News

POST TYPE

EDITOR PICK POST

အနောက်တောင်မုတ်သုံ ဝင်ရောက်ခြင်း
16-May-2017 tagged as မိုးလေဝသ

မြန်မာနိုင်ငံတောင်ပိုင်းဒေသများ ဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်သို့ အနောက်တောင် မုတ်သုံလေသည် မေလ ၁၅ ရက်နေ့မှ မေလ ၂၀ ရက်နေ့ အတွင်း စတင်ဝင်ရောက်မည် ဖြစ်ရာ အနောက်တောင်မုတ်သုံလေ ဝင်ရောက်မှု အခြေအနေနှင့် မိုးဦး၊ မိုးလယ်၊ မိုးနှောင်းကာလ ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များအပေါ် မိုးလေဝသပညာရှင်များ၏ သုံးသပ်ပြောဆိုထားမှုကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

“တစ်နှစ်နဲ့ တစ်နှစ် မုတ်သုံမိုး ရရှိမှုကလည်း အခုနောက်ပိုင်း ပြောင်းလဲမှု သိသာလာတယ်”
ဦးကျော်လွင်ဦး (ညွှန်ကြားရေးမှူး၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန)

မိုးဦးကာလ တစ်လခွဲလောက် ကြာတတ်တယ်။ ဇွန်လကုန်အထိပေါ့။ မြန်မာနိုင်ငံအောက်ပိုင်းမှာ မိုးပိုနိုင်တယ်။ မုတ်သုံမုန်တိုင်းငယ် နှစ်ကြိမ်ဖြစ်နိုင်ပြီးတော့ မြစ်ရေတွေ စိုးရိမ်ရေမှတ် မရောက်နိုင်ဘူးလို့ ခန့်မှန်းထားပါတယ်။ မိုးလယ်ကာလက ၆၂ ရက် အတိအကျ ပုံသေရှိတယ်။ ဇူလိုင်လ ၁ ရက်နေ့ကနေ သြဂုတ်လ ၃၁ ရက်နေ့အထိ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာ ရွာသွန်းမြဲနဲ့ ကျန်ဒေသတွေမှာ ရွာသွန်းမြဲထက် ပိုနိုင်တယ်။ မြစ်ရေကြီးမှု အနေနဲ့ကတော့ မိုးလယ်ကာလမှာ မြစ်ကြီးတွေမှာ စိုးရိမ်ရေမှတ် အသီသီးကို တစ်ကြိမ်စီ ရောက်ရှိနိုင်တယ်။ မုတ်သုံမုန်တိုင်းငယ် တစ်ကြိမ်ဖြစ်နိုင်တယ်။ မိုးနှောင်းကာလက  တစ်လခွဲလောက် ကြာတတ်တယ်။ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ ရွာသွန်းမြဲအောက်လျော့ပြီး ကျန်ဒေသတွေမှာ  ရွာသွန်းမြဲလောက် ရွာနိုင်တယ်။ ခြုံပြီးပြောရရင် မိုးမနည်းတဲ့နှစ်လို့ ယေဘုယျ ပြောနိုင်ပါတယ်။ မုတ်သုံမိုးအပြင် အရှေ့ ဘက်ကလာတဲ့ တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန်တွေကြောင့် မိုးသည်းထန်နိုင်တယ်။ ရေကြီးတတ်တာကို အလေးထားသင့်တယ်။ နောက်ပြီး မုတ်သုံလေအင်အား အခြေအနေပေါ် မူတည်ပြီး မိုးရရှိမှု ပုံသေမရှိဘူး။ တစ်နှစ်နဲ့တစ်နှစ် မုတ်သုံမိုး ရရှိမှုကလည်း အခုနောက်ပိုင်း ပြောင်းလဲမှု သိသာလာတယ်။ မနှစ်ကတော့ အညာဒေသ မိုးကောင်းခဲ့သလို အခုမေလလယ် အထိလည်း မိုးရွာနေတယ်ဆိုတော့ အပူချိန်စံချိန်သစ် မရှိသလောက်ပဲ။ မုတ်သုံလေကလည်း မကြာခင်ဝင်ဖို့ ဟန်ပြင်နေပါပြီ။ 

“ပြင်းထန်တဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပြီးမှ မုတ်သုံလေက ဝင်တယ်ဆိုတဲ့ အသိကို  ရစေလိုပါတယ်”
ဦးချစ်ကျော် (အမျိုးသားအဆင့် အကြံပေး၊ UNEP Climate Change Project)

