POST TYPE

EDITOR PICK POST

ရန်ကုန်နှင့် ကားပါကင်
08-May-2017 tagged as ကား

ရန်ကုန်မြို့တော်တွင် ယာဉ်ကြောကျပ်တည်းခြင်းအပြင် ယာဉ်ရပ်နားရန်နေရာ အတွက် စကားများခြင်းမှသည် ခိုက်ရန်ဖြစ်ပွားသည်အထိ ဖြစ်ပေါ်နေသည့်အပေါ် ယာဉ်ပိုင်ရှင်အချို့၏ စကားသံများကို စုစည်းဖော်ပြအပ်ပါသည်။

“မြို့ထဲမှာ ကားပိတ်လို့ ကားပါကင်ထိုးလို့ အဆင်ပြေအောင်ဆိုပြီး လမ်းဘေးဈေးသည်တွေကို နေရာပေးလိုက်ပေမယ့် ကားပါကင်နေရာကတော့ ရှားနေဆဲပါပဲ”
ဦးကျော်ဇေ (ကိုယ်ပိုင်ယာဉ်မောင်း)

လက်ရှိမှာ ကားပါကင်နဲ့ ပတ်သက်ပြီး လူတိုင်းက ကိုယ့်ကားကို လုံခြုံအောင် ထားချင်ကြတဲ့ သူတွေချည်းပဲ။ အဲလိုဆိုတော့ မြို့ထဲလမ်းတွေမှာဆို ကားတစ်ခါရပ်ဖို့ကို နေရာအတော်လေး ရှာရတာမျိုးတွေ ရှိတယ်။ နောက်တစ်ခုက ရပ်ကွက်တွေထဲမှာ ကားရပ်တဲ့ အခါတွေမှာလည်း ပြဿနာလေးတွေ ရှိတယ်။ ရပ်ကွက်တွေထဲမှာဆို လမ်းဘေးမှာ ဖွင့်ထားတဲ့ ဆိုင်တွေကြောင့် ကားရပ်ရတာ အဆင်မပြေတာမျိုးတွေ ရှိတယ်။ နောက် ဆိုင်ကြီးကြီးတွေဆိုရင် ‘ဤဆိုင်သို့လာသော ကားများသာ’ ဆိုပြီး ဆိုင်းဘုတ်ချပြီး နေရာဦးထားတာမျိုးတွေက ခုထိရှိနေသေးတယ်။ အဲလိုတွေကို စည်ပင်အနေနဲ့ ထိထိရောက်ရောက် ဖြေရှင်းသင့်တာပေါ့နော်။ အခုကျ ဆိုင်တွေကလည်း စည်ပင်ကို ပိုက်ဆံပေးပြီး နေရာဦးတယ်။ အဲလိုတွေက မဖြစ်သင့်ပါဘူး။ နောက် အခုလက်ရှိ မြို့ထဲမှာ ကားပိတ်လို့ ကားပါကင်ထိုးလို့ အဆင်ပြေအောင်ဆိုပြီး လမ်းဘေးဈေးသည်တွေကို နေရာပေးလိုက်ပေမယ့် ကားပါကင်နေရာကတော့ ရှားနေဆဲပါပဲ။ ကျွန်တော်တစ်ခု တွေ့မိတာက ၃၃ လမ်းထဲမှာဆို ကားပါကင် ဝန်ဆောင်မှုပေးတဲ့ အလုပ်လေး လုပ်ထားတယ်။ အဲလိုနေရာမျိုးလေးတွေ လုပ်ပေးစေချင်ပါတယ်။ နောက် ရန်ကုန်ဆေးရုံကြီးလို နေရာမျိုးဆိုရင်တော့ ကားရပ်ဖို့ နေရာလေး ထားထားပေးထားတာ တွေ့တယ်။ တခြားနေရာတွေမှာလည်း လုပ်ပေးစေချင်ပါတယ်။ အဓိကကတော့ ရပ်ကွက်တွေထဲမှာ ကားရပ်စရာ နေရှားနေတာမျိုးကို အဆင်ပြေအောင် ဖြေရှင်းပေးစေချင်ပါတယ်။ ရပ်ကွက်ထဲမှာက ဦးသူရပ်စနစ် ဆိုတော့ ပြောရခက်တယ်။ နားလည်မှုနဲ့ပဲ သွားနေရာတာ။ တချို့ဆို သူတို့ရပ်နေကျနေရာမှာ ကိုယ်က နေရာလွတ်နေလို့ ရပ်ထားမိတာ ကားကိုလေ လျှော့သွားတာမျိုးတွေ ကြုံဖူးတယ်။                                                                    

