News

POST TYPE

EDITOR PICK POST

ZMA ကိုယ်ပိုင်ကျောင်း တည်ထောင်သူ ဦးကျော်မိုးနိုင်နှင့် တွေ့ဆုံခြင်း
11-Apr-2017 tagged as ပညာရေး


ကိုယ်ပိုင်ကျောင်းများနှင့် ပတ်သက်၍ မိဘများ၏ စိတ်ဝင်စားမှု၊ ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ ZMA (ဇမ္ဗူဒီပ မြန်မာ့အကယ်ဒမီ) ကိုယ်ပိုင် အထက်တန်းကျောင်း တည်ထောင်သူ ဦးကျော်မိုးနိုင်နှင့် တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။ 

Voice : ကိုယ်ပိုင်ကျောင်းတွေရဲ့ ငါးနှစ်သက်တမ်းအတွင်းမှာ ကျောင်းသားမိဘတွေရဲ့ စိတ်ဝင်စားမှု နည်းလာသလား၊ များလာသလား။ နည်းလာတယ်ဆိုရင် ဘာကြောင့် နည်းလာတယ်၊ များလာတယ်ဆိုရင်လည်း ဘာကြောင့် များလာတာပါလဲ။ 
UKMN : တစ်နိုင်ငံလုံးကို ခြုံကြည့်မည်ဆိုရင် ကိုယ်ပိုင်ကျောင်းတွေအပေါ် ကျောင်းသား မိဘများရဲ့ စိတ်ဝင်စားမှု အရမ်းကို ကောင်းပါတယ်။ အလယ် အလတ် ဝင်ငွေရှိတဲ့ မိဘတွေက အရည်အသွေးရှိတဲ့ ပညာရေး ရလိမ့်မယ်ဆိုတဲ့ အမြော်အမြင်နဲ့ ယုံကြည်မှု ရှိရှိနဲ့ စောင့်နေကြတာ။ ဘာကြောင့်လဲဆို မိဘအတော်များများ အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် တခြားနိုင်ငံတွေရဲ့ အဆင့်မြင့် ပညာရေးအကြောင်း နားလည်ကြတယ်။ အစိုးရအဖွဲ့အစည်းအနေနဲ့ ချက်ချင်း ပြောင်းလဲနိုင်မှာ မဟုတ်ဘူး ဆိုတာကိုလည်း သိကြတယ်။ တစ်ချိန်တည်းမှာ သူတို့ သားသမီးတွေကို တခြားနိုင်ငံကျောင်းတွေမှာ သွားထားဖို့ ဒါမှမဟုတ် နိုင်ငံတွင်းမှာရှိတဲ့ အကုန်အကျ များမယ့် နိုင်ငံတကာ ကျောင်းတွေမှာလည်း ထားနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ကိုယ်ပိုင်ကျောင်းတွေကို မိဘတွေ အများစုက စိတ်ဝင်စားကြမှာပါ။

Voice : ကျောင်းတွေက တစ်နှစ်ထက်တစ်နှစ် များလာတယ်။ ပြိုင်ဆိုင်မှုလည်း အားကောင်းလာမှာပါ။ ဆိုတော့ တစ်နှစ်ပြီးတစ်နှစ် ဆက်ရပ်တည်နိုင်အောင် စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ဘာရှိပါသလဲ။ 
UKMN : အပြိုင်အဆိုင်ရှိတာဟာ စားသုံးသူ မိဘ တွေအတွက်ကော လုပ်ငန်းရှင်တွေ အတွက်ရော ကောင်းတဲ့လက္ခဏာပါ။ ဒါမှလည်း ကောင်းမွန်တဲ့ ပညာရေးဘက်ကို ဦးတည်ပြီး ရှေ့ဆက်မှာပေါ့။ တစ်ချိန်တည်းမှာပဲ ပြဿနာတွေလည်း အများကြီး ရှိလာနိုင်ပါတယ်။ လုပ်ငန်းရှင် အချင်းချင်း ဒါမှမဟုတ် ဌာနဆိုင်ရာနဲ့ ကိုယ်ပိုင်ကျောင်းတွေအကြား အချိန်မီ ထိရောက်တဲ့ ပူးပေါင်း ဆောင်ရွက်မှု မရှိရင် အခက်အခဲတွေ ပိုကြုံတွေ့ရမှာပါ။ ဥပမာ - ရန်ကုန်မြို့လို မြေနေရာ အဆမတန် ဈေးကြီးတဲ့နေရာတွေမှာ အစိုးရက ကျောင်းတစ်ကျောင်းချင်းစီရဲ့ အခြေခံမြေနေရာ၊ အဆောက်အအုံတွေ တိတိကျကျနဲ့ စံနှုန်းနဲ့အတူ သတ်မှတ်လာရင် အများအားဖြင့် ကျောင်းတွေဟာ အခက်အခဲနဲ့ ရင်ဆိုင်ရမှာပါ။ ဒါကြောင့် အစိုးရအနေနဲ့ ပူးပေါင်း ကူညီတဲ့ မူဝါဒကို လက်ခံ ကျင့်သုံးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အရင်းအနှီးကောင်းရှိပြီး မြေနေရာကောင်း ရရှိပိုင်ဆိုင်ထားတဲ့ လုပ်ငန်းရှင်ကြီးတွေ ပညာရေး ဝန်ဆောင်မှုဘက် တိုးဝင်လာတာတွေလည်း ရှိပါတယ်။ ကောင်းတဲ့လက္ခဏာပါ။ ဒါပေမဲ့ အခုမှ စလုပ်နေတဲ့ ကျောင်းလေးတွေ အတွက်တော့ စိန်ခေါ်မှုပါပဲ။ 

