News

POST TYPE

EDITOR PICK POST

ပိုင်ဖြိုးသုနဲ့ တွေ့ဆုံခြင်း
21-Apr-2017 tagged as အနုပညာ

လက်ရှိမှာ ကိုယ်ပိုင်ထုတ်လုပ်ရေး တည်ထောင်ပြီး ဇာတ်ကားတွေ ရိုက်ကူးနေသလို မကြာခင်မှာ ရုံတင်ပြသနိုင်အောင် ကြိုးစားနေတဲ့ ‘နေဝင်အိပ်တန်းတက်’ ရုပ်ရှင်ကားမှာလည်း မေကြာဖြူ ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားတဲ့ ပိုင်ဖြိုးသုနဲ့ တွေ့ဆုံပြီး ထုတ်လုပ်ရေးကနေ ရှေ့ဆက်ဖန်တီးသွားမယ့် အနုပညာလှုပ်ရှားမှုတွေအကြောင်း၊ ‘နေဝင်အိပ်တန်းတက်’ အပေါ် ရင်ခုန်ခံစားမှုတွေအပြင် အချစ်အကြောင်းတို့ကိုပါ The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။ 

Voice : ကိုယ်ပိုင်ထုတ်လုပ်ရေး ဖြစ်တဲ့ VICTORIA က လှုပ်ရှားထားတဲ့ အနုပညာ ဖန်တီးမှုတွေကို ပြောပြပေးပါဦး။

PPT : ညီမရဲ့ ထုတ်လုပ်ရေးက ပထမဆုံးအနေနဲ့ ‘နေဝင်အိပ်တန်းတက်’ ရုပ်ရှင်ကားကြီးကို  ရိုက်ထားပါတယ်။ အဲဒီကားကိုလည်း လာမယ့် မေလ သို့မဟုတ် ဇွန်လပိုင်းလောက်မှာ ရုံတင်နိုင်အောင် ကြိုးစားနေပါတယ်။ ပြီးတော့ နောက်ထပ် ရုပ်ရှင်ကားကြီးတစ်ကားလည်း ရိုက်ဖို့ရှိပါတယ်။ 

Voice : နောက်ထပ်ရိုက်မယ့် ရုပ်ရှင်ကားအတွက်က ပြင်ဆင်နေပြီလား။

PPT : ညီမတို့ဆီမှာ ဇာတ်ညွှန်းက အဆင်သင့် ဖြစ်နေပါပြီ။ မင်းသားရမယ့်ရက်ကို စောင့်နေတာပါ။ စာရေးဆရာမ ကြည်အေးရဲ့ ‘မီ’ ဝတ္ထုပါ။ ဒီဝတ္ထုကို ရိုက်ဖြစ်တာကတော့ ညီမ စဖတ်ကတည်းက မီရဲ့ အိုက်တင်တွေကို လုပ်ချင်တာပေါ့နော်။ ပြီးတော့ ညီမက ဇာတ်လမ်းဆိုရင် စကားပြောတာထက် စကားမပြောရဘဲနဲ့ အမူအရာတွေ အရမ်းလုပ်ရတဲ့ ဇာတ်ရုပ်မျိုး လုပ်ကြည့်ချင်တယ်။ 

Voice : ‘မီ’ မှာ ဘယ်လိုဇာတ်ရုပ်မျိုး သရုပ်ဆောင်ရမှာလဲ၊ ကိုယ့်ဇာတ်လို့ ပြောရင်ရော ရလား။

PPT : ဒီဇာတ်လမ်းမှာ ညီမက ခံစားချက် မဲ့နေတဲ့ မိန်းမတစ်ယောက်ရဲ့ ဇာတ်ရုပ်မျိုးကို သရုပ်ဆောင်ရမှာပါ။ ပြီးတော့ ဝတ္ထုရဲ့ နာမည်ကလည်း မီ၊ မင်းသမီးကလည်း မီဆိုပေမယ့် ညီမဇာတ်တော့ မဟုတ်ပါဘူး။ မင်းသားကိုယ်တိုင်လည်း အိုက်တင်တွေ အရမ်းလုပ်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ မင်းသားကပဲ ဇာတ်လမ်းတစ်ခုလုံးကို ပြောသွားတာပါ။ မီအကြောင်း ဆိုပေမယ့် မီက ပြောတာ တစ်ခုမှ မရှိဘူး။ အဲဒါကြောင့် မင်းသားကသာ အဓိကပါ။ မီက နောက်ကနေ အိုက်တင်တွေ လိုက်လုပ်ရတဲ့ ပုံစံမျိုးပေါ့နော်။