“လူစည်ကားတဲ့ နေရာမျိုးတွေမှာ ကားပါကင် အဆောက်အအုံတွေဆောက်ပြီး ဝန်ဆောင်မှု ပေးတာမျိုးတွေ လုပ်ပေးစေချင်ပါတယ်”
ဒေါ်နှင်းယုယုလှိုင် (ကိုယ်ပိုင်ယာဉ်မောင်း)

ကားပါကင်နေရာ ခက်နေတာတွေက စည်ပင်က လမ်းဘေးဈေးသည်တွေကို နေရာအတည်တကျ ထားမပေးနိုင်တာတွေကြောင့်လည်း ပါတာပေါ့နော်။ ကားရပ်ရမယ့် နေရာတွေမှာ လမ်းဘေးဈေးသည်တွေ ရှိနေတဲ့အတွက် လှည်းတန်းလို နေရာမျိုးမှာဆို ကားထိုးဖို့နေရာ အတော်လေး ရှာရတယ်။ လမ်းမတော်ဘက်မှာ လမ်းဘေးဈေးသည်တွေကိုရွှေ့ပြီး ညဈေးတန်း လုပ်ပေးလိုက်တဲ့အတွက် အရင်ကလောက် မကျပ်တော့ပေမယ့် တခြားနေရာတွေမှာတော့ ကားပါကင်နေရာတွေ ရှားနေသေးတယ်။ နောက် လူစည်တဲ့ စားသောက်ဆိုင်လို နေရာမျိုးတွေမှာဆိုရင် သူတို့ဆိုင်လာတဲ့ ဖောက်သည်တွေ ကားရပ်ဖို့ လမ်းဘေးမှာ နေရာချထားပေးတဲ့အခါ လမ်းနဲ့မလွတ်တာမျိုးတွေ၊ ကိုယ်က ကားခဏ ရပ်ချင်ရင်တောင် နေရာလွတ် မရှိတာမျိုးတွေ ကြုံရတယ်။ ကျွန်မအနေနဲ့ ဖြစ်စေချင်တာက အဓိက လမ်းဘေးဈေးသည်တွေကို စနစ်တကျ နေရာပေးထားတာမျိုး နေရာပေးတယ် ဆိုရင်တောင် သူတို့အတွက် လုပ်ကိုင်စားသောက်လို့ ဖြစ်မယ့် နေရာရှာပေးတာမျိုးတွေကို အစိုးရအနေနဲ့ လုပ်ပေးစေချင်ပါတယ်။ သူတို့ကို ပေးထားတဲ့ နေရာတွေမှာ သူတို့က လမ်းဘေးပလက်ဖောင်းဘေးမှာ ရောင်းရတာလောက် အဆင်မပြေတဲ့အခါ အဲလူတွေက ဒီလမ်းပေါ် ပြန်ရောက်လာမှာပဲလေ။ အဲလိုဆို အခုအတိုင်းပဲ။ ကားပါကင်နေရာ ဆိုတာ ရှားနေဦးမှာပဲ။ နောက်တစ်ခု ဖြစ်စေချင်တာက ကားပါကင် ရပ်စရာရှားပြီး လူစည်ကားတဲ့ နေရာမျိုးတွေမှာ ကားပါကင်အဆောက်အအုံတွေဆောက်ပြီး ဝန်ဆောင်မှု ပေးတာမျိုးတွေ လုပ်ပေးစေချင်ပါတယ်။ အဲလိုဆိုရင် ခုလက်ရှိဖြစ်နေတဲ့ ကားပါကင် နေရာရှားလို့ ဖြစ်နေတဲ့ ပြဿနာတွေကို လျှော့ချပေးနိုင်မှာပါ။                                                                       
“ကားဘီးလေလျှော့သွားတာတို့ ဘာတို့ဆိုတာ ခဏခဏ ကြုံရဖူးတယ်”
ဒေါ်ရှင်းရှင်း (ကိုယ်ပိုင်ယာဉ်မောင်း)

