News

POST TYPE

EDITOR PICK POST

ငါးနှစ်သား ကိုယ်ပိုင်ကျောင်းများ
11-Apr-2017 tagged as ပညာရေး


ကိုယ်ပိုင်ကျောင်းများ ဖွင့်လှစ်ခဲ့သည့်မှာ ငါးနှစ် သက်တမ်းရှိပြီ။ ငါးနှစ်အတွင်း ကိုယ်ပိုင် ကျောင်းဖွင့်လှစ်သည့် အရေအတွက် တိုးလာသလို ဈေးကွက်တွင် ပြိုင်ဆိုင်မှုကလည်း ပြင်းထန်လာသည်။

ကိုယ်ပိုင်ကျောင်းများကို ဥပဒေ ပြဋ္ဌာန်းအပြီး ခြောက်လခန့်အကြာ (ဒီဇင်ဘာလမှ ဇွန်လ ကျောင်းဖွင့်ချိန်) ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ဖွင့်လှစ်ခွင့် ပြုခဲ့သည်။ 

ထိုနှစ်က တစ်နိုင်ငံလုံးတွင် ကိုယ်ပိုင်ကျောင်း ၆၅ ကျောင်းကို ဥပဒေအရ စတင် ဖွင့်လှစ်ခွင့်ပြုခဲ့သည်။

ကိုယ်ပိုင်ကျောင်းများ စတင် ဖွင့်လှစ်ခွင့်ပြုသည့် နှစ်မှစ၍ ငါးနှစ်အကြာ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင်မူ တစ်နိုင်ငံလုံးတွင် ကိုယ်ပိုင်ကျောင်း ၅၈၅ ကျောင်း အထိ ရှိလာသည်။ 

ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ပင် ကိုယ်ပိုင်ကျောင်း ၁၆၀ ရှိပြီး အထက်တန်းအဆင့်သင်ကျောင်း ၁၂၃ ကျောင်း၊ အလယ်တန်းအဆင့် သင်ကျောင်း ၉ ကျောင်း၊ မူလတန်းအဆင့်သင်ကျောင်း ၂၈ ကျောင်း အထိရှိခဲ့သည်။ 

ကိုယ်ပိုင်ကျောင်းများအပေါ် ကျောင်းသား မိဘများ၏ တိုင်းတာမှုက အောင်ချက်။ သည်တော့ အောင်ချက်မြင့်မားရေးက ကိုယ်ပိုင်ကျောင်းများအတွက် အရေးကြီးသည့် စိန်ခေါ်မှုတစ်ခု ဖြစ်နေသည်။

ကျောင်းများ အောင်ချက် မြင့်မားရေးမှာလည်း သင်ကြားပြသမှု ကောင်းမွန်သည့်၊ စေတနာ ကောင်းမွန်သည့် ဆရာကောင်း ရရှိရေးက ပိုအရေးကြီးသည်ဟု ပြောနိုင်မည်။

ငွေကြေး တတ်နိုင်သည့် ကျောင်းသား မိဘများ၏ စိတ်ဝင်စားမှုကလည်း တစ်နှစ်ထက်တစ်နှစ် များလာသည်။ အောင်ချက် ကောင်းမှ၊ ဆရာကောင်းမှ၊ စည်းကမ်း ကောင်းမှသာ နောင်နှစ် ကျောင်းသား တိုးလာရေး ဆွဲဆောင်နိုင်မည်ဖြစ်သည်။ မိဘများ မျက်စိကျမည်ဖြစ်သည်။ 

ယင်းအပြင် ဗလငါးတန် ဖွံ့ဖြိုးရေးအတွက် အစီအစဉ်များ နေရာထိုင်ခင်း၊ သွားလာရေးလွယ်ကူမှုနှင့် ပတ်ဝန်းကျင် အခြေအနေတို့ကလည်း အရေးကြီးသည်။

