News

POST TYPE

EDITOR PICK POST

နောက် ၃၆ နာရီအတွင်း မြောက်ပိုင်းဒေသများတွင် မိုးကြီးနိုင်
19-Apr-2017 tagged as မိုးလေဝသ

ရန်ကုန်၊ ဧပြီ ၁၉

မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများအပေါ်သို့ လေဖိအားနည်းချိုင့်ဝှမ်း (မိုးတိမ်တိုက်) တစ်ခု ဖြတ်သန်းနိုင်သည့်အတွက် ယနေ့ (ဧပြီလ ၁၉ ရက်)မှစ၍ နောက် ၃၆ နာရီအတွင်း နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ယင်းကာလအတွင်း နေရာအနှံ့အပြား မိုးရွာနိုင်ပြီး နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ၎င်းက ခန့်မှန်း ပြောဆိုသည်။

မြန်မာနိုင်ငံမြောက်ပိုင်း အထက်အမြင့် ပေ ၅၀၀၀ တွင် တိုက်ခတ်လျက် ရှိနေသည့် အနောက်လေစီးကြောင်းများ၏ သယ်ဆောင်လာမှုကြောင့် မြောက်ပိုင်းဒေသများအပေါ်သို့ လေဖိအားနည်းချိုင့်ဝှမ်း (မိုးတိမ်တိုက်တစ်ခု) ဖြတ်သန်းခြင်းကြောင့်ဖြစ်ကြောင်း ဒေါက်တာထွန်းလွင်က ရှင်းပြသည်။

ယင်းသို့မိုးများနိုင်သည့်အတွက် မိုးအရှိန်ကြောင့် မြေပြိုခြင်း၊ ရုတ်တရက် ရေကြီးခြင်း၊ တောင်ကျချောင်းရေ ကျဆင်းခြင်းတို့ဖြစ်ပေါ်နိုင်ပြီး မိုးနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း ၎င်းက သတိပေးပြောကြားသည်။

ထို့ပြင် ဧရာဝတီမြစ်ရေနှင့် ချင်းတွင်းမြစ်ရေပါ မြင့်တက်လာနိုင်သည့်အတွက် မြစ်ကြီးများနှင့် မြစ်ငယ်များ အပါအဝင် ချောင်းများအနီး နေထိုင်သူများသည် ရုတ်တရက် ရေမြင့်တက်လာမှုကို သတိပြုရန် လိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

E-03