News

POST TYPE

EDITOR PICK POST

ရပ်ရွာထဲတွင်မွေးဖွားသည့် ကလေးငယ်များ ၂၄ နာရီအတွင်း ဘီပိုးကာကွယ်ဆေးထိုးပေးမှု အားနည်းဟုဆို
05-May-2017 tagged as ကျန်းမာရေး

ရန်ကုန်၊ မေ ၅

ဆေးရုံတွင် မွေးဖွားသည့် ကလေးငယ်များကို မွေးဖွားပြီးသည်နှင့် အသည်းရောင်အသားဝါ ဘီ ကာကွယ်ဆေးကို တစ်ပါတည်း ထိုးပေးနေပြီး ရပ်ရွာထဲတွင် မွေးဖွားသည့် ကလေးငယ်များကိုမူ မိဘများက ၂၄ နာရီအတွင်း ကာကွယ်ဆေး ထိုးပေးသည့် ကျန်းမာရေးဌာနတွင် ကာကွယ်ဆေး ထိုးပေးမှု အားနည်းနေသည်ကို တွေ့ရကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောကြားသည်။

အသည်းရောင်အသားဝါ ဘီ ရောဂါ ကာကွယ်ရေးအတွက် မွေးကင်းစကလေးကို မွေးပြီး ၂၄ နာရီအတွင်း အသည်းရောင်အသားဝါ ဘီ ကာကွယ်ဆေး ထိုးပေးရန် ၄င်းက ဖြည့်စွက်တိုက်တွန်းပြောကြားသည်။

“ကလေးကသေးတယ် ဆိုပြီး မိဘတွေက ကာကွယ်ဆေးကို သွားမထိုးကြဘူး။ ကြောက်ကြတယ်။ မွေးပြီးပြီးချင်းထိုးမှ ကာကွယ်ရာ ရောက်မယ်။ မိဘတွေကို စည်းရုံးရဦးမယ် ” ဟု ဒေါက်တာသန်းထွန်းအာင်က ဆိုသည်။

ကလေးများကို ပုံမှန်ကာကွယ်ဆေး ထိုးပေးခြင်းကို လစဉ် ပထမအပတ်တိုင်းတွင် ကာကွယ်ဆေး ထိုးနိုင်သည့် စုရပ်နှင့် ဆေးရုံများတွင် ကာကွယ်ဆေး ထိုးပေးနေရာမှ နိုင်ငံတစ်ဝန်းက ကုတင် ၁၀ဝ အထပ် ဆေးရုံ ၉၈ ရုံတွင် ဆေးရုံအခြေပြု ကာကွယ်ဆေး ထိုးပေးခြင်းကို ၂၀၁၇ မေလ ၅ ရက်နေ့မှစ၍ စတင်လိုက်ပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနထံမှ သိရသည်။

“ကလေးကာကွယ်ဆေး ထိုးပေးတဲ့ ကတ်ပြားလေး ယူလာဖို့ပဲ လိုတယ်။ အရင်ကလို လတစ်လရဲ့ ပထမအပတ်မှ ကာကွယ်ဆေး ထိုးပေးတာ မဟုတ်တော့ဘူး ဆိုတော့ နယ်ကလူတွေ မြို့ပေါ်လာတုန်း ကလေးတွေကို ကာကွယ်ဆေး တစ်ခါထဲ ထိုးပေးလို့ရပြီ” ဟု ဒေါက်တာသန်းထွန်းအောင်က ဆိုသည်။

ထို့အပြင် နိုင်ငံတစ်ဝန်းရှိ ကျေးလက်ကျန်းမာရေးဌာန ၁၇၇၈ ခုအနက် ကျန်းမာရေးမှူး မရှိသည့် ဌာန၊ ဝေးလံခေါင်ဖျား၍ ကာကွယ်ဆေးပေးဖို့ရန် ခက်ခဲသည့် ဌာနများမှအပ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများတွင် ဖွင့်လှစ်ထားသည့် ရပ်ရွာအခြေပြုဆေးခန်း ၁၅၀ဝ ခန့်နှင့် မြို့ပေါ်ရှိ ဒေသန္တရ ဆေးခန်းများတွင် ငါးနှစ်အောက်ကလေးများ ကာကွယ်ဆေးထိုးနိုင်သည့် နေရာ (Immunization Corner) တွင် ကာကွယ်ဆေး ထိုးပေးနိုင်ပြီ ဖြစ်ကြောင်း ဒေါက်တာသန်းထွန်းအောင်က ထပ်လောင်းပြောကြားသည်။

ကလေးကို ကာကွယ်ဆေး ထိုးပေးသည့် ကာလတွင် ကျန်းမာရေး ဝန်ထမ်းများက အလှုငွေ ကောက်ခံမှုများ ရှိနေဆဲ ဖြစ်သလို ကျန်းမာရေး ဝန်ထမ်းများ မချေမငံ ဆက်ဆံမှုများလည်း ကြုံတွေ့နေရဆဲဖြစ်ကြောင်း ကလေးမိခင် အသိုင်းအဝိုင်းက သိရသည်။

မြန်မာနိုင်ငံတွင် ကာကွယ်ဆေး ထိုးပေးနေသည့် ကလေးပေါင်း တစ်သန်း ရှိသည့်အနက် ၂၀၁၆ ခုနှစ်က DPT (ဆုံဆို့-ကြက်ညှာ-မေးခိုင်) ကာကွယ်ဆေး သုံးကြိမ်အပြည့်မရသည့် ကလေး ကိုးသောင်းသုံးထောင်ကျော် ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနထံမှ သိရသည်။