News

POST TYPE

EDITOR PICK POST

အသက်က ၁၉၊ လုပ်ငန်းက နှစ်ခု၊ အောင်မြင်မှု ရနေသူ
20-Apr-2017 tagged as ပညာရေး

သူ့အမည်က ရှဗီးယားတန် ဖြစ်သည်။ သူက Westwood ကျောင်းထွက်တစ်ဦး ဖြစ်ပြီး ၂၀၁၅ ခုနှစ်ကတည်းက စွန့်ဦးတီထွင် လူငယ်လုပ်ငန်းရှင်တစ်ဦး ဖြစ်လာစေရန် အားထုတ်နေသူတစ်ဦးဖြစ် သည်။ အထက်တန်း ကျောင်းသားသုံးဦးကို NFTE (Network for Teaching Entrepreneurship) ပရိုဂရမ်ဖြင့် ရွေးချယ်ရာတွင် ပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။

ထိုပရိုဂရမ်ဖြင့် ချပေးခဲ့သည့် မျိုးစေ့တစ်ခုသည် ယခုအခါ အောင်မြင်စွာ ဖွံ့ထွားလာပြီဟု ဆိုရမည်။ သူက အသက် ၁၉ နှစ်သာ ရှိသေးပြီး လုပ်ငန်းသုံးခုကို ထူထောင်ပိုင်ဆိုင်နိုင်ပြီ ဖြစ်သည်။ သူထူထောင်ထားသော လုပ်ငန်းများကို ဒီဇိုင်းဆန်းဆန်းနှင့် ထုတ်ခြင်းဖြစ်ပြီး စင်ကာပူနိုင်ငံတွင် Typographic Apparels ဟု ထင်ရှားသည်။ ထို့ပြင် သူ့တွင် တီရှပ်တံဆိပ်ရိုက်သည့် လုပ်ငန်းများလည်း ထူထောင်ထားသေးသည်။ တီရှပ်များ ရောင်းချသည့် လုပ်ငန်းကလည်း အောင်မြင်သည့် လုပ်ငန်းတစ်ခု ဖြစ်နေပြန်သည်။ 

သူ့တီရှပ် ပုံနှိပ်လုပ်ငန်းကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလကမှ စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ Typographic Apparels ကုမ္ပဏီအမည်ဖြင့် တီရှပ်များ ရောင်းချခြင်းကို ၂၀၁၇ ဇန်နဝါရီလကမှ စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ 

သူ့လုပ်ငန်းအတွက် NFTE ပရိုဂရမ်တွင် လေ့လာသင်ယူခဲ့ခြင်းများက အထောက်အကူများစွာ ပေးခဲ့သည်။ သူကိုယ်တိုင် စတင်ထူထောင်ခဲ့သော စီးပွားရေးလုပ်ငန်းမှာ စီးပွားရေး အချက်အချာကျသည့် နေရာတွင် မိုဘိုင်းလ်ကဖေးလေး တစ်ခုကို စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ 

သူထူထောင်ထားသည့် မိုဘိုင်းလ်ကဖေးဆိုင်က ဘတ်စ်ကားတစ်ခုတွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး  အလုပ်များသည့် လုပ်ငန်းရှင်ကြီးများနှင့် ချိတ်ဆက်ကာ ကော်ဖီပို့သည့် လုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့သည်။ သူက စီးပွားရေး အချက်အချာကျသည့် လုပ်ငန်းများရှိရာ နေရာတစ်ခုပြီးတစ်ခု ကော်ဖီဘတ်စ်ကားကြီးကို ပြောင်းရွှေ့ပြီး ကော်ဖီနှင့် စားစရာများကို  လိုက်လံရောင်းချခြင်းဖြင့် စတင်အောင်မြင်မှုများ ရလာခဲ့သည်။ 

