News

POST TYPE

EDITOR PICK POST

ပြည်ပသို့ ပြန်ပို့ရန် မော်ဒယ်လ်နိမ့်ကား အစီးရေ ငါးထောင်ကျော်ရှိ၊ အချို့နိုင်ငံများက လက်မခံဟု ဆို
27-Apr-2017 tagged as ကား

နေပြည်တော်၊ ဧပြီ ၂၆

မော်ဒယ်လ်နိမ့်ကားများကို နှစ်နှစ်အတွင်း ရောင်းမထွက်ပါက တင်သွင်းလာသည့် နိုင်ငံထံသို့ ပြန်ပို့ရန် အစိုးရက သတ်မှတ်ထားခဲ့သော်လည်း လက်ရှိတွင် ပြန်ပို့ရန် ကားအစီးရေ ၅၀၀၀ ကျော် ရှိနေသော်လည်း အချို့နိုင်ငံများက ပြန်ပို့မည့် ကားများကို လက်မခံသည့် အခြေအနေ ရင်ဆိုင်နေရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မှ ညွန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားသည်။ 

ဧပြီလ ၂၆  ရက်က နေပြည်တော်၌ ဝန်ကြီးဌာနအလိုက် တစ်နှစ်တာ လုပ်ဆောင်ချက်များနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲတွင် အထက်ပါ ဝန်ကြီးဌာန ကိုယ်စား ၎င်းက ပြောကြားခြင်း ဖြစ်သည်။

“သတ်မှတ်ချက်အရ နှစ်နှစ်ပြီးလို့ရှိရင် သက်ဆိုင်ရာ နိုင်ငံကို ပြန်ပို့ရမှာ ဖြစ်ပြီး ၂၀၁၁ ကစပြီး ခွင့်ပြုပေးခဲ့တဲ့ မော်ဒယ်လ်တွေက ခုချိန်ထိ ပြန်လည်တင်ပို့ဖို့ အစီးရေ ၅၀၀၀ ကျော် ရှိနေပါတယ်။ အဲဒီမှာ တချို့နိုင်ငံတွေဟာ ပြန်ပို့လို့မရတဲ့ဟာမျိုး ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

 ယင်းကိစ္စကြောင့် အစိုးရအနေနှင့် နိုင်ငံသားလုပ်ငန်းရှင်များ နစ်နာမှု မရှိစေရန် လမ်းညွန်ချက်ပေးခဲ့ပြီး လက်ရှိအချိန်တွင် သက်ဆိုင်ရာ မော်တော်ယာဉ်ဌာနများ၊ မော်တော်ယာဉ် အသင်းအဖွဲ့များနှင့် တွေ့ဆုံညှိနှိုင်းနေရကြောင်း ၎င်းက ထပ်လောင်းပြောသည်။

အစိုးရအနေနှင့် မူလချမှတ်ထားသော သတ်မှတ်ချက်တွင် အရောင်းစင်တာများမှ ၂၀၁၅ မတိုင်မီ တင်သွင်းထားသော ကားများကို နှစ်နှစ်ကျော်၍ ရောင်းမထွက်ပါက တင်သွင်းလာသော နိုင်ငံသို့ ပြန်လည်တင်ပို့ရနှ်နှင့် တင်ပို့မှု မပြုပါက ဖျက်ဆီးရန် ညွန်ကြားထားခဲ့ခြင်း ဖြစ်ကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ဆိုသည်။

လတ်တလော စိစစ်ချက်များအရ ၂၀၀၀ ပြည့်နှစ်နှင့် ၂၀၀၅ ခုနှစ်အောက် 
ထုတ်ထားသော မော်ဒယ်လ်နိမ့် ကားများကိုပါ တွေ့ရှိနေရသောကြောင့် ပြန်လည်ပို့ဆောင်မည့် စနစ်ဖြင့် မကိုက်ညီတော့ကြောင်း ၎င်းက ရှင်းပြသည်။ 
“ဘယ်လိုလုပ်သင့်တယ်ဆိုတာ တင်သွင်းတဲ့ ကုမ္ပဏီတွေနဲ့ ညှိပြီးတော့ အထက်အဆင့်ဆင့် တင်ပြပြီး ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ မော်တော်ယာဉ်များကို ဧပြီလ ၆ ရက်နေ့က ပြုလုပ်သည့် မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီနှင့် မော်တော်ယာဉ် အသင်းအဖွဲ့များ တွေ့ဆုံစဉ် စလစ်အစား ငွေကျပ် သိန်း ၃၀ နှင့် ၆၀ ပေး၍ ရောင်းချခွင့်ပေးမည်ဟု ဆုံးဖြတ်ချက်ပေးထားကြောင်း ယင်းတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် မော်တော်ယာဉ် လုပ်ငန်းရှင်များထံမှ သိရသည်။ 

“ဝန်ကြီးဌာနတွေဆိုတော့ ဆုံးဖြတ်ျက်က ဌာနတစ်ခုနဲ့တစ်ခု မရောက်သေးလို့ ဒီလိုပြောတာ နေမှာပါ။ မူဝါဒပြောင်းတယ် ဆိုရင်လည်း ဒီမိုကရေစီဖြစ်တဲ့အတွက် ကျွန်တော်တို့နဲ့တွေ့ပြီး ဆုံးဖြတ်ပေးထားတဲ့ ကိစ္စကို ပြောင်းတယ်ဆိုလည်း ကျွန်တော်တို့ကို ခေါ်အသိပေးမှာပါ။ အခုထိတော့ ဘာမှမပြောသေးပါဘူး” ဟု ယင်းတွေ့ဆုံပွဲကို တက်ရောက်ခဲ့သူ KL Seven မော်တော်ယာဉ် အရောင်းစင်တာပိုင်ရှင် ဦးကြည်သာဟန်က ပြောဆိုသည်။ 

နှစ်နှစ်ကျော်သော်လည်း ရောင်းထွက်ခြင်း မရှိသေးသည့် (ယာဉ်မှတ်ပုံ မတင်ရသေးသည့်) မော်တော်ယာဉ် မော်ဒယ်လ် ၂၀၀၀ ပြည့်နှစ်အောက်များကို စလစ်အစား ကျပ်သိန်း ၃၀ နှင့် ၂၀၀၁ မှ ၂၀၀၅ ခုနှစ် မော်ဒယ်လ်ထိကို စလစ်အစား ကျပ်သိန်း ၆၀ ပေးသွင်း၍ ရောင်းချခွင့်ပြုမည်ဟု ဧပြီ ၆ ရက်နေ့ ကြီး/ကော် အစည်းအဝေးက ဆုံးဖြတ်ပေးထားသည်။

S-01