ကားပါကင်နေရာ ဦးတယ်ဆိုတာကလည်း တကယ်တော့ စည်ပင်မြေပေါ်မှာ နေရာဦးကြတာဆိုတော့ နားလည်မှုနဲ့ ရပ်ကြရတာပါ။ အဲတော့ အခက်အခဲလေးတွေတော့ ရှိတာပေါ့နော်။ အစ်မတို့ဆိုင် အပေါ်ထပ်ကအိမ်ဆို ကားနှစ်စီးရှိတယ်။ အစ်မတို့ဆိုင်က မြေညီထပ်ဆိုတော့ ကားကို ကိုယ့်ဆိုင်ရှေ့ရပ်တာတောင် ပြဿနာ ရှာခံရတာမျိုးတွေ ရှိတယ်။ ဖယ်ရင်လည်း အအော်ခံရတယ်။ နောက်တစ်ခုက မြို့ထဲမှာ ကိုယ်ကဝယ်စရာလေးရှိလို့ ကားရပ်ချင်တယ်ဆိုရင် ဒီနားမှာ ခဏလေး ကားရပ်ချင်တယ်လို့ ခွင့်တောင်းပြီး ရပ်တာတောင် တစ်စီးစာ မချန်ပေးဘူး။ ကန့်လန့်ရပ်ခဲ့တာမျိုးတွေ ရှိတယ်။ နောက် အပင်တွေ ချထားတယ်။ အဝတ်စင်တွေချပြီး နေရာဦးထားတာမျိုးတွေ ရှိတယ်။ ကားတာယာတွေ ချထားတယ်။ အဲလိုလုပ်ထားတာကို ကိုယ်ကဖယ်ပြီး ကားများရပ်ခဲ့မိလို့ကတော့ ကားဘော်ဒီရုံ အပ်လိုက်ရတော့တာပဲ။ ကားဘီးလေလျှော့သွားတာတို့ ဘာတို့ဆိုတာ ခဏခဏ ကြုံရဖူးတယ်။ ရပ်ကွက်ထဲမှာတော့ မြို့ထဲနဲ့စာရင် အများကြီးသာပါတယ်။ အစ်မတို့ အိမ်ရှေ့ဆို ဘယ်သူကားရပ်ရပ် ရပ်ခွင့်ပေးတယ်။ သူများအိမ်ရှေ့ ရပ်ချင်ရင်လည်း ကိုယ်ကပြောခဲ့တယ်။ သူတို့ကလည်း နားလည်ပေးတယ်။ အစ်မအထင်ကတော့ ကားပါကင် နေရာဦးတဲ့ ပြဿနာကတော့ ဖြစ်နေကျပဲပေါ့နော်။ ဒါပေမဲ့ ကိုယ့်အိမ်ရှေ့ ဆိုင်ရှေ့မှာဆိုရင် ကားတစ်စီးတော့ ရပ်သင့်ပါတယ်။ နေရာဦးထားစရာမျိုးလည်း မလိုဘူး။ ဖုန်းနံပါတ်လေး ထားခဲ့ပေါ့။ ဒါက တစ်ဦးနဲ့တစ်ဦး လေးစားမှုလေး ရှိတာပေါ့နော်။ နောက်တစ်ခုက ကားပါကင် အရင်မလုပ်ဘဲ တိုက်ခန်းတွေ အောက်မှာရပ်တော့ မြေညီထပ်က ကားရပ်စရာရရင်ကိုပဲ အပေါ်ထပ်က မကျေနပ်ကြတာမျိုးတွေ အဲလိုတွေနဲ့ ပြဿနာတွေ ဖြစ်တော့တာပဲ။ အထပ်မြင့်ဆောက်မယ် ဆိုလည်း ကားပါကင်နေရာ အရင်လုပ်ပြီးမှ ဆောက်သင့်တယ်။ အစိုးရအနေနဲ့ လုပ်သင့်တာက တချို့အချက်အချာကျတဲ့ နေရာတွေမှာ ကားပါကင်တွေ ဆောက်ပေးသင့်တယ်။ ယာဉ်စည်းကမ်း လမ်းစည်ကမ်းကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ မြင်ပါတယ်။ အခုက ကားတွေက ဗုန်းပေါလအော ဖြစ်နေပြီး စည်းကမ်းအရမ်းမဲ့နေကြတာ။ ဒါတွေကို အစိုးရအနေနဲ့ တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ မြင်ပါတယ်။             

ခိုင်ချယ်ရီထွန်း

ABOUT AUTHOR

ခိုင်ချယ်ရီထွန်း (ခိုင်ချယ်ရီထွန်း)