Voice : လက်ရှိမှာ ကိုယ်ပိုင်ကျောင်း ဥပဒေပါ ပြဋ္ဌာန်းချက်တွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ စည်းကမ်းချက်တွေရော အဆင်ပြေရဲ့လား။ ဘာတွေ အခက်အခဲများ ရှိပါသေးလဲ။  
UKMN : လက်ရှိမှာ ပညာရေး ဥပဒေသစ်တွေ ထွက်လာတာတော့ မသိသေးဘူးပေါ့နော်။ နဂိုအစိုးရလက်ထက်က ထုတ်ပြန်တဲ့ ဥပဒေကလည်း အသက်မဝင်ပါဘူး။ အသစ်လည်း ထွက်မလာ အဟောင်းလည်း အသက်မဝင်ဆိုတော့ တစ်ခါတလေလည်း ဟို Policy Paralyzed လို ဖြစ်တာပေါ့။ ဒါပေမဲ့ အမြန်ဆုံးတော့ ထွက်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အကြံပြုချင်တာကတော့ မူဝါဒ ရေးဆွဲတဲ့ နေရာမှာ ပုဂ္ဂလိက သက်ဆိုင်ရာ လုပ်ငန်းရှင်တွေကိုပါ ဖိတ်ခေါ် အကြံဉာဏ် ယူသင့်ပါတယ်။ ဒေါ်လာသန်းချီ ရင်းနှီးထားတဲ့ ဒီလုပ်ငန်းရှင်တွေမှာလည်း အစိုးရကို ပေးနိုင်မယ့် အကြံကောင်းတွေရှိမှာပါ။ တစ်ချိန်တည်းမှာ သူတို့ ကိုယ်စားပြုမယ့် အဖွဲ့အစည်း (ကိုယ်ပိုင်ကျောင်းများ) ရဲ့ အခက်အခဲတွေကိုပါ နားထောင် ဆွေးနွေးပြီး ဥပဒေ ပြဋ္ဌာန်းရင်တော့ ပိုပြီး ကောင်းလိမ့်မယ်လို့ယုံကြည်ပါ တယ်။ အစိုးရက ချမှတ်မယ့်ဘောင်တွေ၊ သတ်မှတ် အရည်အချင်းတွေ၊ ဥပဒေအတွင်းကနေပြီး ကိုယ်ပိုင် ပြဋ္ဌာန်းသင်ရိုးတွေကို သင်ကြားခွင့် ပေးသင့်တယ်လို့ ယုံကြည်ပါတယ်။ ကိုယ်ပိုင်ကျောင်းတွေက နိုင်ငံတွင်း သာမက နိုင်ငံခြားက လူအရင်းအမြစ်တွေပါ ခေါ်ယူသုံးစွဲမယ်ဆိုရင် တရားဝင်ခွင့်ပြုပြီး ကူညီသင့်တယ်လို့ ထင်ပါတယ်။

