

ဒီ App  အကြောင်းကို ကြည့်ရအောင်ပါ။

စာကြည့်တိုက်များ

တစ်နိုင်ငံလုံးမှာရှိတဲ့ စာကြည့်တိုက်တွေရဲ့ တည်နေရာပြမြေပုံ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ အီးမေးလ်၊ ဖေ့ဘွတ်နဲ့ စာကြည့်တိုက် စတင်တည်ထောင်တဲ့အချိန် စတဲ့ အချက်အလက်တွေကို စုစည်းဖော်ပြထားပါတယ်။

ဒီ App ကနေတစ်ဆင့် စာကြည့်တိုက်တွေကို အလွယ်တကူ ဆက်သွယ်နိုင်မှာ ဖြစ်တဲ့အပြင် စာကြည့်တိုက်တွေရဲ့ တည်နေရာတွေကိုလည်း ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

သတင်းများ

စာပေလောကက လှုပ်ရှားမှုသတင်းများ၊ စာအုပ်စာပေ ပွဲတော်တွေ ကျင်းပမယ့်သတင်းများ စတဲ့ သတင်းတွေကို စုစည်းဖော်ပြပေးထားပါတယ်။

စာပေနဲ့ပတ်သက်တဲ့ သတင်းတွေကို တစ်နေရာတည်းမှာ အလွယ်တကူ ရှာဖွေဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

စာအုပ်အညွှန်းများ

စာအုပ်တွေရဲ့ ဖတ်ညွှန်းတွေကို ရေးသားဖော်ပြပေးထားတာ ဖြစ်ပါတယ်။ စတင်လေ့လာလိုသူပဲ ဖြစ်ဖြစ်၊ စာအုပ်ကောင်းတွေ ရွေးချယ်ဖတ်ရှုချင်သူပဲ ဖြစ်ဖြစ် အချိန်ကုန်သက်သာပြီး စာအုပ်အညွှန်းတွေကို အရင်လေ့လာနိုင်မှာ ဖြစ်ပါတယ်။ 

ဘာသာပြန်၊ ဝတ္ထုရှည်၊ အတ္ထုပ္ပတ္တိ၊ ဆောင်းပါး၊ ပုံပြင်၊ ဝတ္ထုတို၊ ကဗျာ၊ နိုင်ငံရေး၊ အင်တာဗျူး၊ ကလေး စာပေ စတဲ့ အကြောင်းအရာ ခေါင်းစဉ်တွေအောက်က စာအုပ်စာပေတွေကို ဖတ်ညွှန်းရေးသား ဖော်ပြပေးထားတာ ဖြစ်ပါတယ်။

Resource Center

ဒီနေရာမှာတော့ အသံထွက်ဝတ္ထု၊ ကလေးဂျာနယ်၊ စွယ်စုံကြမ်း၊ အညွှန်း၊ ဥပဒေများ၊ စာတမ်း၊ အတ္ထုပ္ပတ္တိ၊ စာစုစာရင်း၊ ဆောင်းပါး၊ ဓာတ်ပုံပညာ စတဲ့ စာအုပ်စာပေတွေကို ရယူလေ့လာနိုင်မှာ ဖြစ်ပါတယ်။

လူငယ်တွေရဲ့ စာဖတ်စွမ်းအားကို မြှင့်တင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကောင်းအပြင် စာကြည့်တိုက်တွေရဲ့ တည်နေရာတွေကို အလွယ်တကူ သိရှိစေဖို့လည်း ဖန်တီးထားပါတယ်။

ဒါ့အပြင် အဖတ်သင် လူငယ်တွေ အတွက်လည်း စာအုပ်အညွှန်းတွေ ဖော်ပြပေးထားတဲ့ App ဖြစ်တဲ့ အတွက် ဒီတစ်ပတ်အတွက် ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။    

Download Link