News

POST TYPE

EDITOR PICK POST

မိုက်ကယ် အီး ဘရောင်း (Michael E. Brown)
14-May-2017 tagged as နည်းပညာ

အမေရိကန် နက္ခတ္တဗေဒပညာရှင်တစ်ဦး ဖြစ်သည်။ ၁၉၆၅ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် မွေးဖွားသည်။ ကာလီဖိုးနီးယား နည်းပညာ တက္ကသိုလ်တွင် ၂၀၀၃ ခုနှစ်အထိ ပါမောက္ခအဖြစ် အမှုထမ်းခဲ့သည်။ နေစကြဝဠာ အဖွဲ့အစည်း၏ အစွန်းတည်နေရာကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ခြင်းကြောင့် ထင်ရှားသည်။ သူသည် အဖွဲ့ဖြင့် TNOs ဟုခေါ်သော Trans-Neptunian objects များကိုလည်း ရှာဖွေဖော်ထုတ်နိုင်ခဲ့သူတစ်ဦး ဖြစ်သည်။ Eris ဟုခေါ်သည့် ဂြိုဟ်သေးလေးတစ်ခုကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သူလည်း ဖြစ်သည်။ ယင်းဂြိုဟ်သိမ်လေးသည် Pluto ဂြိုဟ်ထက်ကြီးပြီး လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ ခန့်က နေစကြဝဠာထဲတွင် ပေါ်ထွက်ခဲ့သော အကြီးဆုံး ဂြိုဟ်တစ်ခုအဖြစ် တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။

မိုက်ကို Pluto ဂြိုဟ်အား သတ်ပစ်သူ တစ်ယောက်ဟုလည်း ဆိုကြသည်။ သူက Pluto ဂြိုဟ်ကို ဂြိုဟ်တစ်ခုအဖြစ် သတ်မှတ်ရန် အဆင့်မမီကြောင်း Eris ကို ဖော်ထုတ်ပြီးနောက် ကြေညာခဲ့သူ ဖြစ်သည်။ သူ၏ ၂၀၁၀ ပြည့်နှစ်က ထုတ်ဝေသော How I Killed Pluto and Why It Had It Coming စာအုပ်ထဲတွင် ထိုအကြောင်းအရာများကို ရေးသားတင်ပြထားသည်။ 

အစောပိုင်းဘဝ

မိုက်သည် အမေရိကန်ပြည်ထောင်စု၊ အယ်လ်ဘားမားပြည်နယ်၊ ဟန့်စ်ဗီးလ်မြို့တွင် မွေးဖွားခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် Virgil I. Grissom အထက်တန်းကျောင်းမှ အောင်မြင်ခဲ့သည်။ သူ့ဖခင်သည် ဒုံးပျံယာဉ်များအတွင်း ကွန်ပျူတာများကို တပ်ဆင်ရသည့် ပညာရှင် အင်ဂျင်နီယာတစ်ဦး ဖြစ်သည်။ ဖခင်ထံမှ အာကာသစူးစမ်းသည့် အမွေရထားသူ တစ်ဦးဟုလည်း ဆိုနိုင်သည်။ 

၁၉၈၇ ခုနှစ်တွင် ရူပဗေဒဘွဲ့ကို ပရင့်စ်တန် တက္ကသိုလ်က ရရှိခဲ့သည်။ ၁၉၉၀ ပြည့်နှစ်က ဘာကလေရှိ ကာလီဖိုးနီးယား တက္ကသိုလ်တွင် နက္ခတ်ဗေဒဆိုင်ရာ M.A ဘွဲ့ကို ဆက်တက်သည်။ နောက် လေးနှစ်အကြာတွင် Ph.D. ဘွဲ့ကို ရရှိခဲ့သည်။

တက္ကသိုလ်ကောလိပ်တို့တွင် ပညာသင်စဉ်ကာလများ အတွင်းကလည်း ဆုပေါင်းများစွာ ရရှိခဲ့သည်။  အထူးသဖြင့် သိပ္ပံနှင့် အာကာသ နက္ခတ်ပညာဆိုင်ရာ လေ့လာစူးစမ်းဖော်ထုတ်မှုများကြောင့် ပေးအပ်ချီးမြှင့်ခြင်း ခံရသော ဆုများဖြစ်သည်။ 

လုပ်ဆောင်ချက်များ

Eris ဂြိုဟ်ကို ရှာဖွေတွေ့ရှိခြင်းကြောင့် ထင်ရှားသည်။ Eris ကို တွေ့ရှိခြင်းမှာ Pluto ဂြိုဟ်ကို နေစကြဝဠာထဲတွင် ဂြိုဟ်ကြီး ၉ လုံး ရှိနေရာက ဖယ်ထုတ်ခြင်း ခံရလောက်အောင် ဖြစ်လာစေသည့် အကျိုးဆက် ဖြစ်ခဲ့ရသည်။ ထို့ပြင် သူသည် နေစကြဝဠာအစွန်းတွင် TNOs များကိုလည်း ရှာဖွေဖော်ထုတ်ပြနိုင်ခဲ့သူ ဖြစ်သည်။ 

Haumea ဆိုသည့် ဂြိုဟ်သိမ်လေး တစ်လုံးကိုလည်း မိုက်နှင့်သူ၏အဖွဲ့သည် ရှာဖွေတွေ့ရှိခဲ့သည်။ သူ၏ ရှာဖွေတွေ့ရှိချက်များကို Website ပေါ်သို့လည်း တင်ထားပြီး ထုတ်ပြန်ထားသည်။ 

သူ့ဘဝ သူ့ကိုယ်ရေးကိုယ်တာ

၂၀၀၆ ခုနှစ်တွင် Time မဂ္ဂဇင်း၏ ကမ္ဘာ့သြဇာအကြီးမားဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်း၌ ထည့်သွင်းဖော်ပြခြင်း ခံရသည်။ နောက်တစ်နှစ်အကြာတွင် ကာလီဖိုးနီးယား နည်းပညာတက္ကသိုလ်မှ ပေးအပ်သည့် Feynman Prize ဆုကို လက်ခံရရှိခဲ့သည်။ ၁၉၉၈ ခုနှစ် ဧပြီလ ၂၈ ရက်နေ့က သူတွေ့ရှိခဲ့သည့် ဂြိုဟ်တစ်ခုကို Astroid 11714 Mikebrown ဟု သူ့အမည်ထည့်သွင်းပြီး ဂုဏ်ပြုပေးခဲ့သည်။ 

သူရေးသားသည့် ဆောင်းပါးများကို New York Times သတင်းစာကြီးနှင့် Discovery မဂ္ဂဇင်းတို့တွင် ဖော်ပြခြင်းခံရသည်။ မျက်နှာဖုံးဆောင်းပါးများအဖြစ် ဂုဏ်ပြုဖော်ပြခဲ့ခြင်း ဖြစ်သည်။ Los Angeles မဂ္ဂဇင်းတွင်လည်း Most Powerful Angelinos စာရင်း၌ ထည့်သွင်းဖော်ပြခြင်း ခံရသည်။ 

၂၀၀၃ ခုနှစ် မတ်လ ၁ ရက်နေ့တွင် ဒိုင်ယာနီ ဘင်နေးနှင့် လက်ထပ်သည်။ သမီးတစ်ဦး ဖွားမြင်ခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် Wired ဆိုသည့် အွန်လိုင်းမဂ္ဂဇင်းတွင် Top Ten Sexiest Geek စာရင်းဝင်အဖြစ် သတ်မှတ်ခြင်း ခံရသည်။