သူကော်ဖီရောင်းရန် စိတ်ကူးရသည်က ရပ်ဖ်ဖဲ ပဲလေ့စ်ကို လာကြည့်ပြီးတော့ ဖြစ်သည်။ မနက်ပိုင်းဆိုလျှင် ထိုနေရာတွင် လူတွေက ပျားပန်းခပ်လှုပ်ရှား သွားလာနေကြသည်။ သူတို့ အလောတကြီး သွားလာနေကြခြင်း ဖြစ်သည်။ သူက အလုပ်များနေသည့် လုပ်ငန်းရှင်ကြီးများကို ကော်ဖီရောင်းရန် စိတ်ကူးကို နယူးယောက်မှာကတည်းက ရခဲ့ခြင်း ဖြစ်သည်။ နယူးယောက်တွင်ံ Halogen ဖောင်ဒေးရှင်းက ပြုလုပ်သည့် သင်တန်းတက်အပြီးတွင် သူ စင်ကာပူနိုင်ငံကို ပြန်လာပြီး ဆရာမဖြစ်သူ မစ္စမင်ယိုနှင့် တိုင်ပင်ကြည့်သည်။ မင်ယိုက ထိုအချိန်တွင် တရုတ်ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုတွင် ဒုတိယဥက္ကဋ္ဌရာထူးကို ယူထားသည်။ သူမက-

“ရှဗီးယားက လုပ်ငန်းတစ်ခုကို စတင်လုပ်ဖို့ စိတ်အားအရမ်းထက်သန်နေတယ်။ ကျွန်မက သူစိတ်သန်နေတဲ့ အလုပ်ထက် အခြားအလုပ်တစ်ခုခုကို ပြောင်းလဲလုပ်ဖို့ တိုက်တွန်းမိတယ်” ဟု ဆိုသည်။ 

ဆရာမ မင်ယိုအကြံပေးသည့် အရင်းအနှီးကြီးများသည့် လုပ်ငန်းထက် မိုဘိုင်းလ်ကဖေးဆိုင်လေး  စတင်ဖွင့်လှစ်ရန် သူစိတ်ကူးမိသည်။ သူ့တွင် စိတ်ကူးကောင်း ရှိသော်လည်း ဘတ်စ်ကားနှင့် မိုဘိုင်းလ်ကဖေး ဖွင့်လှစ်ရန် ဆိုသည်မှာ ခွင့်ပြုချက်ရှိမှ ရနိုင်ပေလိမ့်မည်။

“ကျွန်တော်က ကျောင်းသားတစ်ယောက်ပါ။ ငွေအရင်းအနှီးလည်း နည်းနည်းပဲ ရှိတယ်။ ဒါကြောင့် အဖြစ်နိုင်ဆုံးကို စပြီးတော့ စိတ်ကူးရတယ်။ မဖြစ်နိုင်ဖို့ကတော့ များတယ်” ဟု တန်က ပြောသည်။ သူက ထိုအချိန်တွင် Ngee Ann Polytechnic ကျောင်းတွင် ဒီဇိုင်းနှင့် တီထွင်မှုဆိုင်ရာ ဘာသာရပ်များကို သင်ကြားနေသည်။ 

သူက ကျောင်းသားလည်းဖြစ်၊ ငွေကြေးလည်း မတတ်နိုင်သဖြင့် ငွေကုန်ကြေးကျ အနည်းဆုံးဖြင့် လုပ်ငန်းစတင်ရန် စိတ်ကူးနေသည်။ သူ့မိဘတွေဆီကလည်း အထောက်အပံ့မယူ ကိုယ့်ဒူးကိုယ်ချွန်ချင်နေသည်။

သို့သော် သူ့ဖခင်နှင့် သူ့မိခင်က သူလုပ်မည့် အလုပ်ကို တိုင်းတာတွက်ဆပြသည်။ ကော်ဖီရောင်းသည့် အလုပ်သည် ကြီးပွားတိုးတက်နိုင်မည့် အလုပ်လောဟု သူတို့ သုံးသပ်ကြသည်။

