News

POST TYPE

EDITOR PICK POST

မေလ ဒုတိယပတ် မုတ်သုံစဝင်မည်
12-May-2017

ရန်ကုန်၊ မေ ၁၂

အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံအတွင်းသို့ မေလ ဒုတိယအပတ်အတွင်း စတင်ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန် ထားသည်။

မြန်မာနိုင်ငံတောင်ပိုင်းသို့ မေလ ဒုတိယပတ်တွင် မုတ်သုံစတင်ဝင်ရောက်ကာ မြန်မာနိုင်ငံတောင်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသများနှင့် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများကို မေလ တတိယပတ်တွင်  ရောက်ရှိမည်ဖြစ်ကြောင်း အဆိုပါဌာနက  ထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် မေ ၁၂ ရက်မှ ၁၄ ရက်အတွင်း မိုးရွာသွန်းနိုင်ကာ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် အလယ်ပိုင်းဒေသများတွင် မေ ၁၃ ရက်မှ ၁၆ ရက်နေ့အတွင်း မုတ်သုံဝင်ရောက်မည် ဖြစ်သည်။

“တနင်္သာရီတိုင်း ဒေသဘက်ဆီကို အနောက်တောင်ဘက်က မုတ်သုံလေဦးဟာလည်း ချဉ်းကပ်လာနိုင်တဲ့အတွက် မြန်မာနိုင်ငံတောင်ပိုင်းနဲ့ အောက်ပိုင်းဒေသတွေမှာ မိုးရွာဖို့ ရှိနေတယ်” ဟု မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က ဆိုသည်။

ယင်းကြောင့် မြန်မာနိုင်ငံတစ်ဝန်း တွင် မေလ ၁၅ ရက်မှ ၂၅ ရက်အတွင်း နေရာကွက်ကျား မိုးရွာသွန်းမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။