News

POST TYPE

EDITOR PICK POST

ဗိုလ်ချုပ်အောင်ဆန်း တံတားအမည် ကန့်ကွက်လက်မှတ် ကောက်ခံ
21-Apr-2017 tagged as တံတား

မော်လမြိုင်၊ ဧပြီ ၂၀

မော်လမြိုင်မြို့နှင့် ချောင်းဆုံ (ဘီလူးကျွန်း) ကို ဆက်သွယ်ထားသည့် သံလွင်တံတား (ချောင်းဆုံ) အမည်အစား ဗိုလ်ချုပ်အောင်ဆန်း တံတားအမည် သတ်မှတ်သည်ကို ကန့်ကွက်သည့် ဆန္ဒပြုလက်မှတ်များကို သံလွင်တံတား (ချောင်းဆုံ) ဆိုင်ရာ လူထုလုပ်ရှားမှု ကော်မတီက ဦးဆောင်ပြီး ကောက်ခံလျက်ရှိသည်။

တံတားအမည် ပြောင်းခြင်းနှင့် ပတ်သက်ပြီး ဒေသခံလူထုတို့၏ သဘောထားဆန္ဒကို သက်သေပြရန်နှင့် ကောက်ခံရရှိသည့် လက်မှတ်များကို နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု တိုင်းရင်းသားရေးရာဝန်ကြီးထံ တင်ပြသွားရန် ရည်ရွယ်ချက်ဖြင့် ဆန္ဒပြု လက်မှတ်များ ကောက်ခံခြင်း ဖြစ်သည်ဟု သံလွင်တံတား (ချောင်းဆုံ) ဆိုင်ရာ လူထုလုပ်ရှားမှုကော်မတီ ဦးဆောင်သူ မင်းအောင်မွန်က ပြောသည်။

“ဥပဒေဘောင် အတွင်းကနေ လုပ်ယူလို့ရတဲ့ဟာမျိုးနဲ့ လှုပ်ရှားသွားမယ်၊ လက်မှတ်ကောက်တာက အဓိက ဒေသခံတွေပေါ့။ ၁၀ မြို့နယ်ပေါ့။ ဒါ့အပြင် ကရင်၊ တနင်္သာရီနဲ့ အခြားသော ဒေသက ဒေသခံ တိုင်းရင်းသားတွေလည်း ပါမယ်” ဟု ၄င်းက ပြောသည်။

အဆိုပါ လက်မှတ်များကို ဧပြီလ ၁၃ ရက်က စတင်ကောက်ခံခဲ့ပြီး ဧပြီ ၂၅ ရက် နောက်ဆုံးထားကာ လက်မှတ်များ ပြန်လည်စုစည်းမည် ဖြစ်သည်။

ဆန္ဒပြုလက်မှတ် တစ်သိန်းနှင့်အထက် ရရှိအောင် မှန်းထားပြီး အဓိကအားဖြင့် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု တိုင်းရင်းသားရေးရာ ဝန်ကြီးထံသို့ ဧပြီ ၂၅ သို့မဟုတ် ၂၇ ရက်တွင် တင်ပြသွားမည် ဖြစ်သလို ကိုယ်တိုင်တွေ့ဆုံ ညှိနှိုင်းဆွေးနွေးနိုင်ရန်လည်း ကြိုးပမ်းသွားမည်ဟု ကော်မတီ တာဝန်ရှိသူက ပြောသည်။

ကော်မတီအနေဖြင့် ဒေသခံ တိုင်းရင်းသားပြည်သူများ၏ သဘောထားဆန္ဒကို ထင်ဟပ်စေသော စုပေါင်းလက်မှတ်ရေးထိုး ဆန္ဒပြု တောင်းဆိုသွားနိုင်ရေးအတွက် မိမိဆန္ဒအလျောက် ပါဝင်လက်မှတ်ရေးထိုး ဆန္ဒပြုရန် တိုက်ထွန်းနှိုးဆော်ထားသည်။

ဒေသခံ တိုင်းရင်းသားများ ကန့်ကွက်နေသည့် တံတားအမည်နှင့် ပတ်သက်ပြီး “စကားလုံးတွေနဲ့ အငြင်းမပွားလိုဘူး” ဟု ဆိုပြီး ဧပြီ ၁၉ ရက်က မီဒီယာသမားတို့၏ မေးမြန်းချက်ကို မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဖြေဆိုထားသည်။

ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်ပေးခြင်းသည် နယ်မြေနှင့် လိုက်လျောညီထွေမှု မရှိသည့်အပြင် ဒေသခံဌာနေ တိုင်းရင်းသားတို့၏ အမွေအနှစ်များနှင့် ပထဝီ တည်နေရာကို အလေးမထား မလေးစားရာ ရောက်နေပြီး လူမျိုးတစ်မျိုးနှင့် တစ်မျိုးတို့ကြား မလိုလားအပ်သည့် မုန်းတီးမှု၊ နာကျင်မှုများနှင့် ပဋိပက္ခများကို ဖန်တီးရာ ရောက်နေသည့်အပြင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် အမျိုးသားရင်ကြားစေ့ရေးကိုပါ ထိခိုက်စေသည်ဟုဆိုပြီး ဒေသခံဌာနေ တိုင်းရင်းသားတို့က ၂ ကြိမ် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

(ပုံစာ - ဗိုလ်ချူပ်အောင်ဆန်း တံတားအမည် သတ်မှတ်သည်ကို  ကန့်ကွက်ဆန္ဒပြနေကြစဉ်) 
ဓာတ်ပုံ - ယဉ်စနိုင်း / Dawei Watch