News

POST TYPE

EDITOR PICK POST

ချောင်းဆုံကို ပြေးဆွဲနေသည့် ရေယာဉ်များ ရပ်နား
မော်လမြိုင်၊ မေ ၁၈

မွန်ပြည်နယ်ရှိ ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) နှင့် မော်လမြိုင်ကို ပြေးဆွဲနေသည့် ဇက်သင်္ဘော၊ ရေယာဉ်များသည် ဧပြီလ ၂၇ ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) တံတားခံဝန်အား စမ်းသပ်ဖွင့်လှစ်သည့် အချိန်မှ စတင်ကာ တွက်ခြေမကိုက်သည့်အတွက် ဇက်သင်္ဘော ပြေးဆွဲနေမှုကို ရပ်နားလိုက်ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး သံလွင်ဌာနခွဲထံမှ သိရသည်။ 
“အရင်ကတော့ နတ်မှော်နဲ့ ကလွီ နှစ်လိုင်းဆွဲနေတယ်၊ နတ်မှော်လိုင်းကတော့ တံတားစမ်းသပ်ဖွင့်တဲ့ ၂၇ ရက်နေ့မှာတော့ စီးတဲ့လူ တစ်ယောက်မှ မရှိတော့ ၂၈ ရက်နေ့မှာ ရပ်လိုက်တယ်၊ ဒီဘက် ကလွီလိုင်းကတော့ ဆက်ပြီး ဆွဲနေတယ်၊ ဆီဖိုးတောင် မရဘူး၊ အရှုံးခံပြီး ဆွဲနေတယ်၊  ဗဟိုဌာနချုပ်ကနေ ပြေးဆွဲမှုရပ်ဖို့ အမိန့် ပေးလာရင်တော့ ကလွီလိုင်းကိုလည်း ရပ်သွားမယ်” ဟု  သံလွင်ဌာနခွဲမှ လက်ထောက်အထွေထွေမန်နေဂျာ ဦးလှဝင်းနိုင်က ပြောသည်။

ယခင် တံတားမဖွင့်မှီအချိန်တွင် တစ်နေ့လျှင် နှစ်ခေါက် ပြေးဆွဲလျက်ရှိရာ ချောင်းဆုံမှ မော်လမြိုင်ဘက်သို့ တစ်ခေါက်လျှင် ခရီသည် ၁၅၀ ခန့် ရှိပြီး မော်လမြိုင်မှ ချောင်းဆုံအပြန်တွင် ခရီးသည်အပြင် ကုန်ပစ္စည်းများပါ တင်ဆောင်ကြောင်း၊ ယခုလက်ရှိတွင် တစ်နေ့လျှင် အယောက် ၂၀ ခန့်သာ ရှိတော့ကြောင်း၊ ဇက်သင်္ဘော ယာဉ်စီးခမှာ တစ်ဦးလျှင် ၃၀၀ ကျပ်သာ ပေးရကြောင်း ၎င်းထံမှ သိရသည်။ 

ဇက်သင်္ဘော ရေယာဉ်လိုင်းမှာ မော်လမြိုင်-ကလွီကို ပြေးဆွဲလျက် ရှိသော်လည်း အရှုံးပေါ်နေကြောင်း၊ ထိုသို့ ပြေးဆွဲရာတွင် ဇက်သင်္ဘော (ရေဘဝဲ ၃) တစ်စင်းကိုသာ တစ်နေ့လျှင် တစ်ကြိမ်သာ ပြေးဆွဲကြောင်း၊ ယင်းရေယာဉ်လိုင်းကို ဌာနခွဲ၏ နေ့စဉ်အစီအရင်ခံစာပေါ် ဗဟိုဌာနချုပ်မှ သုံးသပ်ကာ ရပ်ဆိုင်ရန် အမိန့်ပေးခြင်း၊ သို့မဟုတ် ပြည်နယ်အစိုးရနှင့် မိမိတို့ ဌာနခွဲမှ ရပ်ဆိုင်းရန် တင်ပြရာမှ ရပ်ဆိုင်းခွင့် ပေးရမည့် အနေအထားရှိကြောင်း ဦးလှဝင်းနိုင်က ရှင်းပြသည်။

“ကလွီလိုင်းကတော့ တောင့်ခံပြီး ဆက်ဆွဲနေတယ်၊ ခရီးသည် အရေအတွက် တက်လာမလားပေါ့၊ ဒါပေမဲ့ တံတားဖွင့်ပြီးတော့ လမ်းခရီးက ချောမွေ့သွားပြီဆိုတော့ ဒီဘက်ရေလမ်းကြောင်းက သွားမယ့် လူတွေမရှိတော့ဘူး၊ တစ်ဖက်ကကြည့်ရင် ကောင်းသလို ရေယာဉ်ဘက်က ကြည့်ရင်တော့ ရပ်တည်နိုင်ဖို့ အခက်အခဲ ဖြစ်လာတာပေါ့” ဟု ဦးလှဝင်းနိုင်က ပြောသည်။

ကလွီလိုင်း ပြေးဆွဲမှုနှင့် ပတ်သက်၍ ခရီးသည်စီးနင်းမှု အခြေအနေပေါ်မူ တည်၍ တစ်နေ့လျှင် တစ်ကြိမ်သာ ပြေးဆွဲသွားမည့်အကြောင်းကို ဧပြီလ ၂၇ ရက်က ပြည်တွင်းရေကြောင်းပို့ဆောင်ရေး သံလွင်ဌာနခွဲမှ ပြည်နယ်အစိုးရသို့ အကြောင်းကြားစာ ပေးပို့ထားပြီး ဆွေးနွေးနေကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး သံလွင်ဌာနခွဲမှ သိရသည်။

ယင်းရေယာဉ်များကို ခရီးသည် ပို့ဆောင်ရေးလုပ်ငန်း ရပ်ဆိုင်းလိုက်ပါက ထိုရေယာဉ်များကို အစိုးရနှင့် ပုဂ္ဂလိက ကုမ္ပဏီများ ပူးပေါင်းကာ ရေပေါ်စားသောက်ဆိုင်များ၊ ကုန်ပစ္စည်းတင်ပို့မှု လုပ်ငန်းများ၊ အပန်းဖြေ ခရီးသွားလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ဆွေးနွေးနေကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး သံလွင်ဌာနခွဲမှ သိရသည်။