POST TYPE

EDITOR PICK POST

မို့မို့မြင့်အောင်နဲ့ တွေ့ဆုံခြင်း
05-May-2017 tagged as အနုပညာ

မေလ ၅ ရက်နေ့ကစပြီး ရုံတင်ပြသပေးတော့မယ့် အရွယ်သုံးပါး ချစ်တတ်သည်၊ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဝါရင့်သရုပ်ဆောင် မို့မို့မြင့်အောင်နဲ့ တွေ့ဆုံပြီး ဇာတ်ကားအကြောင်း၊ ရိုက်ကူးခဲ့စဉ်က အမှတ်တရတွေအကြောင်း၊ ဇာတ်လမ်းတွေ ရွေးချယ်ဖြစ်တဲ့ အကြောင်းကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။

Voice : အရွယ်သုံးပါး ချစ်တတ်သည် ရုပ်ရှင်ဇာတ်ကားရဲ့ ပထမပိုင်းလို့ ပြောရင်ရတဲ့၊ ယောက္ခမဆိုတာ တစ်ခါတုန်းက သမက်ပါပဲ ကားမှာလည်း ပါဝင်ခဲ့တယ်နော်။

MMMA : မမို့က အပိုင်း ၁ တုန်းကလည်း ပါတယ်။ လက်ရှိ အပိုင်း ၂ မှာ ပြန်ပါတော့ တာဝန်သိပ်ကြီးတယ်။ ပြီးတော့ အပိုင်း ၁ ကလည်း တအားပေါက်ထားတာဆိုတော့ ကိုမျိုးမင်းကိုပဲ ခေါင်းစဉ်တင်ရတာပေါ့နော်။ ကိုမျိုးမင်းရေ ဘယ်လိုကောင်းအောင် လုပ်မလဲ၊ မမို့ကတော့ ကြောက်တယ်နော် ပြောတော့ သူကလည်း အများကြီး တွေးပါတယ်။ သူတွေးသလောက်လည်း ကားက ထွက်လာတယ်။ ဒီကားက ဒရာမာလည်း ချိုးထားတယ်၊ ဟာသကိုလည်း ပရိသတ်တွေက တွေးပြီးရယ်ရတဲ့ ဟာသမျိုးကို ကြိုက်ကြတာဆိုတော့ ဒီကားက အဲဒီ့ဟာသဘက်ကိုလည်း ရောက်တယ်။ 

Voice : ရှေ့မှာရိုက်ခဲ့တဲ့ကားက အရမ်းအောင်မြင်ခဲ့တော့ ဒီကားအပေါ် ကိုယ့်ရဲ့အမြင်က ဘယ်လိုရှိလဲ။

MMMA : မမို့အနေနဲ့ အမှန်အတိုင်းပြောရရင် အပိုင်း ၁ က တော်တော်ကောင်းခဲ့တော့ ကျော်ဖို့မပြောနဲ့၊ မီနိုင်ဖို့တောင် ခက်ခဲမယ် ထင်ခဲ့တယ်။ ဒါပေမဲ့ ကိုမျိုးမင်းကြောင့် ဒီကားက ကားကောင်းတစ်ကား ဖြစ်ခဲ့ပါတယ်။ ပြီးတော့ ကိုမျိုးမင်းက သူလိုချင်တာကို မမို့လုပ်ပေးလို့  ကျေးဇူးတင်တယ်ဆိုပြီး ပြောသေးတယ်။ မမို့ကတော့ ကိုယ့်အတွက် လုပ်ကွက်လေးလည်းရတော့ ကိုမျိုးမင်းကို ကျေးဇူးတင်တယ်။ ဟာသသက်သက်ချည်း မဟုတ်ဘဲနဲ့ ဒရာမာလေး ချိုးပေးလိုက်တဲ့ အခါကျတော့ လုပ်ကွက်လေး ကိုယ်က ရလိုက်တာပေါ့နော်။

Voice : ရှေ့ကကားနဲ့ ဒီကားရဲ့ကြားမှာ ဘာတွေကွာခြားချက် ရှိမယ် ထင်မိလဲ။

MMMA : ပထမကားမှာတော့ မိဘက သားသမီးအပေါ်ထားတဲ့ မေတ္တာကို အခြေခံပြီး ဟာသသက်သက်ချည်း မရိုက်ဘဲ ဒရာမာလေး ချိုးပေးထားတယ်။ ပြီးတော့ ပညာပေးလေးလည်း ပါတယ်။ ဒီကားမှာလည်း မိဘက သားသမီးအပေါ်ထားတဲ့ မေတ္တာအပြင် အဘိုးအဘွားတွေကလည်း သူ့တို့ရဲ့ အသက်အရွယ်နဲ့ ချစ်တတ်တယ် ဆိုတာကို ကိုမျိုးမင်းက ပေါ်လွင်အောင် ရိုက်ပြသွားတယ်။ အဲဒါလေးက အင်မတန် ကောင်းပါတယ်။ မမို့ကတော့ ကိုမျိုးမင်းကိုပဲ အဓိကထားပြီး ချီးကျူးချင်ပါတယ်။

