POST TYPE

EDITOR PICK POST

NCA လက်မှတ်မထိုးရသေးသူများ ပင်လုံညီလာခံ တက်နိုင်ရန် စီစဉ်မည်
28-Apr-2017 tagged as နိုင်ငံရေး

နေပြည်တော်၊ ဧပြီ ၂၈

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်မထိုးရသေးသူ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံသို့ တက်ရောက်နိုင်ရန် စီစဉ်မည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

ယင်းသို့ စီစဉ်နိုင်ရန်အတွက် မေလ ၁၂ ရက်နေ့တွင် နေပြည်တော်၌ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေး ခေါ်ယူကျင်းပကာ ညှိနှိုင်းဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်မည်ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်များ ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်မည့် အစီအစဉ်ကို ဆွေးနွေးဆုံးဖြတ်မည် ဖြစ်ကြောင်း ဦးဇော်ဌေးက ထပ်လောင်းပြောဆိုသည်။

NCA လက်မှတ်မထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင်များကို ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ရန် အစိုးရက ဖိတ်ကြားလိုသော်လည်း လေ့လာသူအနေနှင့် တက်ရောက်လိုခြင်း မရှိကြောင်း တိုင်းရင်းသား လက်နက်ကိုင်များက ပြောဆို ထားသည်။

အစိုးရကလည်း တိုင်းရင်းသား လက်နက်ကိုင်များ အနေနှင့် ညီလာခံသို့ အပြည့်အဝ တက်ရောက်လိုပါက NCA စာချုပ်ကို လက်မှတ်ထိုးရန် လိုအပ်ပြီး မထိုးလျှင် လေ့လာသူအဖြစ်သာ ဖိတ်ကြားနိုင်ဖွယ်ရှိကြောင်း ပြောဆိုထားသည်။

၂၁ ရာစု ပင်လုံညီလာခံ ပထမအကြိမ်ကို ၂၀၁၆ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့မှ စတင်၍ လေးရက်ကြာ ကျင်းပခဲ့သည်။ ဒုတိယအကြိမ် ညီလာခံကို မေလ ၂၄ ရက်နေ့တွင် ပြန်လည်ကျင်းပရန် သတ်မှတ်ထားသည်။