POST TYPE

EDITOR PICK POST

YGW ပရဟိတကျောင်းမှ ကလေးများ ရိုက်နှက်ခံရမှု စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေး
17-May-2017 tagged as ဧရာဝတီ ပရဟိတ


ပုသိမ်၊ မေ ၁၇

ဧရာဝတီ တိုင်းဒေသကြီး လပွတ္တာမြို့နယ် တူးမြောင်း ကျေးရွာအုပ်စုအပြင် ရေဆိုင် ကျေးရွာရှိ YGW ရတနာ အလင်းရောင် ပရဟိတကျောင်းရှိ ကလေးငယ်များကို စာသင်ပေးသည့် ဘုန်းကြီးများက ရိုက်နှက်မှုနှင့်ပတ်သက်၍ အဖွဲ့ ၆ ဖွဲ့မှ ကိုယ်စားလှယ် တစ်ဦးစီ ပါဝင်သော မြို့နယ်အဆင့် စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စစ်ဆေးနေပြီဖြစ်ကြောင်း လပွတ္တာခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရှိရသည်။

“အရိုက်ခံရတယ်၊ ရိုက်တယ်ဆိုတဲ့ ဖြစ်စဉ်က အဟုတ်ပါ အမှန်ပါ။ မလိုလားအပ်တဲ့ အခြေအနေတွေ မဖြစ်စေရေးနဲ့ အဖြစ်မှန် ပေါ်ပေါက်ရေးအတွက် အဖွဲ့ဖွဲ့ပြီး စစ်ရတာပါ။ ရိုက်တဲ့သံဃာတွေကို ဩဝါဒပေးဖို့ သံဃမဟာနာယကအဖွဲ့ထံလည်း လျှောက်ထားပြီးပါပြီ”ဟု လပွတ္တာခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကောင်းမြတ်နိုင်က The Voice သို့ ပြောကြားသည်။

မေလ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့က ထိုကျောင်းတွင် မတက်လိုကြောင်း ပြောသည့်ကလေး ၁၅ ဦးနှင့် ကျောင်း မထားတော့လို၍ ပြန်ခေါ်သည့် မိခင်တစ်ဦးတို့အား ထိုကျောင်းရှိ ဘုန်းတော်ကြီးသုံးပါးက ဝါးတုတ်ဖြင့် ရိုက်နှက်ခဲ့ခြင်းနှင့်ပတ်သက်၍ အရိုက်ခံရသူ ကလေးများ၏ မိဘများနှင့် အရိုက်ခံရသူများက သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးသို့ တိုင်ကြားထားသည်။

ပညာသင်ရန် ငွေကြေး မတတ်နိုင်သောကြောင့် ထိုပရဟိတကျောင်းတွင် ကျောင်းအိပ် ကျောင်းစား အခမဲ့ ပညာသင်ပေးသည်ဆို၍ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ကလေးမိဘများ ကိုယ်တိုင် ကျောင်းအပ်ခြင်းဖြစ်ကြောင်း၊ မေလ ၁၁ ရက်နေ့ ညက အကြောင်းမဲ့ ရိုက်နှက်ပြီး ကျောင်းတွင် လက်မခံတော့ကြောင်း ဘုန်းကြီးများက ပြောသဖြင့် မိမိ မြေးဖြစ်သူကို ပြန်လည် ခေါ်ယူထားကြောင်း၊ မြေးဖြစ်သူ၏ တင်ပါးနှင့် ခြေသလုံး ပေါင်၊ ကျောပြင်တို့တွင် ရိုက်နှက်ခံရ၍ ညိုမည်းနေသော အရှိုးရာများ ဖြစ်ပေါ်နေကြောင်း ကျောင်းသားတစ်ဦး၏ အဘွားဖြစ်သူ ဒေါ်ကြည်အေးက ပြောသည်။

“ဘုန်းကြီးက သားတို့ကို အိမ်ကို ပြန်ချင်တဲ့လူ မတ်တတ်ရပ်၊ အခွင့်အရေးက တစ်ခါပဲရမယ် ပြောတယ်၊ အိမ်ပြန်ချင်လို့ မတ်တတ်ရပ်ကြတာပါ။ ပြီးတော့ အချက် အစိတ် အရိုက်ခံပြီးမှ ပြန်ရမယ် ပြောတယ်၊ ဘုန်းကြီးသုံးပါးက ဝါးတုတ်နဲ့ တစ်လှည့်စီ ရိုက်တာပါ၊ ကျွန်တော်တို့ရွာက အတူ ၇ ဦး အရိုက်ခံရတယ်၊ မိန်းကလေးတွေလည်း ပါတယ်”ဟု ကျောက် တန်းကျေးရွာအုပ်စု ဗျိုင်းတောင်ချောင်းကျေးရွာမှ အသက် ၁၃ နှစ်ရှိ ကျောင်းသားတစ်ဦးက ပြောသည်။

ကလေးတွေကို ရိုက်နှက်သည်ဆိုသော သတင်းကြားသည့်အတွက် ကလေးမိဘ လေးယောက်နှင့်အတူ ထိုကျောင်းကို လိုက်လာပြီး ကလေးများကို ပြန်ခေါ်လိုကြောင်း၊ ကျောင်းထိုင်ဆရာတော်က အိမ်ကို ပြန်ခေါ်မည်ဆိုပါက အချက် ၂၅ ချက် ရိုက်ခံရမယ်ဟုပြောကာ မိမိ၏သားကို ရိုက်မည်ပြော၍ မိမိက ကြားဝန်ခံရာ ၅ ချက်သာ ခံနိုင်ကြောင်း အသက် ၁၂ နှစ်ရှိ ကျောင်းသား တစ်ဦး၏ မိခင်ဒေါ်ကေသွယ်မိုးက ဆိုသည်။

ထိုကျောင်းတွင် ကလေးများကို အလယ်တန်းပညာ သင်ကြားရန်အတွက် ကျောင်းသို့ အပ်နှံခဲ့သည်မှာ ၅ ရက်ခန့်သာ ရှိသေးကြောင်း ကျောင်းသားမိဘများက ပြောဆိုကြောင်း၊ စစ်ဆေးရေး အဖွဲ့တွင် ဌာနဆိုင်ရာမှ သုံးဦး၊ လူမှုရေး ပရဟိတအဖွဲ့မှ နှစ်ဦး၊ NLD လွှတ်တော် ကိုယ်စားလှယ်များ၏ ကိုယ်စားတစ်ဦးတို့ဖြင့် ဖွဲ့စည်းထားကာ စစ်ဆေးပေါ်ပေါက်သည့် ဖြစ်စဉ်အမှန်ကို သတင်းထုတ်ပြန်ပေးမည်ဖြစ်ကြောင်း လပွတ္တာခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရှိရသည်။                  
R-12