ဈေးကွက်ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာသည်နှင့်အမျှ ဝန်ဆောင်မှု ကောင်းရန် အောင်ချက် ကောင်းရန် အပြိုင်အဆိုင် လုပ်လာရသည်။

ကုန်ဈေးနှုန်းတက်၍ စရိတ်များလည်း တစ်နှစ်ထက်တစ်နှစ် တိုးလာသည်။ ပိုလာသည်။ သို့သော် ကျောင်းလခ တိုးယူဖို့က မလွယ် တခြားကျောင်းများထက် မပိုလွန်း၊ မလျော့လွန်းသည့်နှုန်း ဖြစ်စေရန်ကိုလည်း သတိထားကြရသည်။

ဝန်ဆောင်မှုထက် စရိတ်က ပိုများနေလျှင်လည်း ကျောင်းသားမိဘက ရွေးချယ်မည် မဟုတ်။ စရိတ် သင့်တင့်သော်လည်း ဝန်ဆောင်မှု အားနည်းလျှင်လည်း ရွေးမည်မဟုတ်။

ရန်ကုန်မြို့ရှိ ကိုယ်ပိုင် အထက်တန်းကျောင်း တစ်ခုမှ ကျောင်းတည်ထောင်သူတစ်ဦးက “အခက်ဆုံးက မြန်မာနိုင်ငံမှာ မြေနေရာ၊ မြေက တအား ဈေးကြီးတယ်။ ကွင်းကျယ်တွေ မယူနိုင်ဘူး။ ဧရိယာကြီးကြီးနဲ့ ကျောင်းလုပ်နိုင်တယ်ဆိုတာ တကယ်ရှားတယ်”ဟု ပြောကြားသည်။

ကိုယ်ပိုင်ခြံမြေ မရှိလျှင် ခြံမြေငှားရမ်းခသည်လည်း တစ်နှစ်ထက် တစ်နှစ် ပိုများလာသည်။ အချို့ဆိုလျှင် ငှားရမ်းထားသည့် အိမ်၊ ရှိသည့်မြေနေရာကို အထပ်မြင့် ဆောက်ကြသည်။ ထို့ပြင် တိုက်ခန်းဖြင့် ကိုယ်ပိုင်ကျောင်း ဖွင့်ထားရသည်များလည်း ရှိသည်။ (မြို့ပေါ် အစိုးရကျောင်းများပင်လျှင် အထပ်မြင့် ဆောက်ထားရခြင်း၊ ကျပ်သိပ်နေခြင်း၊ မြေပြင် အားကစားကွင်း မရှိခြင်းများ ရှိသည်။) ထိုအချက်များသည်ကား ကိုယ်ပိုင်ကျောင်းထောင်သူများ နှစ်စဉ် ခေါင်းကိုက်ရသည့် အချက်ဖြစ်သည်။

ထို့ကြောင့် အချို့ ကိုယ်ပိုင်ကျောင်းများသည် ကျောင်းသားများ၏ ဗလငါးတန် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကျယ်ကျယ်ဝန်းဝန်း၊ လွတ်လွတ်လပ်လပ် လုပ်နိုင်စေရန် အခက်အခဲ ရှိနေပြီး ယင်းသို့ နေရာထိုင်ခင်းအပေါ် အစိုးရက စည်းကမ်းတင်းကျပ်လျှင် အခက်အခဲ ထပ်ပေါ်လာမည်ဟု ကိုယ်ပိုင်ကျောင်း တည်ထောင်သူများက ဆိုသည်။ 

ငါးနှစ်သား ကိုယ်ပိုင်ကျောင်းများ၏ စိန်ခေါ်မှု၊ အခက်အခဲများက ထို့ထက်မက။

“လက်တင် အမေရိကလေးများ”

