News

POST TYPE

EDITOR PICK POST

ဗိုလ်ချုပ်အောင်ဆန်းတံတား မေ ၆ ရက်ထိသာ ယာယီဖြတ်သန်းခွင့်ပြု
မော်လမြိုင်၊ ဧပြီ ၂၈

မော်လမြိုင်နှင့် ချောင်းဆုံ (ဘီလူးကျွန်း) သို့ ဆက်သွယ်ထားသော သံလွင်မြစ်ဖြတ် ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) ပေါ်သို့ မေလ ၆ ရက်ထိသာ  ယာယီဖြတ်သန်းခွင့် ပြုထားကြောင်း မွန်ပြည်နယ် လမ်းတံတားဦးစီးဌာနထံမှ သိရသည်။

အဆိုပါ တံတားကို ဧပြီ ၂၇ ရက်က ယာယီဖြတ်သန်း သွားလာခွင့် ပြုထားပြီး လိုအပ်ချက် ရှိ မရှိ ပြန်လည်စစ်ဆေးရန်အတွက် မေလ ၆ ရက် နောက်ပိုင်းတွင် ဖြတ်သန်းခွင့် ပြန်ပိတ်သွားမည် ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

"လိုအပ်ချက် အနည်းအများအပေါ် မူတည်ပြီးတော့ တံတားပိတ်မယ့်ရက် ဘယ်လောက်ကြာမလဲဆိုတာ အတိအကျ မသိရသေးဘူး" ဟု မွန်ပြည်နယ် လမ်းတံတားဦးစီးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်က ပြောဆိုသည်။

တံတားပေါ် ယာယီဖြတ်သန်းခွင့်ကို မေလ ၆ ရက် နံနက် ၅ နာရီမှ ည ၁၀ နာရီ အချိန်ထိသာ ခွင့်ပြုကြောင်း ခရီးသွားပြည်သူများ သိရှိစေရန်အတွက် တံတားထိပ်တွင် အသိပေး ကြေညာထားကြောင်း ၎င်းက ဆိုသည်။

တံတားခံနိုင်ဝန်အား စမ်းသပ်ကာလဖြစ်သည့် အတွက် မော်တော်ယာဉ်များ ဆိုင်ကယ်များ တံတားပေါ်မှ ဖြည်းညင်းစွာ ဖြတ်သန်းမောင်းနှင်ပေးကြရန်လည်း အသိပေး ကြေညာထားသည်။

ဒေသခံ ဌာနတိုင်းရင်းသားများ ကန့်ကွက်လျက်ရှိသည့် ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ဖြင့် ဧပြီ ၂၆ ရက် ညပိုင်းအချိန်တွင် ဆိုင်းဘုတ်တင်ခဲ့ပြီး ဧပြီ ၂၇ ရက် နံနက်ပိုင်းတွင် ယာယီဖြတ်သန်း သွားလာခွင့် ပြုခဲ့သော်လည်း တံတားဖွင့်လှစ်မည့်ရက်ကို ယနေ့ထိ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

Dawei Watch