News

POST TYPE

EDITOR PICK POST

တံတားအမည် ကန့်ကွက်လက်မှတ် ၁ သိန်း ၂ သောင်းကျော်ရ

မော်လမြိုင်၊ မေ ၁

မော်လမြိုင်မြို့နှင့် ချောင်းဆုံ (ဘီလူးကျွန်း) ကို ဆက်သွယ်ထားသည့် ဗိုလ်ချုပ်အောင်ဆန်း တံတား(ဘီလူးကျွန်း) အမည်ကို ကန့်ကွက်သည့် ဆန္ဒပြုလက်မှတ် ၁ သိန်း ၂ သောင်းကျော် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုတိုင်းရင်းသားရေးရာ ဝန်ကြီးထံ တင်ပြသွားမည်ဖြစ်သည်။

ကန့်ကွက်လက်မှတ်များကို သံလွင် တံတား (ချောင်းဆုံ) ဆိုင်ရာ လူထုလုပ်ရှားမှု ကော်မတီမှ ဦးဆောင်ကာ ဧပြီလ ၁၃ ရက်က စတင် ကောက်ခံခဲ့ပြီး မေလ ၂ ရက်တွင် တင်ပြသွားမည် ဖြစ်သည်ဟု အထက်ပါ ကော်မတီထံမှ သိရသည်။

“ဒါဟာ ဒီမိုကရေစီ စံနှုန်းစံညွှန်းနဲ့ ဘယ်လိုမှ မကိုက်ညီဘူးဆိုတဲ့ ပုံစံမျိုးရှိတယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့က လုပ်စရာရှိတာကို ဥပဒေဘောင်အတွင်းကနေ လုပ်သွားမယ်”ဟု သံလွင်တံတား (ချောင်းဆုံ) ဆိုင်ရာ လူထုလုပ်ရှားမှု ကော်မတီ ဦးဆောင်သူ မင်းအောင်မွန်က ပြောသည်။

တံတားအမည် ပြောင်းလဲခြင်းနှင့်ပတ်သက်ပြီး ဒေသခံတိုင်းရင်းသားတို့က ၎င်းတို့၏ ဆန္ဒသဘောထားကို အကြိမ်ကြိမ် ဖော်ပြခဲ့ပြီးဖြစ်သော်လည်း NLD အစိုးရအနေနှင့် အသိအမှတ် မပြုပေ။

ဗိုလ်ချုပ်အောင်ဆန်းတံတား အမည် ကန့်ကွက်သည့် ဆန္ဒပြု လက်မှတ်များကို မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများအပြင် ကရင်၊ တနင်္သာရီ၊ ပဲခူး၊ ရန်ကုန်ရှိ မွန်တိုင်းရင်းသားများနှင့် ပြည်ပရောက် မွန်တိုင်းရင်းသားတို့၏ လက်မှတ်များလည်း ပါဝင်သည်ဟု ကော်မတီထံမှ သိရသည်။

မော်လမြိုင်နှင့် ချောင်းဆုံကို ဆက်သွယ် တည်ဆောက်ထားသည့် အဆိုပါ သံလွင် မြစ်ကူးတံတားကို ဦးသိန်းစိန်အစိုးရ လက်ထက်က သံလွင်တံတား (ချောင်းဆုံ) အမည်ဖြင့် စီမံကိန်း စခဲ့သော်လည်း စီမံကိန်းပြီးခါနီး လက်ရှိ NLD အစိုးရလက်ထက်တွင် တံတားအမည်ကို ဗိုလ်ချုပ်အောင်ဆန်း တံတားအမည်အဖြစ် ပြည်သူ့လွှတ်တော်က ပြောင်းလဲ အတည်ပြုခဲ့သည်။

မူလသံလွင်တံတား(ချောင်းဆုံ) အမည်မှ ဗိုလ်ချုပ်အောင်ဆန်း တံတား အမည်အဖြစ် ပြောင်းလဲ သတ်မှတ်လိုက်ခြင်းအပေါ် ဒေသခံဌာနေ တိုင်းရင်းသားတို့က အင်အားဖြင့် ၂ ကြိမ်တိုင် ကန့်ကွက်ဆန္ဒပြခဲ့ကြသလို နည်းလမ်းမျိုးစုံဖြင့်လည်း ကန့်ကွက်မှု ပြုလုပ်လာခဲ့သည်။

ထိုကဲ့သို့ ဝေဖန်ခံနေရသည့်ကြားမှာပင် တံတားအမည်ကို ဗိုလ်ချုပ်အောင်ဆန်းတံတား(ဘီလူးကျွန်း) အမည်ဖြင့် ဧပြီလ ၂၆ ရက်နေ့ ညပိုင်းတွင် ဆိုင်းဘုတ်တင်ခဲ့သည်။

Dawei Watch