မန္တလေးမြို့ရှိ ကိုယ်ပိုင် အထက်တန်းကျောင်းတစ်ခုတွင် စာသင်သည့် ဆရာမတစ်ဦးက ထိုသို့ တင်စား ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အဓိပ္ပာယ်က ကိုယ်ပိုင်ကျောင်းတွင် ကျောင်းနေသည့် ကျောင်းသားအချို့ “စားပွဲပေါ်လက်တင်ပြီး စာလုပ်လိုက်သည်နှင့် အမေဖြစ်သူက လိုလေသေးမရှိ အစစ အရာရာ ဖြည့်ဆည်းပေးရန် ရောက်လာတတ်ခြင်းဖြစ်သည်”ကိုဆိုလိုကြောင်း ထိုဆရာမက ရှင်းပြသည်။

မန္တလေးမြို့ ကိုယ်ပိုင်ကျောင်းတစ်ခုတွင် ဖြစ်ပါသည်။ ကျောင်းသားတစ်ဦး နေ့လယ်စာ ထမင်းစားရန် ဇွန်းမပါလာသဖြင့် ဆရာမထံ ဇွန်းလာငှားသည်။ ဆရာမက ဇွန်းတစ်ချောင်း ထုတ်ငှားလိုက်သည်။

ထိုကျောင်းသား ချက်ချင်း ပြန်လှည့်မသွား။ ဆရာမ ဖြစ်သူကို ရပ်ကြည့်နေသည်။ ဆရာမဖြစ်သူက ဘာကိစ္စများ ရှိသေးသလဲဟု အကျိုး၊ အကြောင်းမေးသည်။ ထိုအခါ ဇွန်းငှားသည့်ကျောင်းသားက ငှားပြီး ဇွန်းပြန်ပေးရန် မည်သို့ ဆေးကြောရမည်ကို မသိ။ ဆရာမဖြစ်သူ၏ဇွန်း ငှားထားသောကြောင့် မဆေးကြောဘဲ ပြန်ပေးလျှင်လည်း မကောင်း။ ထို့ကြောင့် မည်သို့ လုပ်ရမည်ကို မေးရန် ရပ်ကြည့်နေခြင်းဖြစ်ကြောင်း ကိုယ်တိုင် တွေ့ကြုံရသည့် ၎င်းကဆိုပါသည်။

ကိုယ်ပိုင်ကျောင်းများတွင် လာထားသည့် ကျောင်းသားအားလုံး တော်၍ထားခြင်း မဟုတ်။ တတ်နိုင်၍ ထားခြင်းဖြစ်သည်ဟု ကိုယ်ပိုင်ကျောင်းသင် ဆရာမက ဆိုသည်။ ထို့ကြောင့် ကျောင်းသား အများစုသည် ဘဝဆန်ဆန်၊ လက်တွေ့ကျကျ ဖြတ်သန်းမှု အားနည်းသည်။ အချို့သည် မိမိတစ်ကိုယ်ရေ တာဝန်ကိုပင် ကောင်းမွန်၊ ကျွမ်းကျင်စွာ မလုပ်တတ် မကိုင်တတ်။

“မိဘတွေရဲ့ လောဘများတယ်”ဟု ထိုဆရာမ က မှတ်ချက်ပေး ပြောကြားသည်။

သို့သော် ထိုအချက်သည် ကိုယ်ပိုင်ကျောင်းများတွင်သာ ဖြစ်သည်မဟုတ်။ အစိုးရ အခြေခံပညာ ကျောင်းများတွင်လည်း ရှိသည်။ ငွေကြေးတတ်နိုင်သည့် မိသားစုဝင် ကျောင်းသားများတွင် အဖြစ်များလေ့ရှိသည်ဟု ပညာရေး စိတ်ပညာရှင်များက သုံးသပ်သည်။

အလယ်တန်းအဆင့်ဆိုလျှင်ပင် မိမိလွယ်အိတ်၊ မိမိထမင်းချိုင့်ကို သယ်နိုင်နေပြီဖြစ်သည်။ ထို့ကြောင့် နိုင်မည့်ဝန်ကို ကျောင်းသား ကိုယ်တိုင်လုပ်စေရန် မိဘများက အားပေးရန် ပညာရေး စိတ်ပညာရှင်များက တိုက်တွန်းသည်။

