POST TYPE

EDITOR PICK POST

ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) ဖွင့်ပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်မဟုတ်

မော်လမြိုင်၊ မေ ၂

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်ပ ခရီးသွားနေသည့်အတွက် မေလ ၉ ရက် နံနက်တွင် ဖွင့်လှစ်မည့် ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) ဖွင့်ပွဲသို့ တက်ရောက်နိုင်မည်မဟုတ်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြား ခရီးသွားနေလို့ မတက်ရောက်နိုင်ဘူး၊ တံတားပြတိုက်ကိုပါ ဖွင့်ပွဲပြုလုပ်မယ်၊ ကြီးကြီးကျယ်ကျယ် လုပ်မယ်”ဟု ဒေါက်တာ အေးဇံက ပြောကြားသည်။

တံတားဖွင့်ပွဲသို့ နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်များနှင့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းနှင့်ပြည်နယ် အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်မည်ဟု ဝန်ကြီးချုပ်က ပြောဆိုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပသမဂ္ဂ (အီးယူ) ဌာနချုပ်၊ ဘယ်လ်ဂျီယံ၊ အီတလီနှင့် ဗြိတိန်နိုင်ငံသို့ တရားဝင် ခရီး သွားရောက်ရန် ဧပြီလ ၃၀ ရက်က ရန်ကုန်မှထွက်ခွာသွားပြီဟု နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တံတားပေါ်သို့ ဧပြီလ ၂၇ ရက်က ယာယီ ဖြတ်သန်းခွင့်ပြုထားပြီး မေလ ၇ ရက်တွင် ယာယီ ပြန်လည် ပိတ်သွားမည်ဖြစ်ကာ ဖွင့်ပွဲပြုလုပ်ပြီးပါက ၂၄ နာရီ ဖြတ်သန်းခွင့် ပေးသွားမည်ဟုလည်း ဒေါက်တာအေးဇံက ဆက်ပြောသည်။

ဒေသခံဌာနေ တိုင်းရင်းသားများ ကန့်ကွက်နေပြီး အများ ဝေဖန်ထောက်ပြနေသည့်ကြားက တံတားအမည်ကို ဗိုလ်ချုပ်အောင်ဆန်း တံတား(ဘီလူးကျွန်း) အမည်ဖြင့် ဧပြီလ ၂၆ ရက် ညပိုင်း အချိန်ခန့်တွင် ဆိုင်းဘုတ် တင်ခဲ့သည်။

တံတားအမည် ပြောင်းလဲခြင်းနှင့် ပတ်သက်ပြီး ဒေသခံ တိုင်းရင်းသားတို့က ၎င်းတို့၏ ဆန္ဒသဘောထားကို အကြိမ်ကြိမ် ဖော်ပြခဲ့ပြီး ဖြစ်သော်လည်း NLD အစိုးရက အသိအမှတ် မပြုသဖြင့် အဆုံးစွန်အထိ ဆက်လက် ကန့်ကွက်သွားမည်ဖြစ်ကြောင်း သံလွင်တံတား (ချောင်းဆုံ) ဆိုင်ရာ လူထုလုပ်ရှားမှု ကော်မတီမှ ဦးဆောင်သူ မင်းအောင်မွန်က ပြောကြားသည်။

မော်လမြိုင်နှင့် ချောင်းဆုံကို ဆက်သွယ် တည်ဆောက်ထားသည့် အဆိုပါ သံလွင်မြစ်ကူးတံတားကို ဦးသိန်းစိန်အစိုးရလက်ထက်က သံလွင်တံတား (ချောင်းဆုံ) အမည်ဖြင့် စီမံကိန်း စခဲ့သော်လည်း စီမံကိန်း ပြီးခါနီး လက်ရှိ NLD အစိုးရလက်ထက်တွင် တံတားအမည်ကို ပြည်သူ့လွှတ်တော်တွင် ပြောင်းလဲ အတည်ပြုခဲ့သည်။

မူလ သံလွင်တံတား (ချောင်းဆုံ) အမည်ကနေ ဗိုလ်ချုပ်အောင်ဆန်း တံတားဟု ပြောင်းလဲ သတ်မှတ်လိုက်သည့်အပေါ် ဒေသခံဌာနေ တိုင်းရင်းသားတို့က အင်အားဖြင့် ၂ ကြိမ်တိုင် ကန့်ကွက် ဆန္ဒပြခဲ့ကြပြီး ဥပဒေဘောင်အတွင်းကလည်း နည်းလမ်းမျိုးစုံဖြင့် ကန့်ကွက်မှု ပြုလုပ်လာခဲ့သည်။

Dawei Watch