Voice : VICTORIA ထုတ်လုပ်ရေးက ရိုက်ကူးသွားမယ့် ဇာတ်ကားတွေက ဘာတွေထူးခြားနေမှာလဲ။

PPT : ညီမကိုယ်တိုင်ကိုက အပြင်မှာ စိတ်က မျှော်လင့်ချက်ကို အကြီးကြီးမထားတတ်ဘူး။ တစ်ခုခုဆို အဆိုးဆုံးကို အရင်မျှော်လင့်တယ်။ သူများတွေက အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးအတွက်ကို ပြင်ဆင်တယ်။ ညီမက အမြဲကံဆိုးတယ်။ ညီမ အသိစိတ်မှာ တစ်ခုခုဆို ကံဆိုးတတ်တယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အမြဲသတိပေးနေဖြစ်တယ်။ အဲဒီလိုစိတ်ရှိတဲ့လူမျိုး ဆိုတော့ ညီမကြိုက်တဲ့ ဇာတ်တွေက စိတ်ဓာတ်ကျစရာတွေ များတယ်။ အမေဆို ညီမကြိုက်လို့ လိုက်ဝယ်မယ့် ဝတ္ထုတွေကိုပြရင် အမြဲပြောတယ်။ သုသု နင်ဝယ်တဲ့ ဇာတ်တွေကို ရုပ်ရှင်ရိုက်ပြီး ပရိသတ်ကိုပြရင် အကုန်စိတ်ဆင်းရဲစရာတွေ ဖြစ်ကုန်လိမ့်မယ်တဲ့။ အဲဒါကြောင့် ပရိသတ်တွေ စိတ်ဆင်းရဲမှာစိုးလို့ ကိုယ့်ဘာသာကိုယ် နည်းနည်းပြန်ထိန်းနေရတယ်။

Voice : ‘နေဝင်အိပ်တန်းတက်’ ရုပ်ရှင်ဇာတ်ကား Tri Show ကြည့်ပြီး ဆရာလင်္ကာရည်ကျော်ကတော့ အမှတ်တွေ ပေးနေပြီနော်။

PPT : ဆရာက ကိုယ့်တပည့်ဆိုတော့ မေတ္တာစိတ်နဲ့ ကြည့်လို့နေမှာပါ။ ညီမက မလုပ်ဖူးတဲ့ ဇာတ်ရုပ်တစ်ခုကို လုပ်ကြည့်ချင်တယ်ဆိုပြီး ဒီဝတ္ထုကို ရိုက်ဖြစ်သွားတယ်။ တကယ်ရိုက်ကွင်း ရောက်တဲ့အခါမှာ စစချင်းတုန်းကဆို တော်တော်ကို ဒုက္ခရောက်တယ်။ ကိုယ်မလုပ်တတ်တဲ့ အမူအရာဆိုတော့ မကျွမ်းကျင်ဘူး။ ဒါပေမဲ့ ကိုဝိုင်းရော ကိုပြေတီဦးကပါ ညီမကို အရမ်းသင်ပေးပြီး လက်တွဲခေါ်တယ်။ အဲဒါကြောင့် ပထမက တော်တော်ခက်ခဲပေမယ့် နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ နေသားကျပြီး မေကြာဖြူ ဖြစ်သွားတယ်။ ရှေ့ပိုင်းမှာတော့ မေကြာဖြူ ဖြစ်ဖို့ တော်တော်ကြိုးစားလိုက်ရတယ်။ 

Voice : မေကြာဖြူရဲ့ ဇာတ်ရုပ်ကိုလည်း ပြန်ပြောပေးပါဦး။

PPT : ညီမက အရမ်းလျှို့ဝှက်တတ်တဲ့ မိန်းကလေးတစ်ယောက် နေရာကနေ သရုပ်ဆောင်ထားတာပါ။ ကိုယ်က လျှို့ဝှက်ချက်တွေနဲ့အတူ အင်္ဂလန်ကနေ ပြန်လာပြီး ဆရာဝန်ဖြစ်တဲ့ ကိုပြေတီဦး အနားကို ရောက်လာတယ်။ ပြီးတော့ ကိုပြေတီဦးကို စကားချိုချိုလေးတွေပြောပြီး ချွဲရတဲ့ ပုံစံမျိုးပါ။ အဲဒီအိုက်တင်က ညီမအတွက် တော်တော်ခက်တယ်။ ညီမက အပြင်မှာလည်း မချွဲတတ်ဘူး။ 