“ပုံမှန် လုပ်နိုင်ရမယ့်ဟာတွေ မလုပ်နိုင်တဲ့အခါ သူတို့ရဲ့ပုံစံတွေက သူများအပေါ် မှီခိုအားထားတာတွေ ဖြစ်လာကြတယ်။ ကိုယ်တိုင် အကျိုး၊ အကြောင်း စဉ်းစားတတ်လာအောင် လေ့ကျင့်ပေးဖို့ အများကြီး လိုတယ်”ဟု ပညာရေး စိတ်ပညာရှင် ဒေါက်တာသိန်းလွင်က သတိပေးသည်။

မိဘများအတွက်တော့ မိမိတို့ သားသမီးများကို အကောင်းဆုံး ပေးချင်သည့် စိတ်သာ ရှိကြသည်။

ယင်းကြောင့်ပင် ယခု နောက်ပိုင်းတွင် တတ်နိုင်သူများက အစိုးရကျောင်းထက် ကိုယ်ပိုင်ကျောင်းများကို ပိုမိုရွေးချယ်လာကြသည်။

ကိုယ်ပိုင်ကျောင်းများကို ရွေးချယ်ခြင်းမှာ မိမိက ဈေးဝယ်သူအဖြစ်(Customer)အဖြစ် သဘော ထားနိုင်ပြီး မိမိတက်သည့်ကျောင်းနှင့် ပတ်သက်၍ ကျောင်းသားနှင့် မိဘက ပွင့်ပွင့်လင်းလင်း ဝေဖန်၍ရသည်။ သင်ကြားနည်းစနစ် မကောင်းလျှင်မကောင်း၊ မကြိုက်လျှင်မကြိုက် ပြောရဲဆိုရဲရှိသည်။ ရန်ကုန်မြို့ အတွင်းမှ ကျောင်းသားမိဘ တစ်ဦးက ဆိုသည်။

ထို့ပြင် ကျောင်းသား အနေနှင့်လည်း အစိုးရ ကျောင်းထားသည်နှင့်မတူဘဲ မိမိကိုယ်တိုင် ယုံကြည်မှုပိုရှိလာခြင်း၊ လွတ်လွတ်လပ်လပ် သင်ယူနိုင်ခြင်း ရှိသည်ဟု ဆိုသည်။ 

အစိုးရကျောင်းရှိ ကျောင်းသားများသည် ဆရာ၊ ဆရာမများရှေ့တွင် ကြောက်ရွံ့နေသည်မျိုးရှိသည်ဟု ခံစားရပြီး ကွယ်ရာတွင်မူ ပုံစံတစ်မျိုးအဖြစ် များသောကြောင့် ကျောင်းသားများ အနေနှင့် မလွတ်လပ်သည့်ပုံစံဟု ကျောင်းသားမိဘအချို့က ယူဆကြသည်။

သို့သော် ကိုယ်ပိုင်ကျောင်းများကို မယုံကြည်သည့် ကျောင်းသားမိဘများလည်း ရှိသည်။ ငွေကြေး တတ်နိုင်သည်။ သို့သော် ကိုယ်ပိုင်ကျောင်းကို မထား။ အကြောင်းက ကိုယ်ပိုင်ကျောင်း အချို့သည် မယုံရ။ စည်းကမ်း လျော့ရဲသည်။ အောင်ချက် ရာနှုန်းပြည့်ရေး စာမေးပွဲတွင် မသမာမှုများ ပြုလုပ်နိုင်သည်။ မိမိ သား၊ သမီး ပျက်စီးနိုင်သည်။ ကြိုးစား အားထုတ်လိုစိတ် လျော့နည်းစေသည်ဟု ရန်ကုန်မြို့ရှိ ကျောင်းသူမိဘ တစ်ဦးက ပြောဆိုခြင်းဖြစ်သည်။

