News

POST TYPE

EDITOR PICK POST

မိုင်းတုံတွင် မော်တော်ယာဉ် ချောက်ထဲထိုးကျ၍ လေးဦး ဒဏ်ရာရ
04-May-2017 tagged as ကား

ကျိုင်းတုံ၊ မေ ၎

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းတုံမြို့နယ်၊ မုံးထမြို့ မိုင်းတုံ-မုံးထလမ်း မိုင်တိုင်အမှတ် ၂၈ တွင် ယနေ့ (မေလ ၄ ရက်) နံနက် ၈ နာရီခန့်က လူခြောက်ဦး လိုက်ပါစီးနင်းလာသည့် အိမ်စီးမော်တော်ယာဉ်တစ်စီး ပေ ၅၀ ခန့်နက်သည့် ချောက်အတွင်း ထိုးကျတိမ်းမှောက်ရာ သူနာပြုဆရာမတစ်ဦး အပါအဝင် လူလေးဦး ဒဏ်ရာရရှိကြောင်း မိုင်းတုံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

“မိုင်းတုံဆေးရုံမှာ ဆေးနဲ့ ဆေးစိမ်ခြင်ထောင် လာထုတ်တဲ့ မုံးထဆေးရုံက သူနာပြုဆရာမနဲ့ အခြားလူငါးဦး စီးလာတဲ့ကားပါ။ ကုန်းအဆင်းမှာ ဆိုင်ကယ်ကို ရှောင်တိမ်းရင်းကနေ အချိန်လွန်ပြီး ချောက်ထဲကျတာ။ ဒဏ်ရာရတဲ့ လေးဦးကို မိုင်းတုံဆေးရုံမှာ ကုသနေပေမယ့် အသက်အန္တရာယ် မစိုးရိမ်ရပါဘူး” ဟု မိုင်းတုံမြို့ ဒေသခံ မြို့မိမြို့ဖ ဦးမင်းဇော်က ဆိုသည်။

အဆိုပါဖြစ်စဉ်တွင် အသက် ၄၇ နှစ်အရွယ် အထက်တန်း သူနာပြု ဆရာမ ဒေါ်ချယ်ရီမိုး အပါအဝင် အသက် ၃၈ နှစ်အရွယ် ယာဉ်မောင်း ဦးဇော်မင်း၊ အသက် ၂၇ နှစ်အရွယ် ဒေါ်တေးကဗျာနှင့် အသက် ၈ နှစ်အရွယ် မောင်လပြည့်ထွန်းတို့ လေးဦး ဒဏ်ရာအသီးသီး ရရှိခဲ့၍ ယာဉ်မောင်းဖြစ်သူ ဦးဇော်မင်းကို ယာဉ် (ပ) ၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မုံးထနယ်မြေ ရဲစခန်းထံမှ သိရသည်။

R-16