ဒီအချိန်က ကမ်းရိုးတန်းနေ ပြည်သူတွေအတွက် အလွန်အရေးကြီးတဲ့အချိန် ဖြစ်လို့ အသိပေးချင်ပါတယ်။ မုတ်သုံဝင်တာ ဘယ်လိုလဲ၊ ရှင်းရှင်းတိုတို ပြောပြရင် ပေါက်ကွဲပြီး ဝင်ရောက်ပါတယ်။ ဘာပေါက်ကွဲတာလဲဆိုရင် အရှေ့မြောက်လေအေးတွေ စိုးမိုးနေတာကို အနောက်တောင် လေနွေးတွေက တွန်းလှန်နေရာ ယူတာပါ။ ဒါကြောင့် အရှေ့မြောက်လေတွေကို ကွဲထွက်နောက်ဆုတ်သွားအောင် အနောက်တောင်လေတွေက ထိုးခွဲပစ်ပြီးမှ မုတ်သုံလေက ဝင်ရောက်ရတာပါ။ ဒါကို (Monsoon Burst) မုတ်သုံလေ ပေါက်ကွဲအောင်လုပ်ပြီး ဝင်ရောက်လာတယ်လို့ ပြောဆိုပါတယ်။ သာမန်ပြည်သူတွေ သိရမှာက ဆောင်းမုတ်သုံ (အေးပြီးခြောက်သွေ့ရာသီ) မှ နွေမုတ်သုံ (နွေးပြီးစွတ်စိုရာသီ) ကို ပြောင်းလဲတာဟာ ညင်ညင်သာသာလေးတော့ မဟုတ်ဘူး။ ပြင်းထန်တဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပြီးမှ မုတ်သုံလေက ဝင်တယ်ဆိုတဲ့ အသိကို ရစေလိုပါတယ်။ မိုးထစ်ချုန်းတာ၊ လေပြင်းတိုက်တာ၊ မိုးသီးကြွေတာ၊ နေရာကွက်ပြီး လေဆင်နှာမောင်းတိုက်တာ၊ ကွက်ပြီး မိုးကြီးတာ၊ ဒါတွေဟာ အချိန်တိုအတွင်းဖြစ်ပြီး အချိန်တိုအတွင်း ပြီးဆုံးသွားတာဟာ စိတ်ဆိုးနေတဲ့ လူတစ်ယောက် ဝုန်းဒိုင်းကြဲ ပေါက်ကွဲတာနဲ့ တူပါတယ်။ တချို့က ဒါကို မုန်တိုင်းပဲဖြစ်သလိုလို၊ လေပွေလှိုင်းပဲ ဖြတ်သလိုလို ထင်တတ်ကြပါတယ်။ လက်ရှိအခြေအနေက မုတ်သုံက ပေါက်ကွဲပါတော့မယ်။ အပူစွမ်းအင်မြင့်နေတဲ့အတွက် တချို့နေရာကွက်ပြီး မိုးလေပြင်းထန်နိုင်ပါတယ်။ မိုးရွာသွန်းမှုဟာ တောင်ပိုင်းဒေသကနေ ပြန့်ထွက်ပိုရွာလာမှာ ဖြစ်ပါတယ်။ မေ ၁၅၊ ၁၆၊ ၁၇ ရက်တွေ တောင်ပိုင်း (မွန်၊ တနင်္သာရီ) မှာ ပေါက်ကွဲလာမှာ ဖြစ်ပြီး မိုးပိုလာနိုင်ပါတယ်။ မေ ၁၈၊ ၁၉ ကတော့ မွန်၊ တနင်္သာရီမှာ မုတ်သုံမိုးဆိုတာ ဒါပဲလို့ပြပြီး မိုးရွာမှာပါ။ အခြားဘက်မှာလည်း မေ ၁၆၊ ၁၇၊ ၁၈ ရက်တွေမှာ တစ်ပြည်လုံး မိုးသံလေသံ ကြားရလို့ မြောက်ပိုင်းမှာလည်း မိုးပိုလာနိုင်ပါတယ်။ ရန်ကုန်နဲ့ ဧရာဝတီကတော့ မေ ၁၇၊ ၁၈၊ ၁၉ နဲ့ ၂၀ ရက်တွေမှာ မုတ်သုံကိုပြတဲ့ ပထမအကျော့ မိုးခပ်သည်းသည်းလေး ရွာနိုင်ပါတယ်။ 

ပြည့်ဖြိုးလင်း