ကိုယ်ပိုင်ကျောင်းများကို စိတ်ပျက်သည့် မိဘများကလည်း အစိုးရကျောင်းကို ပြောင်းထားသည်။ သို့သော် ဆန့်ကျင်ဘက် အနေနှင့် ကိုယ်ပိုင်ကျောင်း၊ နိုင်ငံတကာ ကျောင်းများသည် သား၊ သမီး ပညာရေးအတွက် ထိရောက်သည်။ အခြေခံခိုင်သည်။ ဘာသာ စကား ကျွမ်းကျင်မှု စိုးရိမ်စရာ မလို။ တိုးတက်မှု သိသိသာသာ မြင်နိုင်သည်။ အစိုးရကျောင်းတွင် ထိုသို့ မဟုတ်။ နှေးသည်ဟု ယူဆသည့် မိဘများလည်းရှိသည်။

ထိုသို့ အပြန်အလှန် ကိုယ်ပိုင်ကျောင်းက ကောင်းသည်။ အစိုးရကျောင်းများက အခြေခံမခိုင်။ ကိုယ်ပိုင်ကျောင်းများကို မယုံရဲ၊ ကျောင်းထားရန်လည်း စရိတ် မတတ်နိုင် စသည်ဖြင့် လူတန်းစား အခြေအနေ၊ အယူအဆ မတူညီသည့် ကျောင်းသားမိဘများလည်း ရှိသည်။

သို့သော် ပညာရေး အခွင့်အလမ်း ရွေးချယ်ခွင့် မသာသည့် ကျောမွဲ လူတန်းစားအတွက် အစိုးရကျောင်းများ၏ အခန်းကဏ္ဍ အရေးပါဦးမည်သာ။ ထို့အတွက် အစိုးရ ပညာရေးစနစ် ကောင်းမွန်ရေး အရေးကြီးသည့် အချက်ဖြစ်သည်။ 

ယင်းအတွက် အစိုးရကျောင်း ဆရာများ၏ အရည်အသွေး၊ သင်ကြားနည်းစနစ်၊ ပြဋ္ဌာန်းသင်ရိုး၊ သင်ထောက်ကူပစ္စည်း၊ ဆရာကျောင်းသား အချိုး စသည့် အခြေအနေများက စိန်ခေါ်မှု ရှိနေဆဲဖြစ်သည်။

အစိုးရကျောင်းများသည် တစ်နိုင်ငံလုံး တစ်မူတည်းသာရှိပြီး ကိုယ်ပိုင်ကျောင်းများမှာမူ ကျောင်း တစ်ရာရှိလျှင် မူဝါဒတစ်ရာ ရှိနိုင်သည်။ ဆိုလိုသည်က ပညာရေးဝန်ကြီးဌာန အသိအမှတ်ပြု ဘာသာရပ် သင်ရိုးများ သင်ကြားရသည် ဆိုသော်လည်း မိမိစိတ်ကြိုက် ဖန်တီးပုံဖော်ခွင့် ရှိသည်။ မိဘများအတွက်လည်း ရွေးချယ်ခွင့် ပိုများသည်။

ကိုယ်ပိုင်ကျောင်းများ၏ ငါးနှစ်တာ ခရီးမှာ ကြမ်းတမ်းခဲ့သည် ဆိုသော်လည်း ယခုတွင်တော့ ရွေးချယ်စရာ ကိုယ်ပိုင်ကျောင်းများစွာ ရှိနေပြီဖြစ်သည်။

ကိုယ်ပိုင်ကျောင်းများ၏ အခက်အခဲများကတော့ ရှိနေဆဲ။ ယင်းနှင့်ပတ်သက်၍ ကိုယ်ပိုင်ကျောင်းထောင်ထားသူ တစ်ဦးက “ကိုယ်ပိုင်ကျောင်းတွေကို လွတ်လွတ်လပ်လပ် လုပ်ခွင့်တွေ ပိုပေးလာရင် အခုထက် ပိုတိုးတက်သွားမယ်”ဟု ဆိုလိုက်သည်။

နေဇာကျော်