ထိုအချိန်တွင် တန်က ကျောင်းရှိ သူ့သူငယ်ချင်း ဝတ်ဆင်နေသည် တီရှပ်များကို သတိထားမိသွားသည်။ တီရှပ်များကို အဆင်အသွေး အမျိုးမျိုး ဝတ်ဆင်ကြသဖြင့် တီရှပ်ဒီဇိုင်းများကို ပုံနှိပ်သည့် အလုပ်ကို လုပ်ဆောင်ရန် စိတ်ကူးမိသည်။ 

“ကျွန်တော် တီရှပ်ပုံနှိပ်တဲ့ လုပ်ငန်းကို လုပ်ဖို့ဆိုတာ နောက်ခံအားရှိမှ ဖြစ်မယ်။ ကျွန်တော့်အတွက်ကတော့ ကျွန်တော့် အတန်းသားတွေ အားကိုးနဲ့ တီရှပ်ပုံနှိပ်တဲ့ လုပ်ငန်းကို စပြီးတော့ လုပ်လိုက်တာပဲ”

သူ့အတွက် ပထမဆုံး တီရှပ်ပုံနှိပ်ရန် Westwood ကျောင်းက ၄၅ ထည် လာအပ်သည်။ သူက အကောင်းဆုံး လုပ်ပေးလိုက်ပြီးနောက် အခြားကျောင်းများကို ချိတ်သည်။ သူ့လက်ရာကို ကြိုက်ကြသဖြင့် အမှာတွေ ရလာသည်။ ယခုဆိုလျှင် တီရှပ်ပုံနှိပ်သည့် လုပ်ငန်းက သူ့ဝင်ငွေမှာ ဒေါ်လာ ၂၀၀၀ ခန့် လစဉ်ပုံမှန် ဖြစ်နေပြီ။

Typographic Apparels ဒီဇိုင်းအနေနှင့် သူငယ်ချင်းများကလည်း ဝိုင်းပြီးဆွဲပေးကြသည်။ သူက သူငယ်ချင်းများကို အကျိုးအမြတ်ထဲက ကော်မရှင်များပေးသည်။ တီရှပ်ကို ပုံနှိပ်ခြင်း ရောင်းချခြင်း လုပ်ငန်းကြီးနှစ်ခုကို ဦးဆောင်လာရသည့်အခါတွင် သူ့အတွက် အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ရန် လိုအပ်လာကြောင်း သူသိလာသည်။ သူ အင်္ဂလိပ်စကားကို လေ့လာရပြန်သည်။ သူက

“NFTE ပရိုဂရမ်က ကျွန်တော့်ဘဝကို ပြောင်းလဲပေးလိုက်တာပါပဲ။ ကျွန်တော့် အတွေးအမြင်တွေကိုပါ ပြောင်းလဲပေးလိုက်တယ်။ ဘာလုပ်လုပ် ကြိုးစားလုပ်မှ ရမယ်ဆိုတဲ့ အသိတစ်ခုကို ပေးလိုက်တယ်။ ကျွန်တော် မအောင်မြင်ရင်တောင် အတွေ့အကြုံတစ်ခု အနေနဲ့ လုပ်ကိုလုပ်ကြည့်ရမယ် ဆိုတဲ့ အသိကို ပေးခဲ့တယ်။ ဒါပေမဲ့ ဘယ်တော့မှ မဆုံးရှုံးရဘူးဆိုတဲ့ အသိနဲ့ ကျွန်တော် လုပ်နေပါတယ်”

လူငယ်များအနေနှင့် စွန့်ဦးတီထွင်ဆိုသည်မှာ ဘာကိုဆိုလိုကြောင်း တန်တစ်ယောက် ကောင်းကောင်း သက်သေပြနိုင်ခဲ့သည်။                     

E01
(Ref: He's just 19, Audrey Tan)