News

POST TYPE

EDITOR PICK POST

ဆိုင်ကလုန်းမုန်တိုင်း အနီရောင်အဆင့် သတ်မှတ်၊ သံတွဲမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည်
16-Apr-2017 tagged as မိုးလေဝသ

ရန်ကုန်၊ ဧပြီ ၁၆

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း 'မာရသာ'(Maarutha) သည် နောက် ၁၂ နာရီအတွင်း မြန်မာနိုင်ငံကမ်းခြေ၊ သံတွဲမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ယင်းမုန်တိုင်းကမ်းသို့ ဖြတ်ကျော်နေစဉ်အတွင်း မိုးများခြင်း၊ မိုးသည်းထန်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်နိုင်ကြောင်း အဆိုပါဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက သတိပေးပြောဆိုသည်။
"ဒီညပိုင်းလောက် မုန်တိုင်းဖြတ်နိုင်တယ်"ဟု ၎င်းက ဆိုသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် လက်ရှိတွင် မြန်မာနိုင်ငံ၊ ပုသိမ်မြို့၏ အနောက်-အနောက်မြောက်ဘက် (၁၀၅) မိုင်ခန့်၊ ဂွမြို့၏ အနောက်-အနောက်တောင်ဘက် (၉၅) မိုင်ခန့်၊ သံတွဲမြို့၏ အနောက်တောင်ဘက် (၁၀၅) မိုင်ခန့် နှင့်ကျောက်ဖြူမြို့၏ တောင်-အနောက်တောင်ဘက် (၁၃၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းချက် ထုတ်ပြန်သည်။

ယင်းဆိုင်ကလုန်းမုန်တိုင်းသည် သံတွဲမြို့အနီးမှ ဖြတ်ကျော်စဉ် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၅၀ မှ မိုင် ၆၀ အထိ တိုက်ခတ်နိုင်ပြီး မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၄၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

ဆိုင်ကလုန်းမုန်တိုင်း ဖြတ်ကျော်နေစဉ် မုန်တိုင်းဒီရေမှာ ရခိုင်ကမ်းရိုးတန်းဒေသ ကျောက်ဖြူမြို့၊ သံတွဲမြို့နင့် ဂွမြို့တို့၏ ကမ်းခြေဒေသများတွင် လေးပေမှ ခြောက်ပေခန့်၊ ဧရာဝတီတိုင်းဒေသကြီး ကမ်းခြေဒေသများတွင် နှစ်ပေမှ လေးပေခန့်အထိ မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားသည်။

ထို့ပြင် ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် ယနေ့မှ ဧပြီလ ၁၇ ရက်နေ့အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အောက် ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအာက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးမည်ဖြစ်သည်။ 

ယင်းသို့ မိုးကြီးနိုင်သည့်အတွက် ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းတို့ ဖြစ်ပေါ်လာနိုင်သည့်အတွက် ကုန်းမြင့်ဒေသများတွင် နေထိုင်သူများသည် သတိပြုကာကွယ်ရန် လိုအပ်ပြီး ကမ်းရိုးတန်းဒေသ နေထိုင်သူများနှင့် ငါးဖမ်းစက်လှေ၊ ရေယာဉ်လှေ၊ သင်္ဘောများ ထွက်ခွာခြင်းမပြုသင့်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

E-03