POST TYPE

EDITOR PICK POST

တံတားကိစ္စ နိုင်ငံတကာသို့ မွန်လူထု အိတ်ဖွင့်စာ ပေးပို့
မော်လမြိုင်၊ ဧပြီ ၂၇ 

မွန်ပြည်နယ်ရှိ အမည်ကိစ္စ အငြင်းပွားနေသည့် သံလွင် (ချောင်းဆုံ) တံတားနှင့် ပတ်သက်၍ သံလွင်တံတား (ချောင်းဆုံ) ဆိုင်ရာ လူထုလှုပ်ရှားမှုကော်မတီက နိုင်ငံတကာ အသိုင်းအဝိုင်းသို့ မွန်တိုင်းရင်းသားတို့၏ တောင်းဆိုချက် ၃ ချက် ကို ဧပြီလ ၂၄ ရက်စွဲဖြင့် အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုထားကြောင်း ယင်းကော်မတီမှ အလုပ်အမှုဆောင် မင်းအောင်မွန်က ပြောကြားသည်။

လက်ရှိအစိုးရ၏ တံတားအမည်ကို ဒေသခံများ ကြိုက်နှစ်သက်သည့် အမည်ဖြင့် အမြန်ဆုံး ဖွင့်လှစ်သွားနိုင်ရန်အတွက် ဒေသခံပြည်သူနှင့် အစိုးရအကြား တွေ့ဆုံညှိနှိုင်းမှုတစ်ရပ်ကို အစိုးရက စီစဉ်ပေးနိုင်ရန်၊ အစိုးရမှ နိုင်ငံတကာ အသိုင်းအဝိုင်းရှိ လူ့အခွင့်အရေးဆိုင်ရာ ကြေညာချက်များနှင့် ဌာနေတိုင်းရင်းသားဆိုင်ရာ အခွင့်အရေး ကြေညာချက်များကို လေးစားလိုက်နာစေရန် နိုင်ငံတကာ အသိုင်းအဝိုင်းမှ တိုက်တွန်းပြောဆိုပေးနိုင်ရန် ယင်းတောင်းဆိုချက်တွင် ပါဝင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

အဆိုပါ တောင်းဆိုချက်များကို စာတိုက်မှတစ်ဆင့် မြန်မာနိုင်ငံအခြေစိုက် သံရုံးများဖြစ်သော အမေရိကန်၊ ပြင်သစ်၊ နော်ဝေ၊ အင်္ဂလန်(ဗြိတိန်)၊ တရုတ်၊ ဂျာမန်၊ အီတလီ၊ ဂျပန်နှင့် ဥရောပသမဂ္ဂတို့ကို ပေးပို့ခဲ့ပြီး အီးမေးမှတစ်ဆင့် ကျန်ရှိသော သံရုံးများ၊ ကုလသမဂ္ဂ ကိုယ်စားလှယ်ရုံးနှင့် နိုင်ငံတကာ သံတမန်များထံသို့ ပေးပို့ခဲ့ကြောင်း ၎င်းက ပြောဆိုသည်။ 

သမ္မတဦးသိန်းစိန် လက်ထက်တွင် သံလွင်တံတား (ချောင်းဆုံ) တံတားအမည်ဖြင့် ပန္နက်ချခဲ့သော်လည်း ယခုအစိုးရလက်ထက်၌ ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်ပြောင်းလဲရန် ပြည်သူ့လွှတ်တော်တွင် မဲပေးဆုံးဖြတ်ခဲ့သည်။ ထို့နောက် မော်လမြိုင်မြို့ပေါ်၌ သောင်းနှင့်ချီ လူထုဆန္ဒပြမှု ဖြစ်ပေါ်ခဲ့ပြီးနောက် တံတားဖွင့်လှစ်မည့်ရက်ကို လောလောဆယ် မသတ်မှတ်နိုင်သေးပေ။

အဆိုပါ  တံတားကို ဖြတ်သန်းနိုင်အောင် ယာယီဖွင့်လှစ်ထားခြင်း ဖြစ်ပြီး တံတားဖွင့်ပွဲကို သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီးမှသာ လုပ်ဆောင်မည် ဖြစ်ကြောင်း၊ တံတားဖွင့်ပွဲကို နိုင်ငံတော်အဆင့် အကြီးအကဲများ၊ ပြည်ထောင်စုအဆင့် ဝန်ကြီးများ တက်ရောက်နိုင်မည့်နေ့ကို ညှိနှိုင်းကာ လုပ်ဆောင်မည်ဖြစ်ကြောင်း မွန်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောကြားသည်။ 

သံလွင်တံတား (ချောင်းဆုံ) ကို ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်ပေးရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းသည့် အဆိုကို ပေါင်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက အဆိုတင်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းတံတားအဖြစ် ပြည်သူ့လွှတ်တော်က မတ်လဆန်းတွင် အတည်ပြုလိုက်သည်။ 

ထိုတံတား စီမံကိန်းအတွက် ကျပ် သန်း ၅၉,၈၀၀ သန်း လျာထားခဲ့ရာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၂၇,၉၉၇ ဒသမ ၄၁ သန်း သုံးစွဲခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ၃၁,၈၀၂ ဒသမ ၅၉ သန်းကို သုံးစွဲခဲ့သည်။ 

တံတားအရှည်မှာ ၅၂၀၃ ပေရှိပြီး မော်လမြိုင် မုပွန်ဘက်ခြမ်း ချဉ်းကပ်တံတား အရှည်မှာ ၆၈၉ ပေ၊ ချောင်းဆုံ ကညှော်ဘက်ကမ်း ချဉ်းကပ်တံတား အရှည်မှာ ၂၇၅၆ ပေရှိပြီး ယာဉ်သွားလမ်း အကျယ်မှာ ၂၈ ပေနှင့် လူသွားလမ်း အကျယ်မှာ တစ်ဖက်လျှင် ၃ ပေ ၃ လက်မရှိကြောင်း တံတားစီမံကိန်း တည်ဆောက်ရေးအဖွဲ့ထံမှ သိရသည်။