Voice : ဥပဒေကြောင့် မဟုတ်ဘဲ တခြားရော ဘာအခက်အခဲရှိဦးမလဲ။ 
UKMN : ဒသမတန်း(ဆယ်တန်း) ကလွဲလို့ တခြား အတန်းစာမေးပွဲစနစ်ကိုလည်း ပိုပြီး လုပ်ပိုင်ခွင့်ပေးသင့်တယ်လို့ ယူဆပါတယ်။ တစ်နာရီခွဲ နှစ်နာရီမေးခွန်း နဲ့သာ အရည်အချင်း ဆုံးဖြတ်တာမျိုး မဟုတ်ဘဲ ဘက်စုံ အကဲဖြတ်၊ ဆုံးဖြတ်တဲ့စနစ်တွေ မကြာခင် စတင်လာလိမ့်မယ်လို့ ယုံကြည်တယ်။ ကိုယ်ပိုင်ကျောင်းတွေ (အဖြစ်နိုင်ဆုံ အားလုံး)ပေါင်းပြီး ပါတီနိုင်ငံရေး အစွဲကင်းတဲ့ အဖွဲ့အစည်းတစ်ခု ရှိသင့်ပြီလို့ ထင်ပါတယ်။ အချင်းချင်း ပိုနားလည်၊ လက်တွဲမှု ရှိလာမှာ ဖြစ်ပြီး လုပ်ငန်းရှင် အချင်းချင်း စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကိုပါ ချမှတ်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ ဒီအဖွဲ့အစည်းကို အစိုးရကပါ အသိအမှတ်ပြုမယ် ဆိုရင်တော့ အကျိုးများမှာပါ။ မူဝါဒနဲ့ မဟာဗျူဟာ ရေးဆွဲတဲ့နေရာမှာ ပါဝင်အကြံဉာဏ်ပေးနိုင်မှာ ဖြစ်သလို ကိုယ်ပိုင်ကျောင်းတွေရဲ့ အခက်အခဲတွေကိုလည်း သက်ဆိုင်သူတွေထံ တင်ပြဖို့ အကူအညီ ရမယ်လို့ ယုံကြည်တယ်။

ရွှေ့ပြောင်း အလုပ်သမားတွေ အနေနဲ့ တခြား နိုင်ငံတွေကို ရောက်ရှိနေတဲ့ မိဘတွေရဲ့ ကလေးတွေ ကိုယ့်နိုင်ငံကိုပြန်လာပြီး ပညာကိုဆက်သင်ဖို့ လာအပ်ကြတယ်။ ဒီနေရာမှာ ဒီကလေးတွေဟာ ပြန်လာတဲ့ နိုင်ငံအသီးသီးမှာ မြန်မာစာ၊ မြန်မာ့သမိုင်း၊ ပထဝီဝင် ဘာသာတွေကို သင်ကြားခွင့်ရတာ မရှိဘူး။ မရှိတော့ ဒီကိုပြန်ရောက် တိုင်းပညာရေးဌာနက စိစစ်တဲ့ မေးခွန်းတွေကို ဖြေဖို့ဆိုတာ သိပ်မလွယ်ဘူး။ ဒီလိုကလေးတွေ တော်တော်များများ မြန်မာနိုင်ငံကနေ အဲဒီနိုင်ငံတွေ ကိုသွားတဲ့ အချိန်မှာလည်း တစ်တန်း၊ တချို့ဆိုရင် နှစ်တန်းထိ အလျှော့ခံရပြီး ကျောင်းနေကြရတယ်။ အခုဒီကိုပြန်ရောက်တော့လည်း အတန်း လျှော့ခံရမယ်ဆိုရင် ထပ်ပြီး နစ်နာမှာပါ။ အဲဒီအတွက် ဌာနဆိုင်ရာက အဲဒီလို ကလေးတွေကို နိုင်ငံတကာမှာ လုပ်လေ့ လုပ်ထရှိတဲ့ Equivalent စာမေးပွဲ စစ်ယူပြီး ရှေ့ဆက် သင်ယူနိုင်မယ့် အခွင့်အရေး လုပ်ပေးသင့်တယ်လို့ ယူဆပါတယ်။

Voice : နောက်ဆုံးအနေနဲ့ ဘာများ ထပ်ပြောချင်တာ ရှိဦးမလဲ။ 
UKMN : မြန်မာနိုင်ငံ စီးပွားရေးကြောင့်လား မသိဘူး။ အများအားဖြင့် မိဘတွေက ကလေးတွေကို အတန်းကြီးရောက်မှ ကိုယ်ပိုင်ကျောင်းတွေကို ပို့ကြတယ်။ အမှန်ဆိုရင် အတန်းငယ်ကတည်းက ပို့သင့်တာပါ။ ဒါတွေလည်း တဖြည်းဖြည်းတော့ တိုးတက် လာမယ်လို့ ယုံကြည်ပါတယ်။ မိဘတွေအနေနဲ့ ကျောင်းရွေးတဲ့အချိန်မှာ ဘက်စုံဖွံ့ဖြိုးရေးကို ဦးစားပေး သင်ကြားတဲ့ကျောင်းကို ရွေးချယ်သင့်တယ်လို့ အကြံပြုချင်ပါတယ်။                                    

နေဇာကျော်