Voice : စင်ပေါ်မှာ သင်္ကြန်ဇာတ်ဝင်ခန်းကို ရိုက်နေတဲ့အချိန် နောက်ကွယ်မှာ မျက်ရည်ကျခဲ့သေးတယ်လို့ သိရတယ်၊ ဘာကြောင့်လဲ။

MMMA : ဟုတ်ပါတယ်။ အဲဒီ့နေ့က မမို့ရဲ့ဘဝမှာ ဒေါင့်တစ်ဒေါင်အဖြစ် ထောက်ခဲ့တဲ့ မာမီဆန်ကို သင်္ဂြိုဟ်တဲ့နေ့ပါ။ မို့မို့မြင့်အောင်နဲ့ မိတ်ကပ်ဆန်နီ ဆိုတာ ခွဲလို့မရပါဘူး။ ဖြစ်ချင်တော့ မာမီဆန်ကို သဂြုင်္ိဟ်တဲ့နေ့မှာပဲ ဇာတ်ဝင်ခန်းကလည်း တည်မိရဲ့သား ဖြစ်နေတယ်။ တစ်ဖွဲ့လုံးကလည်း အဲဒီ့အခန်း ရိုက်ပြီးတာနဲ့ နောက်နေ့မှာ ချောင်းသာကို ကားရိုက်ထွက်ကြမှာ ဆိုတော့ မမို့က သင်္ဂြိုဟ်တာကိုလည်း သွားလို့ မဖြစ်ဘူး။ ရိုက်ကွင်းမှာက ရေကစားမဏ္ဍပ်တွေရော ရေပက်ခံတဲ့ကားတွေအပြင် လူတွေကလည်း အများကြီးဆိုတော့ ကိုယ်က ထွက်လို့ အဆင်မပြေဘူးလေ။ ဒါပေမဲ့ ကိုယ့်ရဲ့ ဘဝအဖော်တစ်ယောက် ဆုံးတာဆိုတော့ ငိုရတာပေါ့။ ကိုယ်မသွားနိုင်တဲ့အခါကျတော့ ပိုဝမ်းနည်းတာပေါ့နော်။ ပြီးတော့ ဖုန်းဆက်လိုက်၊ သူတို့က အခြေအနေပြောပြလိုက်၊ ကိုယ်က ငိုလိုက်၊ စင်ပေါ်တက်ပြီး ရိုက်လိုက် လုပ်ခဲ့ရတယ်။

Voice : ပရိသတ်အတွက်ရော ကိုယ့်အတွက်ပါ ထူးခြားစေမယ့် ဇာတ်ကားတွေ ရိုက်ထားတာရှိရင် ပြောပေးပါဦး။

MMMA : ဟုတ်ကဲ့ ရှိပါတယ်။ မမို့အနေနဲ့ ရှေ့မှာ ကလေးသူခိုး ဂိုဏ်းခေါင်းဆောင်နေရာကနေ သရုပ်ဆောင်ထားတာလည်း ရှိတယ်။ ပြီးတော့ သရဲကားတွေ၊ မြွေဝင်စားကားတွေ ရိုက်ထားတာလည်း ရှိပါတယ်။

Voice : နောက်ပိုင်းမှာ ဇာတ်တွေကို စိစစ်ရွေးချယ်ဖြစ်လား။

MMMA : ဟာသကားလေးတွေတော့ နောက်ပိုင်းမှာ နည်းနည်းကျဲလာတယ်။ အဲဒါလေးကို မမို့က စိတ်ချမ်းသာတယ်။ ပရိသတ်ကလည်း ရာခိုင်နှုန်းက ငါးဆယ်၊ ငါးဆယ်စီပဲ။ တချို့ကျတော့ စိတ်ညစ်တာများတော့ ဟာသကားပဲ ကြည့်ချင်ကြတယ်။ တချို့ကျတော့လည်း ဟာသကားတွေ များလာတော့ မကြည့်ချင်ကြတော့ဘူး။ အဲဒါကြောင့် မမို့တို့မှာ ရွေးချယ်ရတာ အင်မတန် ခက်ခဲပါတယ်။ ဒါပေမဲ့ မို့မို့မြင့်အောင် ပါရင်ပြီးရော ဆိုတဲ့ ကားမျိုး မရိုက်ပါဘူး။ တကယ်ကို ကိုယ့်အတွက်လည်း လုပ်ကွက်လေးတစ်ကွက် ရှိပြီဆိုရင်တော့ ရိုက်ပါတယ်။

Voice : လက်ရှိအချိန်အခါမှာ ကိုယ့်ရဲ့ခံစားမှုနဲ့အတူ ကိုယ်ရိုက်ချင်တဲ့ ဇာတ်လမ်းပုံစံတွေ ရှိလား။

MMMA : မမို့ကတော့ ဟာသနဲ့ ဒရာမာ ရောတဲ့ဇာတ်လေးတွေကို သိပ်ရိုက်ချင်တာပဲ။ ပရိုဂျူဆာတွေ အနေနဲ့လည်း ဟာသနဲ့ ဒရာမာ ရောရိုက်ထားတဲ့ ဇာတ်ကားတွေကနေ ပိုက်ဆံရပြီဆိုရင် ရိုက်စေချင်ပါတယ်။

ဝင်းထွန်းနိုင်