Voice : ‘ဧဒင်ရဲ့ နတ်သမီး’ နဲ့ အကယ်ဒမီလွဲခဲ့သူ ဆိုတော့ ‘နေဝင်အိပ်တန်းတက်’ အပြင် တကယ်လို့ ‘ပန်းဒေါင်း’ ပါ ရုံတင်ဖြစ်ခဲ့မယ်ဆိုရင် ၂၀၁၇ အကယ်ဒမီက ကိုယ့်အတွက် ဖြစ်လေမလား။

PPT : ညီမအနေနဲ့ အဓိက မျှော်လင့်ထားတာက ပရိသတ်ကြီးရဲ့ အသိအမှတ်ပြုမှုကိုပါ။ ပရိသတ်က ကိုယ်သရုပ်ဆောင်ထားတာကို ကျေနပ်တယ်ဆိုရင် ညီမ ကြိုးစားရကျိုး နပ်သွားပြီ။ အကယ်ဒမီ ဆိုတာကတော့ အဝေးကြီးပါ။ ပြီးတော့ ညီမရိုက်ထားတဲ့ ဇာတ်ရုပ်တွေကလည်း အရမ်းနင့်နင့်နဲနဲနဲ့ ဟဲဗီးဒရာမာတွေ မဟုတ်ဘူးလေ။ ‘နေဝင်အိပ်တန်းတက်’ ဆိုလည်း မလုပ်တတ်လို့သာ ဒီအိုက်တင်က ညီမအတွက် ခက်ခဲနေတာပါ။ တခြားဝါရင့်မင်းသမီးတွေသာဆိုရင် သိပ်ခက်ခဲမှာ မဟုတ်ဘူး။ အဲဒါကြောင့် အများကြီး မမှန်းထားပါဘူး။ ပရိသတ်ကြည့်တဲ့အခါမှာ မေကြာဖြူ ဖြစ်သွားတယ် ဆိုရင်ပဲ ညီမ ကျေနပ်ပါပြီ။ ‘ပန်းဒေါင်း’ ဆိုရင်လည်း ညီမရဲ့ ဇာတ်ကောင် ခင်နွယ်စိုးက ပရဟိတလုပ်ဖို့ ပရဟိတအဖွဲ့နဲ့ ခရီးသွားတဲ့ ဇာတ်လမ်းပုံစံလေးပါ။ အကယ်ဒမီရအောင် အရမ်းကြီး လုပ်ရတာ မဟုတ်ဘူး။  

Voice : လက်ရှိအချစ်ရေးကရော အေးဆေးပဲလား။

PPT : အချစ်ရေးကတော့ အေးဆေးပါပဲ။ အရင်လိုပဲ အရင်တိုင်းပဲ။

Voice : တစ်ယောက်နဲ့ တစ်ယောက်က ဘယ်လိုနားလည်မှုတွေ ယူထားလဲ၊ အနုပညာသမား အချင်းချင်းဆိုတော့  အလုပ်နဲ့ ပတ်သက်ပြီး အပြန်အလှန် အကြံဉာဏ်တွေ ပေးဖြစ်လား။

PPT : ညီမတို့နှစ်ယောက်မှာ နားလည်မှုကတော့ အရမ်းကြီး လုပ်ယူစရာ မလိုဘူး။ ညီမတို့က Type တူတော့ အဆင်ပြေတယ်။ အကြံဉာဏ်ကတော့ သူ့ဆီက ယူဖြစ်တယ်။ ညီမ ထုတ်လုပ်ရေးအတွက် ဇာတ်လမ်းတွေ ရှာပေးတာကအစ တော်တော်များများကို ကူလုပ်ပေးတယ်။ ‘မီ’ ရုပ်ရှင်ကားကို သူက ဒါရိုက်တာ အနေနဲ့ ရိုက်မှာပါ။  

ဝင်းထွန်းနိုင်